ပြည်တွင်းထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ ရောင်းဝယ်သည့် စနစ်ဖြင့် ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းသူများ အသင်း (MFVP) အတွင်းရေးမှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။
“အခုလ ၂၀ ရက် လောက်ဆိုရင် Google Play Store ကနေ MFVP ရဲ့E-commerce platform Mobile App လေးကို Download လုပ်လို့ ရပြီ။ နောက်တပတ်ကြာရင် Download လုပ်လို့ ရပြီ။ Level လေးခုလောက်ခွဲ ထားတယ်။ Level 1 ကတော့ ဘယ်သူမဆို သုံးလို့ ရတယ်။ Facebook အကောင့်၊ Google အကောင့်ကနေ ဖုန်းနံပါတ် တခုခုနဲ့ မှတ်ပုံတင် (Registar) လုပ်တာနဲ့ ရတယ်။ ဒါက ဝယ်တဲ့သူတွေအတွက် ဖြစ်တယ်။ Level 2 ကတော့ ရောင်းတဲ့သူတွေ အတွက် ဖြစ်တယ်” ဟု ၎င်းကပြောသည်။
အဆိုပါ အွန်လိုင်းစနစ်ကို စတင်ရခြင်းမှာ ပြည်တွင်း၌ COVID-19 ကြောင့် Home Stay နေထိုင်ရခြင်း၊ Semi Lockdown နေရခြင်းများအတွက် လွယ်လွယ်ကူကူ ဝယ်ယူနိုင်ရန်နှင့် လတ်တလောတွင် တောင်သူများအနေနှင့် ခရမ်းချဉ်သီးများ ရောင်းမရ၍ စွန့်ပစ်ရခြင်းများ ရှိနေ၍ ၎င်းတို့အတွက် ဈေးကွက်တခု ရရှိစေရန် ရည်ရွယ်၍ အသင်းက ဦးဆောင် ပြုလုပ် ခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။
ဆက်လက်၍ ဦးကျော်သူက “ဒီလို တိုက်ရိုက် ရောင်းချခြင်းကြောင့် ရောင်းသူရော ဝယ်သူရော အဆင်ပြေမယ်။ ဈေးလည်း သက်သက်သာသာနဲ့ ရမယ်။ နောက်ပိုင်းမှာ အများအတွက် ပြည်တွင်း လက်ကားဈေးကွက်ရော၊ ပြည်ပ ဈေးကွက်ရော ချဲ့ မယ်။ အိတ်စပို့ သွားနိုင်ဖို့ အတွက်ထိပါ လုပ်မယ်။ ဘာသာစကား သုံးခုလောက်နဲ့ လုပ်နိုင်အောင် ပြင်မယ်။ နိုင်ငံခြားသား ပါတွေ ဝယ်ယူနိုင်တဲ့အထိ လုပ်သွားဖို့ ရည်ရွယ်ထားတယ်” ဟု ပြောပြသည်။
မေလ ၂၀ ရက်၌ အွန်လိုင်းမှ စတင် ရောင်းဝယ်မှု ပြုလုပ်စဉ်တွင် ဝယ်ယူသူများအနေနှင့် ငွေပေးချေမှုကို Mobile Money နှင့်လည်းကောင်း၊ Cash ငွေပေးချေခြင်း (အိမ်အရောက် ငွေချေစနစ်) ဖြင့် စတင်လုပ်ဆောင် သွားမည် ဖြစ်သည်။
အဆိုပါ ရောင်းခြင်း၊ ဝယ်ခြင်းကို မြန်မာတနိုင်ငံလုံး ပြုလုပ်နိုင်မည် ဖြစ်ပြီး အိမ်အရောက် ပို့ဆောင်ခြင်း (Delivery) တွင် ရန်ကုန်ကို အဓိကထား လုပ်ဆောင်မည် ဖြစ်သည်။ ဒုတိယ ဦးစားပေး အနေနှင့် နေပြည်တော်နှင့် မန္တလေးမြို့တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်သည့် မြို့များကို ကားဂိတ် အရောက်ပို့စနစ် လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။
နောက်ပိုင်း၌ ငွေပေးချေခြင်းကို AYA Pay၊ Wave Money တို့လို ငွေပေးချေမှု စနစ်များနှင့် သော်လည်းကောင်း MPU ကတ်မှ တဆင့် E-Commerce ကဲ့သို့ ငွေပေးချေခြင်းတို့ဖြင့် ဝယ်ယူနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။
