COVID -19 ကြောင့် ဝယ်လိုအား မရှိတော့သဖြင့် ငါးဖမ်း လုပ်ငန်းများကို တလစောပြီး ရပ် နားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ ဦးမောင်မောင်စိုးက “အလုပ်လည်း သိမ်းလိုက်ပြီ။ လှေတွေလည်း ဝင်လာပြီ တော်တော်များများ နားကုန်ပြီ။ လုပ်ငန်းလည်း ရပ်သွားပြီ။ ဧပြီ လကုန်ခါနီးမှာ ပိတ်လိုက်တယ်” ဟု ပြောသည်။
ဈေးကွက်အတွင်း ငါးဈေးနှုန်းများ ကျဆင်းနေပြီး အရောင်းအဝယ် အခက်အခဲ ရှိခြင်းနှင့် COVID-19 ရောဂါကြောင့် မိသားစုများကို စိတ်မချမှုများရှိနေကာ ဝင်လာသည့် ငါးဖမ်းလှေများ ပြန်မထွက်တော့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။
၎င်းက “သင်္ကြန်မတိုင်ခင် ပြန်ဝင်လာတဲ့ လှေတွေကလည်း မထွက်တော့ဘူး။ သင်္ကြန်ပြီးမှ ဝင်တဲ့ လှေတွေလည်း မထွက် တော့ဘူး။ မေလကုန်ပြီးရင်လည်း ငါးမဖမ်းရ ရာသီ စတော့မှာ ဆိုတော့ ဝင်ပြီးသားလှေတွေက ပြန်မထွက်တော့ဘဲနဲ့ အပြီး နားလိုက်တာပေါ့” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ငါးများ သားပေါက် ကာလဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများသည် ငါးမဖမ်းရ ကာလဖြစ်ပြီး ငါးဖမ်း လုပ်ငန်းများ ပိတ်သိမ်းထားရကာ စက်တင်ဘာလ ၁ ရက်မှစတင်ပြီး ရာနှုန်းပြည့် ငါးဖမ်းဆီးခွင့်ပြုထားခြင်း ဖြစ်သည်။
ဆက်လက်ပြီး ဦးဝင်းကြိုင်က “ဒီဇယ်ဈေးက ကျတော့ ငါးက ဖမ်းမယ်ဆိုရင် ထိုက်သလောက် မဆိုးပေမယ့် ဒီမှာ ဈေး ကွက်က အခြေအနေ မကောင်းဘူး။ ကိုဗစ်ကြောင့် ဈေးမကောင်းတာတို့၊ ရောင်းမကောင်းတာတို့ ဖြစ်တယ်” ဟု ပြော သည်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ငါး၊ ပုဇွန် ဝယ်ယူသည့် ကုမ္ပဏီများ၌ ဝန်ထမ်း အခက်အခဲ ဖြစ်ခြင်း၊ ပြည်ပသို့ တင်ပို့ နိုင်ခြင်း မရှိခြင်း၊ တာရှည် သိုလှောင်ထားရန် အအေးခန်း အခက်အခဲများ ဖြစ်ပေါ်ခြင်းများ ကြုံတွေ့နေရသဖြင့် ရေလုပ်ငန်း များ ရပ်နားရတော့မည့် အခြေအနေကို ဧပြီလဆန်းကတည်းက ကြုံတွေ့နေခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မေလ ၁၃ ရက်အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၀ ဦး၊ ပိုးတွေ့ ပြန်လည် သက်သာလူနာ ၇၆ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိ ကြောင်း သိရသည်။
ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် မေလ ၁၃ ရက် အထိ တကမာ္ဘလုံး အတိုင်းအတာဖြင့် သေဆုံးသူ ၂၈၅,၃၂၈ ဦး ရှိပြီဖြစ်ပြီး ပိုးတွေ့လူဦးရေ ၄,၁၃၉,၇၉၄ ဦး ရှိပြီ ဖြစ်သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကြောင့် ရေလုပ်ငန်းများ ရပ်နားရတော့မည်