ကိုဗစ်-၁၉ ကာလ စားနပ် ရိက္ခာ ဖူလုံမှု ရှိစေရန် အစိုးရမှ ဝယ်ထားသောနိုင်ငံတော် အရန်ဆန်နှင့် ဆီတို့ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးသို့ အရေးပေါ် အရန်ရိက္ခာအဖြစ် ဖြန့်ဝေရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
“အရေးပေါ်ရိက္ခာ ဆန်တန်ချိန် ၅၀၀၀၀ နဲ့ စားအုန်းဆီတန်ချိန် ၁၂၀၀၀ တို့ကို လိုအပ်တဲ့ အချိန်မှာ ဖြန့်ချိနိုင်ရေးအတွက် အရေးပေါ်ရိက္ခာ ဝယ်ယူရတာဖြစ်တယ်။ စားအုန်းဆီ ဝယ်ဖို့အတွက်လည်း အသင်းအဖွဲ့ ကုန်သည်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်မှာ သိုလှောင်ကန် မရှိတဲ့အတွက် Jerry Can (လက်ဆွဲပုံး) များနဲ့ ဝယ်ယူသိုလှောင် ထား ရှိမှာ”ဟု ဒေါက်တာသန်းမြင့် က မေလ ၁၂ ရက်က ပြုလုပ်သော အရန်ရိက္ခာ စားအုန်းဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရေး ညှိနှိုင်းအစည်းဝေးပွဲ၌ ပြောကြားသည်။
အဆိုပါ ဝယ်ယူထားသည့် အရန် စားနပ်ရိက္ခာများဖြစ်သော စားအုန်းဆီများအား Coronavirus Disease 19 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်း တိုင်းဒေသကြီး နှင့် ပြည်နယ် များသို့ ဖြန့်ဝေရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စီစဉ်ရခြင်းသည် ယခုဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်စီးဆင်း မှုမှန်ကန်ရေး တို့အတွက် အထောက်အကူပြုမည် ဖြစ်ပြီး စတင်ဖြန့်ဝေမည့် ရက်နှင့် အခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပါ။
အထက်ပါ အရန်ဆန်နှင့် ဆီမှာ နိုင်ငံ၏ စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ချိန်တွင် တနိုင်ငံလုံး၏ ရက်သတ္တ ၂ ပတ်ခန့်စာ ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး ရိက္ခာဝယ်ယူရန် ငွေကျပ် ၃၈ ဘီလီယံကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုခဲ့ ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အရန်ရိက္ခာဆန် အစီအစဉ်တွင် ပါဝင်သော အရန်ဆန် ဝယ်ယူ၊ စစ်ဆေး၊ လက်ခံ၊ သိုလှောင်ခြင်း လုပ်ငန်း များ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန MITS နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တို့က ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကုန်သိုလှောင်ရုံ ၅ ခု၌ ဆန်တန်ချိန် ၆၃၀၀ ခန့်ကို ပြည်ပတင်ပို့မည့် ကုမ္ပဏီ ၄၀ ထံမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့် အညီ ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန် ထားသည်။
ယခုလအတွင်း ဆန်လုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နေ၍ ဆန်တန်ချိန် ၁သိန်းခွဲ ပင်လယ်ရေကြောင်းနှင် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ရောင်းချခွင့်ပြုမည်ဖြစ်ရာ တင်ပို့ခွင့်ရသူများ အနေဖြင့် နိုင်ငံတော် အား အရန်ဆန် ဆယ်ရာခိုင်နှုန်းကို ရောင်းချပေးရမည်ဖြစ်သည်။
မူဆယ် နယ်စပ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက “ကုန်စည်ဒိုင်ကိုတော့ တရက် ဆန်အိတ်ရေ တသောင်းခွဲလောက် အဝင်ရှိတယ်။ ပိုးမွှားသန့်စင်ကြောင်း လက်မှတ်လည်း မူဆယ်မှာ လုပ်ပေးတယ်။ ဒီလအတွက် နယ်စပ်ကနေ တရုတ် တင်ပို့ခွင့်ရတဲ့ ဆန်တန်ချိန် ငါးသောင်းကတော့ အစိုးရကို အရန်ဆန် အရင်သွင်းနေရတယ်” ဟု ပြောသည်။
တချို့ ဆန်ကုန်သည်များမှာ တင်ပို့ခွင့်လိုင်စင် ရထားသည့် အတွက် အစိုးရသို့ အရန်ဆန်သွင်းနေရပြီး တချို့ နယ်စပ် ဆန်ကုန်သည်များမှာ လိုင်စင်လျှောက်ထားဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လက ပြည်ပသို့ ဆန်တန်ချိန် ၁သိန်း တင်ပို့ခွင့်ရသည့် လုပ်ငန်းရှင်များနှင့် ယခုလအတွင်း ခွင့်ပြုမည့် ဆန်တန်ချိန် ၁သိန်းခွဲ တင်ပို့ခွင့်ရသည့် လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်အတွက် အရန်ဆန် ၁၀ရာခိုင်နှုန်း ရောင်းချပေးရမည်ဖြစ်ပြီး၊ စီးပွားကူးသန်းမှ အကြမ်းဖျင်းအားဖြင့် ဧည့်မထ အမျိုးအစား ဆန် ၁ အိတ်လျှင် ကျပ် ၂၁၆၀၀ နှုန်းဖြင့် ဝယ်ယူနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူက “အရန်ဆီကတော့ သွင်းထားတဲ့ ဈေးနှုန်းရဲ့ အောက်နားက ဈေးနဲ့တင် အစိုးရကို ရောင်းပေးတာပါ။ အပြင်ဈေးနဲ့ မဟုတ်ဘူး။ စပါယ်ရှယ်ဈေး နဲ့ ပေးတာ။ ဈေးနှုန်း ကတော့ ပြောလို့မရဘူး။ တန်ချိန် ၁၂၀၀၀ ကို အစိုးရနဲ့ လုပ်ငန်းရှင် သဘောတူညီချက် ချုပ်ပြီးသွားပြီ။ အစိုးရကတော့ လိုအပ်တဲ့ နေရာမှာ ထားမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အရန်ဆီ ဝယ်ယူရန်အတွက် လုပ်ငန်းရှင်များ သဘောတူညီချက် ချုပ်ဆိုပြီးသွားပြီ ဖြစ်ကြောင်း၊ ဆီအပ်ရမည့် နေရာကို ဆက်လက်ပြောဆိုရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာတနိုင်ငံလုံး အနေနှင့် စားသုံးမှု တလလျှင် ဆန်တန်ချိန် ၆ သိန်း လိုအပ်ချက်ရှိကာ အရန်ဆန် အနေနှင့် ၁၀ ရာခိုင် နှုန်း ထားရှိကာ အရန်ဆီကို ၄၀ ရာခိုင်နှုန်း ထားရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုဗစ်-၁၉ ကပ်ရောဂါကာလ အမျိုးသားစီးပွားရေးစီမံကိန်း ဘာလဲဘယ်လဲ
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်
Covid-19 ကြောင့် ကုန်ဈေးနှုန်း ရိုက်ခတ်မှုမရှိစေရန် အစိုးရက အရန်ဆန်နှင့် ဆီ ဝယ်ထားမည်