ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ စောင့်ကြည့်စင်တာ ၁ ခုမှ ထွက်ပြေးသူ အသက် ၄၆နှစ်ရှိ ကိုဇော်ဝင်းနိုင်ဆိုသူအား မြို့နယ်တရားရုံးက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် မေလ ၁၄ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “စောင့်ကြည့်စင်တာက ထွက်ပြေးတဲ့ အတွက် ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနက တရားစွဲဆိုတာ ဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီး ရေကြည်မြို့နယ် တရားရုံးတော်က ကိုဇော်ဝင်းနိုင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ကိုဇော်ဝင်းနိုင် သည် ရန်ကုန်မြို့မှ မေလ ၄ ရက်နေ့တွင် ပြန်လာပြီးနောက် ဇရပ်လှကျေးရွာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စောင့်ကြည့်စင်တာတွင် COVID – 19 ရောဂါ ရှိမရှိ ၂၁ ရက် စောင့်ကြည့်မှုခံယူနေစဉ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးခဲ့သည့် အတွက် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ရေကြည်မြို့နယ်တရားရုံးသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းကို ဇရပ်လှ တိုက်နယ် ဆရာဝန် ဒေါက်တာ ဖုန်းဝေအောင်က တရားလိုပြုလုပ်၍ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ရာ ရေကြည် မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ လ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်သည်။
ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းက “ကိုဇော်ဝင်းနိုင်က ရန်ကုန်မှာ အလုပ်လုပ်ပြီးတော့ မေလ ၄ ရက်နေ့က ပြန်လာတယ်။ ရန်ကုန်က ပြန်လာတာဖြစ်လို့ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက အထက်တန်း ကျောင်းမှာ ဖွင့်ထားတဲ့ စောင့်ကြည့်စင်တာမှာ ၂၁ ရက် စောင့်ကြည့်မှုခံယူဖို့ စီစဉ်ပေးခဲ့ ပါတယ်။ အဲဒါကို ၁၄ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးတာ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ကဖမ်းပြီး တရားရုံးကို တင်ပို့ခဲ့တာပါ”ဟု ပြောသည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက်ရှိ ပုလင်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်သီတာ အပါ အဝင် လူ ၄ ဦးနှင့် နေပြည်တော်တိုင်းမ် မှုခင်းသတင်းမီဒီယာအဖွဲ့မှ ဇေယျာမင်းထက် အပါအဝင် သတင်းထောက် ၃ ဦးတို့ မှာ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ အလုပ်သမားများ လာရောက်ခေါ်ဆောင်ရာတွင် ဒေသန္တရ အမိန့်ကို ချိုးဖောက် သည့်အတွက် ရေကြည်မြို့နယ်၊ တရားရုံးက ဧပြီလ ၂၇ ရက်နေ့တွင် ကူးစက်ရောဂါ တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၈ အရ အလုပ်နှင့်ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
၁၉၉၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ ကျန်းမာ ရေးဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသောအဖွဲ့အစည်း (သို့မဟုတ်) အရာရှိသည် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်နိုင်ပြီး အဆိုပါအမိန့်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ၅ သောင်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ စောင့်ကြည့် စင်တာ Community Based Quarantine Center မှ ထွက်ပြေး၍ အိမ်ပြန်နေခဲ့သူ ကိုဇော်လွင်အား လေးမျက်နှာမြို့နယ်တရားရုံး က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်သူ ၂၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံရ