သတင်း

မန္တလေး ဈေးချိုအပါအဝင် ဈေးကြီး ၇ ခုအား ဖွင့်လှစ်ခွင့် မပြုသေး

Want create site? Find Free WordPress Themes and plugins.

မန္တလေးဈေးချိုအပါအဝင် ဈေးကြီး ၇ ခုအား ဒုတိယ ဦးစားပေး အဆင့် သတ်မှတ်ကာ လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ကိစ္စများ ပြုလုပ်ထားရှိမှုအား စစ်ဆေး၍ ပြည့်စုံမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက မေ ၁၄ ရက်က သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက် အရ မန္တလေးစည်ပင် နယ်နိမိတ်ရှိ ဈေးပေါင်း ၄၁ ဈေးအား မတ်လ ၁၆ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်သော်လည်း မန္တလေးမြို့၏ အထင်ကရ ဈေးကြီးများဖြစ်သော ဈေးချို၊ တောင် မြောက်တိုက်တန်းကြီး၊ မန်းမြန်မာ၊ ရွှေကံကော်ရုံ ၊ ဈေးချိုပလာဇာ၊ ရတနာပုံဈေးနှင့် ဈေးချိုညဈေးတို့အား မတ်လ ၁၆ ရက်တွင် ဖွင့်လှစ်ခွင့် မပြုသေးဟု ပါရှိသည်။

မန္တလေး ဈေးချို ဈေးအကျိုးတော်ဆောင် အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက “အခုကတော့ စည်ပင်က ညွှန်ကြားထား တဲ့ အချက်တွေကို မနက်ဖန်က စပြီး လုပ်ကြမှာဆိုတော့ အဲဒါတွေ ပြင်ဆင်ဖို့ တပတ်လောက်တော့ အချိန်ယူရမယ်။ အဲဒါတွေ ပြင်ဆင်ပြီးလို့ စစ်ဆေးမှာနဲ့ အားလုံး ပြည့်စုံလို့ ဖွင့်ခွင့်ရမယ်ဆိုရင်တော့ ဒီလ မကုန်ခင်လောက် ဖွင့်နိုင်မယ် လို့ ယူ ဆပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖွင့်လှစ်ခွင့် မရသေးသော ဈေးကြီး ၇ ခုနှင့် ပတ်သက်၍ ဈေးအကျိုးတောင်ဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ မတ် လ ၁၆ ရက်တွင် ဈေးရောင်းချခြင်း လုံး၀ မပြုရဘဲ ဈေးရုံအတွင်း ဈေးဆိုင်များ၊ ကျူးကျော် ရောင်သူများအားလုံး ရှင်း လင်းရန်၊ လေဝင်လေထွက် ကောင်းစေရေး စီစဉ်ရန်၊ အားလုံး Mask စနစ်တကျ တပ်ရန်၊ ဈေးအကျိုးတော်ဆောင် အဖွဲ့က ဆိုင်ခန်း တခန်းလျှင် ဆိုင်ရှင် ၁ ဦးနှင့် လုပ်သား ၁ ဦးကို မှတ်တမ်းတင်၍ လည်ဆွဲကတ် ထုတ်ပေးရန်၊ ဈေး အပြင် ပရဝုဏ်အတွင်း အလုပ်သမားများ၊ အငှားယာဉ်မောင်းများ၊ ပစ္စည်းများ၊ ယာဉ်များ စုပြုံ ပိတ်ဆို့မှု မဖြစ်စေရေးကို ကြပ်မတ်ရန်တို့ ပါဝင်သည်။

ထို့ပြင် ဈေးအတွင်း ဝင်ရောက်ကုန်ထမ်းပိုးရန် သင့်လျော်သော အရေအတွက်ကို စိစစ်ပြီး ဈေးဌာန၏ အတည်ပြု ချက်ဖြင့် ဈေးအကျိုးတော်ဆောင် အဖွဲ့က လည်ဆွဲကတ် ထုတ်ပေးရန်၊ Social Distancing ဖြစ်ရေး အဓိကထားရန်၊ ဆိုင်ဝန်ထမ်းများကို ဆိုင်မဖွင့်မီ အပူချိန် တိုင်းတာပြီးမှ ဝင်ရောက်စေရန် ဆိုသည့် အချက်များအား ဈေးအတွင်းရှိ ဈေးဆိုင် အသီးသီးက ဆောင်ရွက်ကြရန် ဖြစ်သည်။

