လာမည့် ဇူလိုင်လတွင် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး အောင်စာရင်းများကိုလည်း ကျောင်းဖွင့်ကာလ မတိုင်မီ ထုတ်ပြန် ပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ဇူလိုင်လအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ကျောင်းများ အားလုံး ဖွင့်လှစ်မည်ဖြစ်ပြီး ထိုအဆင့်များကို တရက်တည်း တပြိုင်နက်တည်း ဖွင့်လှစ်မည် မဟုတ်ဘဲ ရက် အပိုင်းအခြားအလိုက်၊ အဆင့်အလိုက် ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းဖွင့်ကာလ နီးကပ်လျှင် အများပြည်သူ နားလည် သိရှိနိုင်ရန် ထုတ်ပြန်သွားပေးမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ဦးကိုလေးဝင်းက “ဇူလိုင်လ အတွင်းဖွင့်ဖို့ စီစဉ်ထားတာပေါ့။ ဇူလိုင်လ ပထမပတ်ဖြစ်ရင်ဖြစ်မယ်၊ ဒုတိယပတ် ဖြစ်ရင် ဖြစ်မယ်၊ တတိယပတ်ဖြစ်ရင်ဖြစ်မယ်၊ သြဂုတ်လတော့ မကူးပါဘူး။ ကလေးတွေ အတတ်နိုင်ဆုံး လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်မှာ ကျောင်းတက်နိုင်အောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်နေတယ်” ဟု ပြောသည်။
ကျောင်းဖွင့်ကာလတွင် ကျောင်းသားနှင့် ဆရာများအတွက် မျက်နှာ အကာအကွယ် (Face Shield)များနှင့် နှာခေါင်းစည်း များ အခမဲ့ဝေပေးရန်၊ ကျောင်းများအတွက် ဒီဂျစ်တယ်သာမိုမီတာများ ဝေရန်၊ စာသင်ချိန် လူချင်း နေရာခြား သင်နိုင်ရန်၊ လက်ဆေးမည့် နေရာများ ပြင်ဆင်ထားရန်နှင့် လူများသည့် ကျောင်းများ ၂ ဖွဲ့ ခွဲကျောင်းတက်စေရန် စသဖြင့် စီစဉ်နေကြောင်း သိရသည်။
“မူလတန်းပဲ ဖွင့်မယ် အလယ်တန်း၊ အထက်တန်း မဖွင့်ဘူးလို့ မဟုတ်ဘူး။ အလယ်တန်း၊ အထက်တန်းပဲ ဖွင့်မယ်၊ မူလတန်း မဖွင့်ဘူးလို့ မဟုတ်ဘူး။ အကုန်လုံး ဖွင့်မှာ။ အဆင့်တခုနဲ့ တခု တပတ်လောက်တော့ နောက်ကျနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
ပညာရေး ဝန်ကြီးဌာနက ကျောင်းဖွင့်မည့် ကာလတွင် COVID-19 ရောဂါကာကွယ်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမနှင့် ကျောင်းသားမိဘများ လိုက်နာရမည့် အချက်များ၊ ဆောင်ရန်ရှောင်ရန် အချက်များကို ထုတ်ပြန်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
COVID-19 ကာကွယ်ရေးအတွက် ကျောင်းဖွင့်ရာတွင် လုပ်ဆောင်မည့် အချက်များမှာ အတန်းကြီးသော အထက်တန်းနှင့် အလယ်တန်း ကျောင်းသားများ လိုက်နာနိုင်ရန် လွယ်ကူသော်လည်း KG အဆင့်မှ စတုတ္ထတန်းထိ မူလတန်း ကလေးများ မှာ ငယ်ရွယ်သေးသောကြောင့် လိုက်နာနိုင်ရန် ခက်အခဲရှိနေကြောင်း ပညာရေးဝန်ထမ်း ကျောင်းဆရာမ တချို့က ပြော သည်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ဆရာမ တဦးက “မူကြိုတွေက ချဲထားလို့ အဆင် မပြေဘူး။ ဒီအတိုင်းတောင်မှ ငြိမ်မှ မငြိမ်တာ။ ချဲထားရင် မူးသွားမှာပေါ့။ ကလေးတွေက ကူးတာ၊ မကူးတာ မသိဘူး သူတို့ ဆော့ရဖို့ အရေးပဲ သိတာ။ ၁ တန်းလောက်ထိက ချဲထားဖို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ KG မူကြိုနဲ့ ကလေးက ကျောင်း စတက်တဲ့ချိန် တပတ်လောက်က ငိုသေးတာ။ တပတ်လောက်ထိ တချို့ကလေးတွေက ရင်ခွင်ထဲ ပွေ့ထားရတာ” ဟု ပြော သည်။
ကျောင်းသားဦးရေ ပြည့်နေသည့် စာသင်ခန်းများကို ခပ်ခွာခွာထားရန် စီစဉ်လိုက်သည့်အတွက် ကျောင်းသားများ ပြန့်ကျဲ သွားပြီး အခန်းများသွားသည့်အခါ ဆရာမ လုံလောက်သည့် အခက်အခဲလည်း ရှိလာနိုင်ပြီး စာသင်ခန်းများတွင် ပရိုဂျက် တာများ၊ ဆောင်းဘောက်များ အသုံးပြု စာသင်သည့် စနစ်များကို အသုံံးပြုပါက ပိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း ယင်း ဆရာမက အကြံပြုသည်။