သစ်းသီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ မည်သူမဆို ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချလိုသော တောင်သူ၊ ကုန်သည်များအနေနှင့် MFVP အသင်းဝင် ဖြစ်ရမည် ဖြစ်သည်။
အသင်းဝင် လျှောက်ထားလျှင် စိုက်ပျိုးထုတ်လုပ်သူ ဖြစ်ပါက စိုက်ဧက၊ သီးနှံအမျိုးအစား၊ အထွက်နှုန်း စသည့် အခြေခံ အချက်အလက်များနှင့် ကိုယ်ရေးအကျဉ်း ဖြည့်စွက်ရမည် ဖြစ်ပြီး အသင်းဝင်ကြေး ကျပ် ၁ သောင်းနှင့် နှစ်စဉ်ကြေး ကျပ် ၅ ထောင်သွင်းရမည် ဖြစ်ကာ ယခု ဈေးရောင်းချမည့် အပလီကေးရှင်းထဲမှာပင် ပေးသွင်း၍ ဝင်ရောက်နိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။
ထိုသို့ အပလီကေးရှင်းဖြင့် ရောင်းချမည့် ဟင်းသီးဟင်းရွက်၊ ပန်းမန်နှင့် သစ်သီးဝလံများ ဝယ်ယူနိုင်သည့် ပမာဏကိုမူ ကန့်သတ်ထားခြင်း မရှိကြောင်း ပို့ဆောင်သည့် မြို့နယ်အလိုက် ပို့ဆောင်ခ (Delivery) ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက် Macro လက်လီ လက်ကား ရောင်းချသည့် စင်တာအနီးရှိ ဂိုဒေါင်များမှ တဆင့် ဖြန့်ဖြူးရောင်းချမည် ဖြစ်သည့်အတွက် ထိုအနီးအနားမှာ ဝယ်ယူသူများအနေဖြင့် ပို့ဆောင်ခ သက်သာမည် ဖြစ် ကြောင်း ဦးကျော်သူက ဆိုသည်။
၎င်းက “Delivery ခ ကတော့ မြို့နယ်အလိုက် ကျသင့်မယ် ထင်တယ်။ ဒါက နည်းပညာ ဆောင်ရွက်တဲ့အပိုင်းက လုပ် တာ။ အတိအကျတော့ မသိသေးဘူး။ ကျနော်တို့က Management လုပ်တဲ့အပိုင်း ဖြစ်တယ်။ ရောင်းတဲ့ဘက်တော့ အစည်းရေ၊ ကီလိုဂရမ် အလေးချိန်နဲ့ တင်ရောင်းမှာပေါ့။ အသီးတွေလည်း ပါတော့ ဥပမာ- သရက်သီးဆို တလုံး ဘယ် လောက်ပေါ့။ ဝယ်သူဘက်ကိုတော့ ဘယ်လောက် ဝယ်ရမယ်လို့ ကန့်သတ်မထားဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း ရပ်ကွက်အတွင်း ဖြစ်စေ၊ အိမ်ရှေ့ အရောက်ဖြစ်စေ ကား သို့မဟုတ် တွန်းလှည်း၊ ဆိုင်ကယ်များဖြင့် လိုက်လံ လှည့်လှည်ရောင်းချသည့် ဈေးသည်များလည်း ရှိနေ၍ ဟင်းသီးဟင်းရွက်များကို ယင်းစနစ်ဖြင့် ရောင်းချမည် ဆိုပါက ပုံမှန်ထက် သက်သာသောနှုန်းထား သို့မဟုတ် သက်သာသော ပို့ဆောင်ခနှုန်းထားဖြင့် ဆောင်ရွက် ပေးရန်လို ကြောင်း အိမ်ရှင်မများက ဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နေ အိမ်ရှင်မ တဦးက “ဟင်းသီးဟင်းရွက်တော့ မဟုတ်ဘဲနဲ့ သရက်သီး၊ လိုက်ချီး၊ ဒူးရင်းသီး စတဲ့ အသီးအနှံတွေဆို အွန်လိုင်းကပဲ မှာစားတာ များတယ်။ ပို့ခပေးနေရပေမယ့် ကိုယ်တိုင်သွားမဝယ်နိုင်တာရယ် အဲဒီ အသီး တွေက နေရာတိုင်းရဖို့ မလွယ်တာကြောင့်ပါ။ အခုက ဟင်းသီးဟင်းရွက်က ရပ်ကွက်ဈေးမှာပဲ လွယ်လင့်တကူ ဝယ်လို့ရ နေတော့ သူတို့ကလည်း စိုက်ပျိုးတဲ့သူတွေ ကိုယ်တိုင် တိုက်ရိုက်ရောင်းမှာဆိုတော့ ဈေးမှာရောင်းတာထက် အများကြီး ဈေးသက်သာနေမှ ဝယ်ကြမှာပါပဲ။ နည်းနည်းလေး ဝယ်တဲ့သူတွေထက် လက်ကားပြန်ရောင်းမယ့်သူတွေ ဝယ်ကြတာက ပိုကိုက်မယ် ထင်တယ်။ အခြေအနေကိုတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင်လည်း အွန်လိုင်းမှ အပလီကေးရှင်းစနစ်ဖြင့် ရောင်းချနေသည့် Shop.Com ကဲ့သို့ ပို့ဆောင်ခနှုန်းထားကို အများအားဖြင့် ရာဂဏန်းဝန်းကျင်ဖြင့်သာ သတ်မှတ်ထားပါက အိမ်ရှင်မများအတွက် ဝယ်ယူရန် ပိုမို အဆင်ပြေနိုင် ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ စားသုံးသူ ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်က “အခုလိုမျိုး ရောင်းရင် အသင်းတွေမှာလည်း အစိုးရက သတ် မှတ်ထားတဲ့ အာဆီယံက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ရှိတယ်။ ဒါတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့ လိုတယ်။ သူတို့က ထုတ်လုပ်ရောင်းချမယ့် အပေါ်မှာ ကျနော်တို့ စားသုံးသူတွေက စိတ်ချ လက်ချ မှီခို စား သောက်ရမယ့် အပေါ်မှာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “တာဝန်ယူမှု တာဝန်ခံမှုနဲ့ အစားအသောက်ကို အွန်လိုင်းက လုပ်တဲ့သူတွေရော ထုတ်လုပ်တဲ့သူတွေ အစိုးရ တာဝန်ရှိတဲ့သူတွေက လုပ်ပေးပါလို့ တောင်းဆိုချင်တယ်။ မလုပ်ပေးမှာကိုလည်း စိုးရိမ်တယ်။ ခက်ခဲနေတဲ့ အချိန် မှာ ဒါမျိုးတွေကို အရင်ထဲက ကျနော်တို့က အကျင့်ပါအောင် လုပ်မထားဘူး။ အခုက မျက်ကွယ်ရာမှာလည်း ဖြစ်နေတယ်။ ဖြစ်သွားပြီးရင် Sorry နဲ့ ပြီးလို့ မရဘူး။ ဖြစ်လာရင် တာဝန်ယူမှု ဘယ်လို ရှိမလဲဆိုတာ အရေးကြီးတယ်” ဟု အွန်လိုင်း ရောင်းချမှုနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။
ယခုကဲ့သို့ COVID-19 ကာလတွင် Stay at Home များလာသည့်အခါ အွန်လိုင်းမှ ဈေးရောင်းချခြင်းများလည်း များလာ သောကြောင့် ကုန်ပစ္စည်း အရည်အသွေး သတ်မှတ်ချက်များကို စံချိန်စံညွှန်း ပြည့်မီစွာနှင့် စားသုံးသူလက်ထဲသို့ အရောက် ပို့ဆောင်ရန် လိုအပ်ကြောင်း ဦးမောင်မောင်က ထောက်ပြ ပြောဆိုသည်။
လက်ရှိအချိန်တွင် ရောဂါကူးစက်မည်စိုး၍ ဈေးသို့သွားမည်ဆိုပါက ယခင်ကလို မကြာခဏ မသွားတော့ဘဲ တခါသွားလျှင် တပတ်စာခန့် ဝယ်ယူ စုဆောင်းမှုများ ပြုလုပ်ခြင်း၊ အွန်လိုင်းမှ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ တိုက်ရိုက်ရောင်း ချပေးသူများထံမှ ဝယ်ယူခြင်းတို့အပြင် ဈေးဝယ်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများလည်း ပေါ်ပေါက်လာကြောင်း အိမ်ရှင် မများက ဆိုသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ မေလကုန်ထိ ပိတ်မည်
တရုတ် တင်ပို့ခွင့် ပိတ်သဖြင့် ရွှေလီမြစ်ထဲ ပြောင်းတန်ချိန် ရာနှင့်ချီ စွန့်ပစ်နေရ