အထက်ပါ အချက်များ ဈေးဆိုင် အသီးသီးက ဆောင်ရွက်ထားရှိမှု ပြည့်စုံခြင်း ရှိ မရှိ ဈေးအကျိုးတော်ဆောင်အဖွဲ့က ပဏာမ စိစစ်ပြီး ပြည့်စုံပြီ ဆိုပါက မန်းစည်ပင် ကော်မတီ ဈေးဌာနသို့ သတင်းပို့ရန်နှင့် ကော်မတီက ဈေးများအား ကွင်းဆင်း စစ်ဆေးပြီး ခွင့်ပြုရန် သင့်တော်သောဈေးများအား စတင်ဖွင့်လှစ် ခွင့်ပြုမည် ဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။

ဈေးအကျိုးတော်ဆောင်အဖွဲ့က ကိုဗစ်ကာလအတွင်း သတ်မှတ်ချက်အရ ဈေးများအား ပြန်လည် ဖွင့်လှစ်ခွင့်ရပါက မူလ ဈေးဖွင့်လှစ်ချိန်ကို နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခွဲ အစား နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိသာ ဖွင့်လှစ် ခွင့်ပြုမည် ဖြစ်သည်ဟု သိရသည်။

အချို့သော ဈေးဆိုင် ပိုင်ရှင်များက တဆိုင်လျှင် ဝန်ထမ်း တယောက်သာ ထားရှိရမည့် အချက်အပေါ် ဝန်ထမ်း အင် အား နည်းသည်ဟု ပြောဆိုနေမှုများ ရှိနေကြောင်း သိရသည်။

ဆိုင်ခန်းများရှိ ဝန်ထမ်းဦးရေ သတ်မှတ်ရာတွင် ၈ ပေ ပတ်လည် အကျယ်အခန်း တခန်းလျှင် ဆိုင်ရှင်နှင့် ဝန်ထမ်း တဦး စုစုပေါင်း၂ ဦး၊ ၁၂ ပေပတ်လည်အခန်းဖြစ်ပါက ဝန်ထမ်း ၂ ဦး၊ ၁၂ ပေနှင့် ၂၅ ပေ ပတ်လည်ဖြစ်ပါက ဝန်ထမ်း၂ဦ းထားရှိနိုင်မည်ဟု ဈေးအကျိုးတော်အဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။

ယခုအခါ ၈ပေပတ်လည် ကျယ်သည့် ဆိုင်ခန်းများအတွင်း ဆိုင်ရှင်နှင့် ဝန်ထမ်းတဦး စုစုပေါင်း ၂ဦးသာ ထားမည်ဖြစ် သဖြင့် သတ်မှတ်ထားသည့် Social Distancing အနေအထားထက် ပိုမိုဖြေလျှော့ထားပြီး ဖြစ်သလို အဆိုပါ သတ်မှတ် ချက် သည်လည်း ရေရှည် မဟုတ်သဖြင့် ဆိုင်ခန်း ပိုင်ရှင်များအနေဖြင့် နားလည် လိုက်နာပေးရန် ဈေးအကျိုးတော် ဆောင်အဖွ့ဲက ပန်ကြားထားသည်။

ဈေးချို မန်းမြန်မာပလာဇာရှိ အထည်ဆိုင်ပိုင်ရှင်တဦးဖြစ်သူ မမေသက်က “တချို့ဆိုင်တွေကလဲ ခွင့်ပြုပေးတဲ့ ဝန်ထမ်း အရေအတွက် နည်းလို့ အဆင်မပြေဘူး ပြောကြတာကြားပေမယ့် အခုအနေအထားအရ တခြားဒေသတွေကလည်း လော့ဒေါင်းလုပ်ထားတာဆိုတော့ နယ်အဝယ်တွေလည်း မလာနိုင်သေးဘူး။ ဆိုင်အဖွင့်ပြရုံ သဘောမျိုးမို့ သိပ်ပြသနာ မရှိပါဘူး။ နောက်ပြီး ဆိုင်အကြီးတွေဆိုရင် ၂ ခန်းတွဲတွေ ယူထားကြတာ ဆိုတော့ ဝန်ထမ်းက ၂ ခန်းစာ ထားလို့ရမယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေးတိုင်း ညမထွက်ရ ၁၀ နာရီမှ ၁၂ နာရီ ပြောင်း

ရန်ကုန် လက်ကားဈေးကြီးများနှင့် ရွှေဈေးကွက်တို့ ပြန်ဖွင့်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading