သတင်း

နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲခွင့် ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း ကာလကို မေလ ၃၁ ရက်နေ့ အထိ ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ယင်းသို့ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြေးဆွဲခွင့်ကာလကို ထပ်မံတိုးမြှင့်လိုက်သော်လည်း ပြည်တွင်း ခရီးစဉ်များကို လေကြောင်းလိုင်းတချို့က ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း Yangon Aerodrome ကုမ္ပဏီက ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ မြန်မာသို့ ဆင်းသက်ခွင့်ကို မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လေယာဉ်များနှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ပေးထားသော အထူးလေယာဉ်များကိုသာ ဆင်းသက်ခွင့် ပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

ထို လေယာဉ်များတွင် လိုက်ပါလာသော လေယာဉ်အမှုထမ်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ သီးသန့်ခွဲခြားကာ ကျန်းမာရေးအခြေအနေများ စောင့်ကြည့်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် ၁၉ ရောဂါကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ နှင့် ကိုရီးယားနိုင်ငံများကို ဆုံရပ်နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကူညီကယ်ဆယ်ရေးခရီးစဉ်များဖြင့် ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ပြည်ပလေကြောင်းလိုင်း အားလုံး မြန်မာ ဆင်းသက်ခွင့် ယာယီပိတ်

Loading