သတင်း

ဘူးသီးတောင် ပေါက်ကွဲမှု မွတ်ဆလင်ကလေး ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မေလ ၁၂ ရက်နေ့ မွန်းလွဲ ပိုင်းက မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဆယ်ကျော်သက် အရွယ် မွတ်ဆလင်ကလေး ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ မွတ်ဆလင်ကလေးငယ်များမှာ ရွာချေ မွတ်ဆလင် ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်အဒူလာမီ နှင့် အသက် ၁၀ နှစ်အရွယ် မရဟမ်းနားတို့ ဖြစ်ပြီး ဒဏ်ရာ ရရှိသူမှာ ဖုန်ညိုလိပ် မွတ်ဆလင်ရွာမှ အသက် ၈ နှစ်အရွယ် မရှာကေးဒါဘီဘီ တို့ ဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြောသည်။

သေဆုံးသူ မောင်အဒူလာမီ၏ မိခင် ဒေါ်အာစူ က “မနေ့က နေ့လည်ပိုင်း လောက်မှာ ကလေးတွေက သရက်ပြင်ရွာထဲကို ထင်းချောင်းကောက်ဖို့ သွားကြတာ။ အဲဒီမှာ ဘေးနားမှာ နွားကျောင်းနေတဲ့ ကလေးတွေလည်း သရက်သီး ခူးမယ်ဆိုပြီး လိုက်သွားကြ တယ်လို့ပြောတယ်။ မိုင်းဗုံး ပေါက် သံကြားတော့ ကျမက လိုက်သွားတဲ့အခါ ကလေး တွေက သေသူ သေ။ ဒဏ်ရာရသူကရ အဲလိုသွား တွေ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

သရက်ပြင် ရခိုင်တိုင်းရင်းသားရွာနှင့် ရွာချေ မွတ်ဆလင်ရွာတို့မှာ လမ်းမတခုသာခြားသည်။

လွန်ခဲ့သော ၅ လခန့်က အဆိုပါ သရက်ပြင်ရွာနှင့် ရွာချေ ရွာတို့မှာ တိုက်ပွဲကြောင့် ရွာမီး လောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာအတွင်း လူနေထိုင်မှုမရှိဘဲ ချုံနွယ် ပိတ် ပေါင်းများထကာ ရွာပျက်ကဲ့သို့ ဖြစ်နေကြောင်းလည်း သိရသည်။

ထိုသို့ ရွာမီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် သရက်ပြင်ကျေး ရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလှုံသွားကြသလို ရွာချေ မွတ်ဆလင်ကျေး ရွာသားများ မှာလည်း ဖုန်ညိုလိပ် ကျေးရွာ အနီးရှိ ရှာကေ ရွာသို့ ဝင်ရောက် ခိုလှုံနေရကြောင်းလည်း မွတ်ဆလင် ကျေးရွာသားများက ပြောသည်။

ဒေါ်အာစူက “ကျမတို့ရွာက မီးလောင်သွားလို့ ရှာကေ ရွာမှာ ပြောင်းရွှေ့နေထိုင်တာပါ။ သရက်ပြင် ရွာမှာလည်း လူမနေတော့ဘူး။ မနေ့က ကျမတို့ ကလေးတွေကို သွားကြည့်တဲ့အခါ သရက်ပြင် တံတားမှာတော့ တပ်မတော်သားတွေကို တွေ့တယ်။ သူတို့ကလည်း ဘာမှ တော့ မပြောဘူး။ ကျမမှာ ဒီသားလေး တယောက်ပဲ ရှိတာ” ဟု ပြောသည်။

နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် သရက်ပြင် ကျေးရွာအနီးရှိ တံတားပေါ်တွင် တပ်မတော်စစ်ကြောင်းက လုံခြုံရေးယူပြီး တပ်စွဲ နေထိုင်ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။

ဖုန်ညိုလိပ် မွတ်ဆလင်ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရော်ဖီးကတော့ “မနေ့ ပေါက်ကွဲမှု ဖြစ်လို့ ကလေး ၂ ယောက်သေတယ်။ ၁ ယောက်ကတော့ ဒဏ်ရာပြင်းလို့ ဆေးရုံတင်ထားရတယ်။ ဘယ်လို ပေါက်ကွဲတယ် ၊ ဘာသွားလုပ်ကြတယ် ဆိုတာတော့ ကျနော်လည်း အတိအကျ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ဖုန်ညိုလိပ်ကျေးရွာမှ မရှာကေးဒါဘီဘီ မှာ ဒဏ်ရာများ ပြင်းထန် သည့်အတွက် ဘူးသီးတောင် ဆေးရုံမှနေ တဆင့် မောင်တော ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုခံယူနေရကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။

မေလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် အတွင်း လက်နက်ကြီး ကျ၍ မွတ်ဆလင် ကျေးရွာသား ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း အဆိုပါ ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် မွတ်ဆလင် ကျေးရွာသားများ ရွာအနီးတောင်ပေါ်သို့ ထင်း ခုတ်ရန် သွားရောက်စဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရွာသား ၄ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

You may also like these stories:

တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

ပုဏ္ဏားကျွန်း ဒေသခံများကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားများ အရေးယူခံရ

AA အမာခံများ ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် ပုဏ္ဏားကျွန်းက ကျေးရွာတခု စစ်ဆေးခံနေရ

Did you find apk for android? You can find new Free Android Games and apps.
Loading