ကျောင်းများ ပြန်ဖွင့်မည်ဆိုပါက ကျောင်းစာသင်ခန်းများ အတွက် ကျောင်းသားများအတွက် နေရာထိုင်ခင်း စီစဉ်ထားမှု အခြေအနေ၊ COVID-19 ကာကွယ်ရေး အတွက် စာသင်ကျောင်းတွင် လုပ်ဆောင်ထားသည့် အချက်များကို မိဘ ကိုယ် တိုင် သွားရောက်လေ့လာပြီး စိတ်ချရသည်ဟု ယူဆမှသာ ကလေးကို ကျောင်းပို့မည် ဖြစ်ကြောင်း COVID-19 ရောဂါ ကူးစက်ခံရသည့် Case နံပါတ် ၃၀၊ ၁၁၈၊ ၁၁၉ တို့ တွေ့ရှိခဲ့ရသည့် ပြည်မြို့နယ်မှ ကျောင်းသား မိဘတဦးဖြစ်သူ ဦးရဲသွင် ဟိန်းက ပြောသည်။
“တနှစ်အောက်ရင် အောက်ပါစေ။ ကလေးတွေကို စိတ်မချလို့ မပို့ဘူးဆိုပြီး မိသားစုတွေ တိုင်ပင်ဖြစ်တာပေါ့။ မဖြစ်မနေ ဖွင့်မယ်ဆိုရင်လည်း အခြေအနေပေါ် မူတည်ပြီးတော့ ကျောင်းအပ်ဖို့ ပြန်ကြည့်မယ်။ အမျိုးသမီးကလည်း ကျောင်းဆရာမ ဖြစ်နေတော့ သူ့ကိုလည်း စိတ်မချဘူး။ ကလေးတွေလည်း စိတ်မချဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ် ၄၇ မြို့နယ်တွင်သာ ရောဂါပိုး ကူးစက်ခံရသူရှိပြီး၊ ရောဂါပိုး ကူးစက်ခံရမှု ရှိသော မြို့နယ်များရှိ စာသင်ကျောင်းများအတွက် COVID-19 ကာကွယ်ရေး အထူးဂရုပြု ဆောင်ရွက်မည် ဖြစ်ကာ ထိုမြို့နယ်များရှိ ဆရာ၊ဆရာမများကိုလည်း ကျန်းမာရေး စစ်ဆေးပေးခြင်းများပါ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။
“မိဘတွေ ပြည်သူတွေ ကလေးတွေ အထူးသဖြင့်တော့ ကျောင်းဖွင့်ဖို့ စိတ်ပူနေတာတွေ ရှိတယ်။ စိတ်ပူနေပေမယ့်လို့ ဒါကတော့ စိတ်မပူပါနဲ့လို့ ပြောလို့မရဘူးလေ လူ့သဘာ၀ အရပေါ့။ ဒါပေမယ့် အလွန်အကျွံကြီးလည်း စိတ်မပူပါနဲ့၊ ကျနော်တို့ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ကလေးတွေ အကျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ၏ ကျောင်းဆောင်များကို Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်ကျောင်းပေါင်း ၆၀၀၀ ကျော် ရှိပြီး ထိုကျောင်းဆောင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ပြုလုပ်၍ ဇွန်လ ၁၅ အပြီး ပညာရေး ဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းရန်လည်း ညွှန်ကြားထားသည်။
အခြေခံပညာ ကျောင်းများမဖွင့်မီ တက္ကသိုလ်ဝန်တမ်း စာမေးပွဲ အဖြလွှာ စစ်ရမည့်ကိစ္စရပ်များ၊ စတုတ္ထတန်းနှင့် အဌမတန်း အပါအဝင် ကျောင်းတွင်းစစ် စာမမေးပွဲအောင်စာရင်း ထုတ်ပြန်မည့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်နေကြာင်းသိရသည်။
ကျောင်းဆရာ၊ ဆရာမများကို ကျောင်းမဖွင့်မှီ အွန်လိုင်း သင်တန်းပေးခြင်းအပြင် လိုအပ်ပါက လူကိုယ်တိုင် တက်ရမည့် သင်တန်းများကိုလည်း ခေါ်ယူဆောင်ရွက်မည် ဟုဆိုသည်။
မြန်မာတနိုင်ငံလုံးတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများသို့ တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ ၁၀ သန်း နီးပါးရှိပြီး ၎င်းတို့ကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ဦးရေ စုစုပေါင်း ၄ သိန်းခွဲခန့် ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။
အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကို ကပ်ရောဂါ (Pansemic) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား ဗဟိုကော်မတီ အဖြစ် တိုးမြှင့် ဖွဲ့စည်းခဲ့ပြီး ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လူစုလူဝေးများကိုလည်း ကန့်သတ်ခဲ့သဖြင့် ကျောင်းများ ဆက် လက် ပိတ်ထားရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မေလ ၁၅ ရက် မနက်ပိုင်းထိ COVID-19 ပိုးတွေ့ရှိသူ ၁၈၁ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည် သက်သာ လာသူ ၈၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ ဘယ်လိုဖွင့်မှာလဲ
ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော
COVID-19 ကြောင့် လာမည့် ဇွန်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် မသေချာ