ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဥရောပ အဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း မေလ ၁၄ ရက်နေ့ တွင် ကြေညာခဲ့ကြပြီး တရုတ်နိုင်ငံက အတည်ပြုရန် ငြင်းဆန်ခဲ့သည့် ကြေညာချက်တခုတွင် မြန်မာနိုင်ငံအတွင်းမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု နယူးယောက်မှ လာသော AFP သတင်းက ဆိုသည်။
ဆွေးနွေးပွဲကို စတင်ခဲ့သည့် ဗြိတိန်နိုင်ငံက မြန်မာ့တပ်မတော်နှင့် ရခိုင် လက်နက်ကိုင် အဖွဲ့ AA တို့ ကြားမှ အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာခြင်းက ကမာ္ဘလုံးဆိုင်ရာ Covid-19 အကျပ်အတည်းကာလတွင် အရပ်သားများအပေါ် ကြီးမားစွာ ထိခိုက်နစ်နာစေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။
တိုင်းပြည်၏ အနောက်မြောက်ပိုင်းသည် မြန်မာ့တပ်မတော်နှင့် ဒေသတွင်း ရခိုင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရန် တောင်းဆိုနေသည့် ရခိုင်တပ်မတော်တို့ကြားမှ ရက်စက်မှုတိုးပွားလာနေသည့် ပြည်တွင်းစစ်ပွဲတခု အတွင်းတွင် ကျရောက်နေခဲ့သည်။
“ပဋိပက္ခက ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကို မြင့်တက်စေခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ထပ်မံ ကန့်သတ်မှုများနဲ့ ထိခိုက်သေဆုံးရတဲ့ အရပ်သားများ အရေအတွက်ကို တိုးပွားလာစေခဲ့ပြီး ဖြစ်ပါတယ်” ဗြိတိန်က ကြေငြာချက် တစောင်တွင် ပြောသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်များဖြစ်သော ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း အလားတူ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး “ကျယ်ပြန့် ပြည့်စုံသော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးတခု” ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြသည်။
“အသိုင်းအဝိုင်း အားလုံးကို အကာအကွယ်ပေးတဲ့၊ ဒုက္ခသည်များနဲ့ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများရဲ့ အားနည်းမှုများကို ထည့်သွင်းစဉ်းစားတဲ့ အားလုံးပါဝင်သော Covid-19 ကူးစက်ကပ်ရောဂါ တုန့်ပြန်မှုတခုရဲ့ အရေးပါမှုကို အလေးထား ပြောကြားလိုပါတယ်” သူတို့က ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင် အမျိုးသမီးများကိုလည်း ရည်ညွှန်းဖော်ပြခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ဝင်ရောက်စွက်ဖက်မှုကို ပုံမှန်ဆန့်ကျင်၍ မြန်မာနိုင်ငံကို ကျောထောက် နောက်ခံပေးနေသော တရုတ်နိုင်ငံက ကောင်စီအဖွဲ့ဝင် ၁၅ ဦး ၏ ပူးတွဲကြေညာချက် တခု အကောင်အထည်ဖော်ရေးကို တားဆီး ပိတ်ပင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ နောက်ဆုံးပြုလုပ်ခဲ့သည့် ကုလလုံခြုံရေးကောင်စီ၏ အစည်းအဝေးမှာ ဖေဖော်ဝါရီလတွင် ဖြစ်သည်။
You may also like these stories:
ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့
WHO ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်မှုသက်သက်မျှသာ
ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရ အဆင်သင့်ဖြစ်ပြီလား