မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု လျော့ကျလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် မေလ ၁၃ ရက်နေ့ည ၈ နာရီ အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၈၁ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကြောင်း သိရပြီး ထိုအထဲမှ ရောဂါပိုးကင်းစင်လာသူ ၇၉ ဦးရှိသည့် အနက်မှ ၆၆ ဦးကို ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ပြီ ဖြစ်သည်။
မေလအတွင်း ရောဂါပိုးမတွေ့သည့် ရက် ၆ ရက်ရှိခဲ့ပြီး ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစု ပေါင်း ၃၀ ဦးသာ ထပ်မံတိုးခဲ့ပြီး ထိုသူတို့သည်လည်း ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများ ဖြစ်သည်။
လတ်တလော ကူးစက်မှုနှုန်း လျော့နေသည့် အနေအထားသည် သင်္ကြန်တွင်းကာလ၌ ပြည်သူများအနေဖြင့် stay home နေခဲ့ခြင်း၊ ပြည်တော်ပြန်များ Quarantine ကာလအတွင်း စည်းကမ်းလိုက်နာသည့် အကျိုးဆက်များကြောင့် အတိုင်းအတာ တခုထိ အရှိန်အဟုန်နှေးသွားရန် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက မှတ်ချက်ပြုသည်။
၎င်းက “ကောက်ချက်ချဖို့ကတော့ စောလွန်းတယ်။ ဘာပဲပြောပြော အခုအချိန်မှာ ရလဒ်ကောင်းလေးတွေ ထွက်နေတယ်။ ဒီ ရလဒ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ အားစိုက်ထုတ်မှသာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကို ကျော်လွှားနိုင်မယ်” ဟု ပြောသည်။
တွေ့ရှိမှုနှုန်း နည်းလာသကဲ့သို့ ရောဂါပိုးရှိသူနှင့် ထိတွေ့မှုရှိသူများကိုလည်း ခြေရာလိုက်နိုင်ကာ (contact tracing) အ သွားအလာကန့်သတ်မှုများ ပြုလုပ်နိုင်သည့်အတွက် အတည်ပြုလူနာ ထပ်တိုးလာမည်ဆိုလျှင် Quarantine Center များကသာ ထပ်ထွက်လာရန် ရှိကြောင်း၊ ပြည်ပခရီးသွားရာဇဝင်နှင့် ထိတွေ့မှုမရှိဘဲ လွတ်ထွက်လာနိုင်သည့် ကူးစက် လူနာများ ရှိနိုင်သော်လည်း ရာခိုင်နှုန်း နည်းနေသေးကြောင်း ဒေါက်တာကျော်စွာဦးက ရှင်းပြသည်။
လူနာ ၁၈၁ ဦးတွင် မိသားစု၊ လုပ်ငန်းခွင်၊ ဘာသာရေးဆုတောင်းပွဲ စသည်တို့မှ အတွဲလိုက် (cluster) ကူးစက်ခံရခြင်း ဖြစ်ပြီး ခရီးသွားရာဇဝင်၊ ထိတွေ့မှုမရှိဘဲ ကူးစက်ခံရသူ ၁၀ ဂဏန်း ဝန်းကျင်သာရှိရာ ပြန့်ကျဲနေခြင်း မဟုတ်သည့် အ တွက် အကောင်းဘက်ကို ဦးတည်နေသည်ဟုလည်း ၎င်းက သုံးသပ်သည်။
၎င်း က “လေ့လာတွေ့ရှိ သလောက်ဆို အကောင်းဘက်ကို ဦးတည်နေပါတယ်။ လုံးဝ ထိန်းချုပ်နိုင်တာမျိုး၊ ကင်းစင်သွားတာ မျိုး မဟုတ်ပေမယ့် တခြားနိုင်ငံ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အကောင်းဘက်ကို ဦးတည်နေတယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ ပရဟိလုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါက်တာမြင့်မြင့်သိန်းကလည်း အမေရိကန်၊ အင်္ဂ လန်၊ ဂျာမဏီတို့ကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု အရမ်းမြင့်သည့် နိုင်ငံများ၌ပင် အတော်လေး ရုန်းကန်နေရသည့် အနေအထား တွေ့ရသော်လည်း မြန်မာနိုင်ငံတွင် ထိုသို့ ရုန်းကန်နေရသည့် အနေအထား မရှိဘဲ ကုသရေးပိုင်း၌လည်း နိုင်နင်းနေကြောင်း ယူဆသည်။
