တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရသူများကို ပြန်လည်ကယ်ထုတ်ရန် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်နေကြောင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်များရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး (လူကုန်တား) ရဲတပ်ဖွဲ့ဝင်တချို့ထံမှ သိရသည်။
မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့မှ မိမိတို့ထံသို့ ဆက်သွားလာသည့် လူကုန်ကူးခံရသူများ၏ အချက်အလက်များ၊ မြန်မာနိုင်ငံရှိ လူကုန်ကူးခံရသူများ၏ မိသားစုဝင်များထံမှ ရရှိသည့် အချက်အလက်များကို တရုတ်ရဲတပ်ဖွဲ့ထံသို့ ပေးပို့ထားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသဖြင့် ခက်ခဲနေခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်မြန်မာနယ်စပ် လွယ်ကျယ်ဂိတ်မှ လူကုန်တားရဲတပ်ဖွဲ့ တာဝန်ရှိသူတဦး က “ကျနော်တို့ကို WeChat က တဆင့် လာဆက်သွယ်တာလဲရှိတယ်။ မြန်မာတနိုင်ငံလုံးက လူကုန်တားတပ်ဖွဲ့တွေကနေ ပေးပို့လာတဲ့ အချက်အလက်တွေ အားလုံးကို ကျနော်တို့ တရုတ်ရဲကို ပေးထားတာ။ တော်တော်ကြာပြီ။ အရင်ကဆိုရင် ပေးပို့လိုက်တာနဲ့ အများဆုံး ကြာလှ ၁ လ၊ ၂ လပဲ။ အခုက ကျနော့်ဆီကပဲ ပေးပို့ထားတာ ဒီအတောအတွင်း ၅ ယောက်နဲ့ဆို ပေါင်းရင် ၃ဝ လောကရှိနေပြီ။ ပြန်ကယ်ပြီး မပို့သေးဘူး” ဟု ဆိုသည်။
ထိုကဲ့သို့ ဖြစ်ခြင်းသည် တရုတ်နိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံနေရသည့် အခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း တရုတ်မြန်မာနယ်စပ်ဂိတ်တခုဖြစ်သည့် ချင်းရွေဟော် နယ်စပ်ဂိတ်မှ လူကုန်တားတပ်ဖွဲ့အရာရှိ ရဲအုပ် ဇော်ဝင်းမြင့်က ပြောသည်။
တရုတ်ရဲတပ်ဖွဲ့အပြင် ပြည်ပဆက်ဆံရေးရုံးများ၊ သံရုံးအထိ အားလုံးကို ပေးပို့အကူညီ တောင်းခံထားပြီး COVID-19 စတင်ဖြစ်သည့်အချိန်က စပြီး ယနေ့အချိန်အထိ တရုတ်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်ကယ်ထုတ်ပေးရန် ပေးပို့ထားသည်မှာ ၄ ဦးခန့်ရှိနေကြာင်း သူက ဆက်ပြောသည်။
ရဲအုပ် ဇော်ဝင်းမြင့်က “ကျနော်တို့ဆီက ကယ်ပေးပါလို့ တောင်းထားတာပဲရှိတယ်။ သူတို့ ကယ်ထုတ်ပေးပြီး ကျနော်တို့ဆီ ပြန်လွှဲတာမျိုး မရှိသေးဘူးဗျ။ ဘာလို့လဲဆိုရင်တော့ COVID-19 လို့ပဲ ထင်ပါတယ်။ သူတို့ မေးလိုက်တိုင်း လောလောဆယ် သွားတာတော့ မရှိသေးဘူးပဲ ပြန်ဖြေတယ်” ဟု ဆိုသည်။
နေပြည်တော်ရှိ လူကုန်တားရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး အောင်သက်နိုင်ကတော့ ထိုကဲ့သို့ တရုတ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရသည်မှာ အခက်အခဲတွေ့နေကြရသည်ကို မကြားမိကြောင်း၊ နယ်စပ် မြို့လေးတွေတွင်သာ လူကုန်ကူးခံနေရခြင်းမျိုးကို ကယ်ထုတ်ရသည်မှာ လွယ်ကူသော်လည်း ပြည်နယ်များစွားခြားသွားသည့် လူကုန်ကူးခံရသူများကို ကယ်ထုတ်ရကတော့ အခက်အခဲတချို့ ရှိပြီး အချိန်အတိုင်းအတာ စောင့်ရသည်ဟု ပြောသည်။
ရဲမှူးကြီး အောင်သက်နိုင်က “ခင်ဗျားကို အဲ့ဒီလို ပြန်ကယ်ဖို့ အခက်အခဲရှိတယ်လို့ ဘယ်သူတွေပြောလဲဗျ။ နယ်စပ်ဂိတ်ပေါက်တွေက သိတယ်ဆိုရင် သူတို့ကို သေချာမေးလိုက်ပါ။ ကျနော်တော့ အခက်အခဲ ဖြစ်နေတယ်လို့ မကြားမိဘူး။ အခက်အခဲ ဖြစ်တယ်ဆိုရင် ဒါက အထောက်အထား ရရှိမှုပေါ် မူတည်ပြီးမှ ခက်ခဲတာပဲ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ပေးပို့တဲ့ ဘယ်မြို့၊ ဘယ်ပြည်နယ်ဆိုပေမယ့် ကျနော်တို့ အသံထွက်နဲ့ တရုတ်အသံထွက်ကွဲတဲ့အခါ အဲ့ဒီမှာ သွားကြည့်။ မရှိတာတွေလဲ ရှိနေတာ” ဟု ဆိုသည်။
COVID-19 ကြောင့် တရုတ်ပြည်မှ ပြန်ဝင်လာသူများထဲတွင် လူကုန်ကူးမှု ခံရသူများ ပါဝင်သည်ကိုတော့ လတ်တလော မတွေ့ရသေးကြောင်း၊ သို့သော်လည်း ၎င်းတို့ နေရပ်လိပ်စာကို အပြည့်အစုံ ယူထားပြီး ၎င်းတို့ပြန်မည့် သက်ဆိုင်ရာ မြို့နယ်အလိုက် လူကုန်တားရဲတပ်ဖွဲ့ဝင်များထံ ပေးပို့ကာ စုံစစ်းစစ်ဆေးခြင်း၊ တချိန်က လူကုန်ကူးခံခဲ့ရသူ ပါဝင်ခဲ့လျှင် ချက်ခြင်း ဆောင်ရွက်ရန်ကိုတော့ ညွှန်ကြားထားသည်ဟု သူက ဆက်ဆိုသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဇန်နဝါရီလမှ ဧပြီလအထိ အမှုပေါင်း ၃၇ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၉၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လူကုန်ကူးခံရသူ ၇၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်တား ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
You may also like these stories:
ရေကြည်မြို့နယ်ရှိ စောင့်ကြည့်စင်တာမှ ထွက်ပြေးသူ အလုပ်နှင့် ထောင်ဒဏ် ၁ လချမှတ်ခံရ
လူစုလူဝေးဖြင့် ဝတ်ပြုရာ တွင် ပါဝင်သည့် ကလေး ၂ ဦး မေ ၁၉ ၌ အမိန့်ချမည်