ဝါကျွတ်အိးဒ်နှင့် ကုရ်ဘာနီအိးဒ်နေ့များတွင် အခမ်းအနားများအား လူစုလူဝေးနှင့်မပြုလုပ်ဘဲ ကျန်းမာရေး ညွန် ကြား ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အစ္စလာမ်သာသနာရေးအဖွဲ့ကြီးထံသို့ မေလ ၁၄ ရက်နေ့က အကြောင်း ကြားထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောသည်။
အစ္စလာမ်ဘာသာဝင်များ၏ အိဒုလ်ဖိသွရ်(ဝါကျွတ်အိးဒ်)နေ့သည် ရာမာဒန် ဥပုသ်ကာလပြီးဆုံးမည့် နောက် ၁၀ ရက်ခန့် တွင် ကျရောက်မည်ဖြစ်သော်လည်း အိဒုလ်အဿွာဟာ(ကုရ်ဘာနီအိးဒ်)နေ့သည် နောက်ထပ်ရက်ပေါင်း ၇၀ ခန့် (၂ လခွဲ) မှသာ ကျရောက်မည်ဖြစ်ကြောင်း သိရသည်။
ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့(SEQK) ဥက္ကဋ္ဌ မုဖ်သီဦးစန်းအောင်က “ ကျနော်တို့ အစည်းအဝေးလုပ်ပြီးပြီ။ ဗလီ တွေအားလုံးပိတ်ထားမယ်၊ ဗလီဆရာနဲ့ နောက်က တယောက်နှစ်ယောက်နဲ့ပဲ လုပ်မယ်ပေါ့။ နောက် ၁၀ ရက် လောက်မှာ ဥပုဒ်အပြီးမှာ ကျမယ့် အိးဒ်နေ့ကို ပြောတာက ပြဿနာမရှိဘူး။ နှစ်လလောက် လိုသေးတာကို ကြိုပြီးပြောတာရှိတော့ တချို့ကလည်း တမျိုး မြင်ကြတာရှိတယ်” ဟု ပြောသည်။
ဝန်ကြီးဌာနမှ ယခုကဲ့သို့ ရက်ပေါင်း ၇၀ ခန့်လိုသေးသည့် ပွဲတော်တခုအား ကြိုတင်၍ သတိပေး အကြောင်းကြားခြင်း အပေါ် ယင်းကာလအထိ ကန့်သတ်ပိတ်ပင်မှုများပြုလုပ်မည်ဟု ထင်မြင်ကာ ထိတ်လန့်မှုများ ဖြစ်နိုင်သည့် အတွက် ပိုမိုရှင်းလင်းပြီး နားလည်လက်ခံနိုင်သည့် အကြောင်းကြားစာ ထပ်မံထုတ်ပေးစေလိုကြောင်းလည်း ဦးစန်းအောင်က ပြောသည်။
COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ဘာသာရေး အခမ်းအနားများ အပါအဝင် လူစုလူဝေးဖြစ်စေမည့် ပွဲတော်နှင့် လုပ်ရပ်များအား တားမြစ်ပိတ်ပင်မှုကို ယခု မေလကုန်အထိ အစိုးရက သတ် မှတ်ထားပြီး လူစုလူဝေးမလုပ်ရန် အားလုံးကို အကြောင်းထားကြောင်း သာသနာရေးဝန်ကြီးဌာနက သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွန်ကြားရေးမှူး(သာသနာရေး) ဦးအောင်ဆန်းဝင်းက “အကုန်လုံးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ထိန်းသိမ်းရေး ညွန်ကြားချက်များနဲ့အညီ ဆောင်ရွက်ဖို့ အကြောင်းကြားထားတာပါ။ သာသနာရေး ဦးစီးဌာနက ထုတ်ထားတာမှန်ပါတယ်”ဟု ပြောသည်။
COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် တိုင်းနှင့်ပြည်နယ်အလိုက် ဒေသန္တရအမိန့်များ ထုတ်ပြန်ကာ ကန့်သတ်ထားစဉ်အတွင်း ဘာသာရေးအခမ်းအနားများနှင့် လူမှုရေးအခမ်းအနား ပြုလုပ်သူများကိုလည်း အစိုးရက အရေးယူလျှက်ရှိသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်တွင် ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ၁၂ ဦးအား ထောင်ဒဏ် ၃ လကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘုရားထီးပင့်ဆောင်ရန်အတွက် လူစုလူဝေးဖြင့် ပြုလုပ်ရာတွင် ဦးဆောင်ပါဝင်သူ ၁ ဦးကိုလည်း မေလ ၁၂ ရက်နေ့က ထောင်ဒဏ် ၉ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ဘုန်းကြီးပျံပွဲအား လူစုလူဝေးဖြင့် ပြုလုပ်ခဲ့သူကိုလည်း ငွေဒဏ်ကျပ် ၁ သိန်းချမှတ်ခဲ့သည်။
လတ်တလောကူးစက်မှုများအတွင်း လူ ၈၀ ကျော်အထိ ကူးစက်စေခဲ့သည့် ဝတ်ပြုဆုတောင်းပွဲတခုအား ပြုလုပ်ခဲ့ သည့် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဆောင်ပါဝင်သူ ၃ ဦးကိုလည်း မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ် တို့တွင် အမှုဖွင့်ထားသော်လည်း တရားစွဲတင် အမိန့်ချမှတ်ခြင်းတော့ မရှိသေးပေ။
စောဒေးဗစ်လားအပါအဝင် ၎င်းတို့ ၄ ဦးသည်လည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည့်အတွက် ဆေးကုသမှုခံယူခဲ့ရပြီး ယခုအချိန်တွင် ပြန်လည်ကောင်းမွန်ခဲ့ပြီဖြစ်သည့်အတွက် ဆေးရုံမှဆင်းကာ ဆက်လက်၍ ကန့်သတ်စောင့်ကြည့်မှုဖြင့် နေထိုင်လျှက်ရှိကြောင်းသိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် မေလ ၁၅ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ရောဂါကူးစက်ခံရသူ ၁၈၁ ဦးရှိပြီး ပြန်လည် သက်သာ ကောင်းမွန်လာသူ ၈၄ ဦးရှိပြီဖြစ်ကာ သေဆုံးသူမှာ ၆ ဦးရှိခဲ့သည်။
လူစုလူဝေးဖြင့် ဘာသာရေးပွဲအပြင် မင်္ဂလာဆောင်ပွဲကျင်းပခဲ့သူများကိုလည်း အရေးယူလျှက်ရှိပြီး ပြစ်ဒဏ်ချမှတ်ရာတွင် ထောင်ဒဏ်အထိ ချမှတ်သလို ငွေဒဏ်သာချမှတ်မှုမျာ းရှိသည့်အတွက်လည်း ပြစ်ဒဏ်များ တန်းတူညီမျှမှုမရှိသည့်အပေါ် ဝေဖန်မှုများလည်းရှိနေသည်။
ဆက်စပ်ဖတ်ရှုရန် –
ကိုဗစ်-၁၉ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အမျိုးမျိုးအပေါ် ဝေဖန်နေ
လူစုလူဝေးဖြင့် ဝတ်ပြုရာ တွင် ပါဝင်သည့် ကလေး ၂ ဦး မေ ၁၉ ၌ အမိန့်ချမည်
နေအိမ်တွင်း လူစုလူဝေးဖြင့် ဝတ်ပြုခဲ့သူ ၁၂ ဦးအား ထောင်ဒဏ် ၃ လ ချမှတ်