သေဆုံးလူနာ ၆ ဦးကို ကြည့်လျှင်လည်း အသက်အရွယ်ကြီးခြင်း၊ ရောဂါအခံရှိခြင်းတို့ ပါဝင်နေရာ လက်ရှိ အနေအ ထားအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက ဆိုးဆိုးရွားရွား မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
“ဒါပေမယ့် တခုအရေးကြီးတာက ပေါ့ဆလို့ မရဘူး။ ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး စည်းကမ်းနဲ့ မနေတဲ့အခါ ဒါတွေက နည်းနည်း ပြဿနာဖြစ်လာနိုင်တယ်” ဟု ဒေါက်တာမြင့်မြင့်သိန်းက သတိပေး ပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ COVID-19 ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ထားသည်မှာ မေလ ၁၅ ရက်တွင် ပြည့်ပြီ ဖြစ်သည်။
ရောဂါကူးစက်မှုနှုန်းအပေါ် မူတည်ကာ မေ ၁၅ ရက်နောက်ပိုင်း အခြေအနေများ ပြောင်းလဲနိုင်ကြောင်း၊ ကန့်သတ်ချက် များကို မေလကုန်အထိ ထပ်မံတိုးမြှင့်နိုင်ပြီး ပုံမှန်လည်ပတ်ရမည့် ကိစ္စများကိုသာ ဖြည်းဖြည်းချင်း ဖြေလျော့ပေးသွား နိုင်ကြောင်း ဒေါက်တာကျော်စွာဦးက ယူဆသည်။
အစိုးရအနေဖြင့် ဘာသာရေးပွဲ၊ အလှူအတန်း၊ အားကစားပွဲ စသည့် လူစုလူဝေး ပုံစံမျိုးကို ခွင့်ပြုမည် မဟုတ်သေး သကဲ့သို့ လုပ်ငန်းခွင်များ၌လည်း နှာခေါင်းစည်းတပ်ခြင်း၊ social distancing ဆောင်ရွက်ခြင်းတို့ကို တင်းကျပ် ထား အုံးမည်ဟုလည်း ထင်မြင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာကျော်စွာဦးက “အစိုးရအနေနဲ့ တချို့ဟာတွေကို ပြန်ပြီး ဖြေလျှော့မယ်ဆိုရင် အရေးယူမယ့်အပိုင်းကိုလည်း တိတိပပနဲ့ တရားဥပဒေ စိုးမိုးမှုရှိရှိ လုပ်ဖို့တော့ လိုတယ်။ အဲဒါလေး တခုတော့ အကြံပြုချင်တယ်။ အရေးယူမယ့် အပိုင်းကိုတော့ တိတိပပနဲ့ လုပ်ဖို့လိုတယ်” ဟု ဆိုသည်။
လူစုလူဝေးများနိုင်သည့် စက်ရုံအလုပ်ရုံများကို ပိုမို စည်းကမ်းတင်းကျပ်သင့်ပြီး အရေးယူမှုများ ပြင်းပြင်းထန်ထန် ဆောင်ရွက်သင့်ကြောင်း၊ အလုပ်ရှင်/အလုပ်သမားများကလည်း လာစစ်သည့်အခါမှ ဟန်ပြဆောင်ရွက်ခြင်း မဟုတ် ဘဲ အစိုးရ ထုတ်ပြန်ထားချက်များကို ပူးပေါင်းပါဝင်ပြီး လိုက်နာစေချင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ဒေါက်တာ မြင့်မြင့်သိန်းကလည်း တချို့သော ပြည်သူများသည် ကြောက်၍လိုက်နာကြခြင်းဖြစ်ရာ ရောဂါဖြစ်ပွားမှု နည်းသွားလျှင် ပေါ့လျော့မှုများရှိလာရာ စည်းကမ်း၊ ဥပဒေများချမှတ်ပြီး ထိန်းရလိမ့်မည်ဟု ထောက်ပြသည်။
