တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသည့် ပလက်ဝ စစ်ရှောင်များ အတွက် မိုးတွင်းကာလ မတိုင်မီ ချင်းပြည်နယ်အစိုးရက ဆန်အိတ် ၃၅၀၀ ပို့ပေးရန် စီစဉ်နေသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်ဝန်ကြီး ဦးစိုးထက် က “ဆန်အိတ် ၃၅၀၀ နဲ့ စားစရာတွေ အကုန် ပို့ဖို့တော့ လုပ်နေတယ်။ ဆန်အိတ်က ၃၅၀၀ ဆိုတော့ တလစာလောက်တော့ ရမှာပေါ့။ ပို့ဖို့က လမ်းမှာ တိုက်ပွဲကလည်း ဆက်တိုက်ဖြစ်နေတော့ လုံခြုံရေးကောင်းမှ ပို့လို့ရမယ့် အခြေအနေပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထို ရိက္ခာဆန်များကို ဆမီးမြို့အပြင် ပလက်ဝမြို့ပေါ်နှင့် ရှင်းလက်ဝ၊ မီးဇာအထက်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် ပို့ဆောင်သွားမည် ဖြစ်ပြီး မည်သည့်ရက်၊ မည်သည့်လမ်းက ပို့ဆောင်မည်ကိုမူ လုံခြုံရေးအရ မပြောလိုကြောင်း ၎င်းက ဆို သည်။
စစ်ရှောင်များအတွက် ပို့ဆောင်မည့် ဆန်အိတ် ၃၅၀၀ အနက် အစိုးရ ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော ဆန်အိတ် ၃၂၀၀ ပါဝင်ပြီး ပြည်သူလူထုက ဝယ်ထားသည့် ဆန်အိတ်၂ ထောင်ကျော် ပါဝင်ကြောင်း သိရသည်။
ပြည်နယ် အစိုးရတွင် လက်ရှိ ဆန်အိတ်ပေါင်း ၅၅၆၅ ရှိနေပြီး ၎င်းတို့အနက်မှ ဆမီးပြည်သူထုအတွက် ချန်ကာ ကျန်သည့် ဆန်အိတ် ၃၅၀၀ ကို ပလက်ဝမြို့နယ်မှ ဝန်ထမ်းများ၊ ပြည်သူများနှင့် စစ်ရှောင်များအတွက် ပေးပို့သွားမည်ဟု ဦးစိုးထက်က ပြောသည်။
ချင်းစစ်ရှောင်များ အရေး လိုက်လံဆောင်ရွက်ပေးနေသည့် ချင်းတိုက်ပွဲရှောင် ပြည်သူများ ကူညီရေးနှင့် ပြန်လည် ထူ ထောင်ရေး ကော်မတီ(RRCCI) မှ ပြောရေး ဆိုခွင့်ရှိသူ မိုင်နန်းဝေက “အခုက မပို့လို့လည်း အဆင် မပြေတော့ဘူး။ အခုက ပလက်ဝမြို့အနီးနားတဝိုက်ကို ဆန်အိတ် အားလုံးပေါင်း ၄ ထောင်ကျော်က ပလက်ဝမြို့ပေါ်က လူဦးရေ ၇ ထောင်ကျော်အတွက်ပဲ လုပ်ပေးနိုင်သေးတယ်” ဟု ဆိုသည်။
ချင်းပြည်နယ်တွင် နှစ်စဉ် ဖြစ်နေကျ မိုးများသည့်အခါ ကားလမ်းချော်ခြင်း၊ တောင်ပြို မြေပြိုခြင်းများ ရှိနိုင်ပြီး တိုက်ပွဲများ ကလည်း ပြင်းထန်နေဆဲ ဖြစ်ခြင်းကြောင့် မိုးမကျမီ ဆန်အိတ်များကိုအမှီ တင်ပို့သွားရန် စီစဉ်ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မိုင်နန်းဝေက “ကျမတို့အနေနဲ့ စစ်တပ်ကို မေတ္တာရပ်ခံချင်တာက ဆန်အိတ်ပို့တဲ့ ကာလမှာ ကျမ တို့ကို အကူအညီပေးဖို့၊ နောက်မို့ဆိုရင် စစ်ဘေးနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ လူထုက အခြေခံ စားသောက်ကုန် ရှားပါးတာကြောင့် တော်တော်လေး အဆင်မပြေကြဘူး” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် ၃၉၃ ရွာ ရှိသည့်အနက် ကျေးရွာတဝက်ကျော်က စစ်ဘေးသင့်နေရသလို ဆမီးနှင့် ပလက်ဝ မြို့ပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင်ကျေးရွာပေါင်း ၇၀ ခန့် ရှိနေပြီး အဆက်အသွယ် မရသည့် ကျေးရွာများစွာ ရှိနေသေးကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆိုသည်။
ထို့ပြင် ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီးကို မီးစက်ဖြင့် တနေ့လျှင် ၃ နာရီပေးနေရာမှ ယခုအခါ တိုက်ပွဲများကြောင့် စက်သုံးဆီ ပို့ရန် လုံခြုံရေး အခက်အခဲ ရှိသဖြင့် တနေ့လျှင်၂ နာရီသာ ပေးနိုင်တော့သည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
လူဦးရေ တသိန်းကျော်သာ ရှိသည့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် လူဦးရေ ၆ သောင်းခန့် စစ်ဘေးသင့်နေသလို လူဦးရေ ၉၀၀၀ ကျော်သည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ဆက်စပ်ဖတ်ရှုရန်
ပလက်ဝတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်
ပလက်ဝ စစ်ရှောင်များအတွက် အဆောက်အအုံများ ဆောက်ရန် အစိုးရ သိန်း ၂၄၀၀ ပံ့ပိုး
မြို့ပေါ်မှာ၊ ရွာတွေမှာ တိုက်ပွဲ ဖန်တီးတာက လူထုကို တော်တော် ဒုက္ခရောက်စေတယ်
ပလက်ဝဒေသသို့ ပို့မည် ဆန်နှင့် ရိက္ခာများ ရေလမ်းကြောင်းမှ ပြောင်းပို့မည်