လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးဌာနမှ လစဉ် ကောက်ခံနေသော မီတာခကျသင့်ငွေကို သံသယရှိပါက တိုင်ကြား နိုင်ပြီး ချက်ချင်းဖြေရှင်း ပေးနေကြောင်း ယင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
“မီတာခတွေ မြင့်တယ်ဆိုတာက ကိုယ့်မီတာမှာ ရှိနေတဲ့ ဘေလ်ကို စိတ်ထဲ သံသယရှိတယ်ဆိုရင် ချက်ချင်း Complaint တက်လို့ရတဲ့ Call Center တွေဖွင့်ထားပါတယ်။ မြို့နယ်ရုံးကိုလည်း ချက်ချင်းသွားပြီးဆက်သွယ်ရင် ချက်ချင်းလိုက် ဖြေရှင်း ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
၎င်းကဆက်လက်ပြီး “ကိုယ်သုံးမှဖြစ်မှာလေ။ နဂိုကတည်းက ဒီနှုန်းပဲလေ။ အခုမှ နှုန်းသစ်သတ်မှတ်တာမှ မဟုတ်တာ ဟိုးအစကတည်းက ဒီနှုန်းလေ မီတာခတွေ ပြောင်းလဲကတည်းက ဒီနှုန်းပဲ ကြေညာထားပြီးသားလေ။ ကျနော်တို့ လုပ်တယ်ဆိုတာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒ အတိုင်းလုပ်တာပဲပေါ့” ဟု ထပ်မံရှင်းပြသည်။
ဧပြီလ၏ မီတာခကျသင့်ငွေများသည် ယခင်လများထက် ၂ ဆခန့် ပိုမိုကုန်ကျနေသဖြင့် ယခုရက်ပိုင်းအတွင်း ပြည်သူလူထုက ဝေဖန်မှုများလည်း ရှိနေသည်။
အစိုးရပိုင်းက ထိုသို့ ချက်ချင်းဖြေရှင်းပေးနေသည်ဟု ပြောကြားသော်လည်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများတွင် ပြည်သူများ၏ Complaint ပြုလုပ်မှုများကိုလည်း လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က သေချာစွာ ဖြေရှင်းပေးနေမှု မရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဝေဖန်လျက်ရှိသည်။
တာမွေမြို့နယ် သုခလမ်းနေသူ ဦးမျိုးမြင့်က “ဘာလို့ အဲဒီလောက်များနေလည်း မေးဖို့သွားတာ။ မီတာရုံးတခုလုံး ကိုယ်လို လူတွေချည်းပဲ။ မီတာပုံးကို ဓာတ်ပုံရိုက်လာလား။ မရိုက်လာရင် ပြန်ရိုက်ပြီးမှလာ။ ရိုက်လာတဲ့သူကျတော့ ယူနစ်ကတော့ မှန်နေတယ် ဖတ်တာ မမှားဘူး သုံးတာများလို့။ အဲဒီစကားတွေပဲ လူတိုင်းကို ထပ်ခါထပ်ခါ ပြောနေတော့ Complaint တက်လည်း ဘာထူးလို့လဲ” ဟု ပြောသည်။
“ပုံမှန် ၅ သောင်းလောက်ကျတာကို အခုက ၁ သိန်းနီးပါး ကျတယ်။ ကိုယ့်တအိမ်ထဲမှားနေလားလို့ လိုက်မေးကြည့်တော့ ပတ်ဝန်းကျင်အကုန် အဲဒီလို ကျနေတယ်။ Stay Home ဆိုတာကြီး အကြောင်းပြပြီး ယူနစ် ၂ ဆ တက်စရာ အကြောင်း မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESC မှ အထွေထွေမန်နေဂျာ ဦးကျော်သူက “ပိုဖတ်တာတော့ မဖြစ်ဘူးဗျ။ မီတာကတော့ တွေ့တဲ့ဂဏန်းကို ဖတ်ရတာ။ တခုတော့ရှိတယ် Stay Home ကြောင့်လည်း ဖြစ်နိုင်တယ်။ လူတွေလည်း အများစု အိမ်မှာနေကြာတာကိုး” ဟု တုံ့ပြန်ပြောကြားသည်။
ပုံမှန် မီတာယူနစ် ၂၀၀ ခန့် သုံးစွဲသူများက ၄၀၀ နီးပါး ဖြစ်နေပြီး ၄၀၀ သုံးစွဲသူက ၈၀၀ခန့်၊ ၈၀၀ ဝန်းကျင် သုံးစွဲသူက ယူနစ် ၁၅၀၀ ခန့်အထိ တပြေးညီ နှစ်ဆနီးပါး ယူနစ်ကုန်ကျမှုအပေါ် လျှပ်စစ်ဓာတ်အားအဖွဲ့၏ System အမှားအယွင်း သို့မဟုတ် တမင်တကာ ပြုလုပ်သည်ဟု ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိနေသည်။
ဒဂုံမြို့နယ်နေ ဒေါ်အေးအေးမြင့်က “ အိမ်ဆိုင်လေးဖွင့်ပြီး အရင်ကတည်းက အိမ်မှာပဲနေတာ။ မီတာခ လျှော့ပေးမယ်ဆို တော့ ဟုတ်ပြီပေါ့။ ပုံမှန်မီတာခ ၁၂၀၀၀ လောက်ကျတာ ခုက သုံးသောင်းနီးပါးဆိုတော့ ဘာထူးလို့လဲ။ ဈေးဝယ်စင်တာ တွေမှာ Discount ချသလိုပဲ ဟန်ဆောင်ပန်ဆောင်နဲ့” ဟု ပြောသည်။
ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးစွဲခဲ့သော အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး မေလ ၁ ရက်နေ့ ၁၅ ရက်နေ့အထိ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၇၅ ယူနစ် အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ဆက်စပ်လင့်
Stay Home ကြောင့် မီးပိုသုံးတယ်လို့ ယူဆတယ်