“ဒီတိုင်းပြည်မှာဖြစ်နေတဲ့ ရောဂါရဲ့ တနေ့ ဖြစ်နှုန်း၊ သေနှုန်းပေါ် မူတည်သလို လူထုမှာလည်း လိုအပ်ချက်တွေက ရှိတော့ နှစ်ဖက်ကို ချိန်ဆပြီး အပြောင်းအလဲ လုပ်ရမှာပဲ။ ဖွင့်ပေးရင်လည်း စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ဖွင့်ပေးမှာပဲ။ စည်းကမ်းမရှိ လုပ်လို့တော့ မရဘူး” ဟု ၎င်းက ဆိုသည်။
မေလ ၁၅ ရက်နေ့အထိ ချမှတ်ထားသော COVID-19 နှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို လက်ရှိရောဂါ အခြေအနေကို ကြည့်ပြီး သုံးသပ်ရာ၌ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှု အင်အားကိုလည်း အဓိကထည့်တွက်ရ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တနင်္လာနေ့ ညနေပိုင်းက ရေးသားခဲ့သည်။
ဒေါက်တာသန်းနိုင်စိုးကတော့ ကိုဗစ်ကာကွယ်ဆေး မပေါ်သေးချိန်ထိ တတ်နိုင်သမျှ ကာကွယ်ရင်း ပညာရေး၊ စီး ပွားရေး၊ စားဝတ်နေရေး စသည်တို့ကို ဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ စည်းကမ်းချက်များကိုလည်း စနစ်တကျ လိုက်နာစေချင်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အားမကောင်းပါက နောက်ထပ်လှိုင်းတခု ပြန်လည်တက်လာ နိုင်ကြောင်း သတိပေး ပြောဆိုသည်။
“အားလုံးရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေ ပူးပေါင်းပြီး ကျော်ဖြတ်ရမယ်” ဟု ၎င်းက ပြောသည်။
ဒုတိယအကြိမ် ပြည်ပရောက်နေသူများအား အလုံးအရင်းဖြင့် ခေါ်ဆောင်မှုမှတဆင့် ဒုတိယလှိုင်း (ကူးစက်မှု) ဖြစ်လာ မည်ကို စိုးရိမ်မှုများရှိသကဲ့သို့ ဖြေလျော့မှုများ လုပ်ပေးလိုက်သည့်အခါ စည်းကမ်းလိုက်နာမှုများ မရှိတော့ဘဲ လူစု လူဝေးများ ပြန်ဖြစ်ပြီး ရောဂါလက္ခဏာ မပြသူများမှတဆင့် (silent carrier) ကူးစက်ပျံ့နှံ့မှု local transmission ဖြစ် ပွားမည်ကိုလည်း စိုးရိမ်နေသူများ ရှိသည်။
ဒေါက်တာကျော်စွာဦးက မေ ၁၅ ရက်နောက်ပိုင်း စည်းမျဉ်းစည်းကမ်းများကို ဖြေလျော့သည်ဖြစ်စေ၊ တဖြည်းဖြည်း လူနာသစ် မတွေ့တော့သည် ဖြစ်စေ ပြည်သူများအနေဖြင့် ကိုဗစ်ကာလကြီး တကမ္ဘာလုံးတွင် မကင်းစင်သမျှ ကာလ ပတ်လုံး အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်မကြာခဏဆေးရန်၊ လူစုလူဝေးရှောင်ရန် တိုက် တွန်းသည်။
ယခုအခါ ရန်ကုန်တိုင်း၊ မန္တွလေးတိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အပြင်ထွက်သူများ နှာခေါင်း စည်းမတပ်ထားပါက အရေးယူမှုများ စတင်နေပြီ ဖြစ်သည်။
You may also like these stories:
Semi-Lockdown ချခံထားရသည့် ရန်ကုန် ၁၀ မြို့နယ်က အမတ်များတွင် COVID – 19 ပိုး မတွေ့
ရန်ကုန်၌ Mask မတပ်ဘဲ အပြင်ထွက်သူများကို ကျပ် ၅ ထောင်ဒဏ်ရိုက်မှု စတင်
အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့် မလေးရှား ပြန်ပို့