ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် မြန်မာ့စီးပွားရေး အပေါ် သက်ရောက်မှုများကို ကုစားရေးလုပ်ငန်း ပိုမိုလုပ်ဆောင် နိုင်ရန် ရည်ရွယ်ပြီး နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ဦးဆောင်သည့် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ကို အစိုးရက မေလ ၁၄ ရက်၌ ဖွဲ့စည်းလိုက်သည်။
ထိုလုပ်ငန်း အဖွဲ့တွင် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည် ဖြစ်ပြီး ရင်း နှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ၊ ဗဟိုဘဏ် အပါအဝင် စီး ပွားရေးနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာန ၆ ခုမှ အကြီးတန်း အရာရှိများ ၁၀ ဦးအပြင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက် မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဒု ဥက္ကဋ္ဌ ဦးဝေဖြိုး၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အသင်း ဥက္ကဋ္ဌ ဦးဝမ်းတင်နှင့် ကမ္ဘာ့ဘဏ်၏ ဘဏ္ဍာရေးကဏ္ဍ အကြံပေး ဦးစောဒီနိုကူး တို့က အဖွဲ့ဝင်များဖြင့် ပါဝင် မည် ဖြစ်သည်။
အဆိုပါ လုပ်ငန်းအဖွဲ့သည် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ် ငန်း ကော်မတီ အစည်းအဝေး အမှတ်စဉ် ဆုံးဖြတ်ချက်ပါ လုပ်ငန်းများအား သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်း/ ပုဂ္ဂလိကဏ္ဍ တို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ခြင်း၊ COVID-19 ကြောင့် နိုင်ငံ၏ စီးပွားရေး အပေါ် သက်ရောက်လာနိုင် သည့် အခြေအနေများအား ကြိုတင် သုံးသပ်၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ထိခိုက်မှု ရှိနေသော စီးပွားရေး လုပ်ငန်းများသို့ အတိုးနှုန်း သက်သာသည့် ချေးငွေ (Stimulus package) စနစ်တကျ ထုတ်ပေးနိုင်ရေး ကြပ်မတ် ဆောင် ရွက်ခြင်း အပါအဝင် လုပ်ငန်းတာဝန် ၇ ခုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ဖွဲ့စည်းလိုက်သော လုပ်ငန်း အဖွဲ့ကို ဦးဆောင်မည့်သူ ဦးရဲမင်းဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟို စီးပွားရေး ကော်မတီဝင် တဦးလည်း ဖြစ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားထား ခြင်း ခံရသူများထဲမှ တဦးလည်း ဖြစ်သည်။
စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က “တခြား ကော်မတီတွေကတော့ မူဝါဒ အပိုင်းပေါ့။ ဒီအဖွဲ့ကတော့ တ ကယ် မြန်မြန်ဆန်ဆန် လက်တွေ့ လုပ်မယ့် အဖွဲ့လို့ မြင်တယ်။ ဦးရဲမင်းဦးက လူကြီးတွေကို (နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ) တိုက်ရိုက်လည်း ပြောလို့ဆိုလို့ ရနေတယ် မြေပြင်အခြေအနေလည်း သဘောပေါက်တဲ့ လူက ခေါင်းဆောင်တယ် ဆိုတော့ မဆိုးပါဘူးပေါ့” ဟု ပြောသည်။
လက်ရှိ အချိန်တွင် အစိုးရအနေဖြင့် COVID-19 ရိုက်ခတ်မှုကြောင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရန် အတွက် ဗဟိုဘဏ်က အတိုးနှုန်း လျှော့ချပေးခြင်း၊ အတိုးနှုန်း သက်သာသည့် ချေးငွေများ ထုတ်ချေးပေးခြင်း၊ အခွန် လျှော့ချပေးခြင်းများ အပြင် ရည်မှန်းချက် ၇ ခု၊ မဟာ ဗျူဟာ ၁၀ ခု၊ လုပ်ငန်းအစီအစဉ် ၃၆ ခုနှင့် ဆောင်ရွက်မှု ၇၆ ခု ပါဝင်သည့် CERP အစီအစဉ်ကလည်း ထုတ်ပြန်ထားသည်။
ထို လုပ်ငန်းအဖွဲ့တွင် ပါဝင်သော သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒု ညွှန်ကြားရေးမှူးချုပ် များသည်လည်း မြေပြင်တွင် စီးပွားရေး လုပ်ငန်းများနှင့် အမှန်တကယ် ထိတွေ့နေသူများဖြစ်ခြင်း အပြင် ပုဂ္ဂလိကဏ္ဍမှ ပုဂ္ဂိုလ်များလည်း ပါဝင်သည့်အတွက် ကြိုဆိုကြောင်း UMFCCI ၏ ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုလည်း အကောင်းဆုံး လုပ်နိုင်မယ်လို့ ထင်တဲ့ ဌာနစုံ၊ လုပ်ငန်းစုံကို အားလုံး ထည့်ထားပြီးတော့ ထိထိ ရောက် ရောက် လုပ်နိုင်အောင် ရည်ရွယ်တာပေါ့။ ဒီအဖွဲ့ကတော့ အောက်ခြေက တကယ့်အခြေအနေမှန်တွေကို စုစည်းပေးနိုင် လိမ့်မယ်လို့ထင်တယ်။ လုပ်ပေးတယ် မလုပ်ပေးနိုင်ဘူး ဆိုတာကတော့ သူတု့ိအထက်က ပေါ်လစီချတဲ့သူတွေ အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဆိုသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုအပေါ် ကုစားရေး လုပ်ငန်း ကော်မတီကို မတ်လ ၁၃ ရက်က သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပုဂ္ဂိုလ် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ထိခိုက်ခဲ့သော စီးပွားရေး လုပ်ငန်းများ ကို နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ အား ပထမအသုတ်မှ ယခု တတိယအသုတ်အထိ ထုတ်ချေးပေးပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး
ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်
ဗဟိုဘဏ် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်လျှော့မည်
ပြည်တွင်းဘဏ်များအပေါ် ကန့်သတ်ချက် အချို့ ဗဟိုဘဏ် ဖြေလျှော့ပေး