ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ပထမဆုံးကူးစက်မှုကိုတွေ့ရှိပြီးနောက် အရေးပေါ်အဖွဲ့များသည် ထိုစခန်းများတွင် ဗိုင်းရပ်ကူးစက်မှု အဖြစ်ဆိုးများကို တားဆီးရန်အတွက် သောကြာနေ့တွင် အချိန်လု လုပ်ဆောင်နေခဲ့ကြသည်။
ကော့ဆက်ဘဇားရှိ ဒုက္ခသည် စခန်း ၃၄ ခုပါဝင်သော ရေဆိုးမြောင်းများမှ ရေများဖြင့် လျှံနေပြီး ကျပ်သိပ်နေသည့် လမ်းကြားများတွင် ကိုရိုနာဗိုင်းရပ်စ်သည် တောမီးသဖွယ် ပျံ့နှံ့နိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။
ထိုစခန်းများမှ ဒုက္ခသည်အများစုသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ စစ်ဆင်ရေးများမှ ထွက်ပြေးလာပြီးနောက် ခိုလှုံနေသည့် ဒုက္ခသည် ၇၅၀၀၀၀ တွင်ပါဝင်သော မွတ်ဆလင်များဖြစ်ကြသည်။ ထိုစစ်ဆင်ရေးများအတွက် မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးတွင် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်။
ဒုက္ခသည်နှစ်ဦးတွင် ရောဂါပိုးတွေ့ရကြောင်း ဒေသခံ ကျန်းမာရေးဝန်ထမ်းက ကြာသပတေးနေ့တွင် ပြောသည်။
သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ရောဂါပိုးတွေ့သူတဦးမှာ ဒုက္ခသည် အမျိုးသားဖြစ်ပြီး အခြားတဦးမှာ ထိုအနီးနားတွင်နေထိုင်သော ဒေသခံဖြစ်ကြောင်း သိရသည်။
ထိုသတင်းကြောင့် စခန်းများအတွင်း တုန်လှုပ်မှုများဖြစ်စေကြောင်း ကော့ဗဇား ခရိုင် ကျန်းမာရေး အကြီးအကဲ မာဘူဘာ ရာမန်ပြောသည်။
ဒုက္ခသည်စခန်းများအနက် အကြီးဆုံးဖြစ်သော ကုတုပလောင်စခန်းတွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ထိုအမျိုးသားသည် ရဲတပ်ဖွဲ့က သူ့ကိုမတွေ့ရှိမီအထိ ၄ နာရီကြာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် သူ့ကို ပိုက်စိတ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။
“ကျနော်တို့ စိုးရိမ်နေတယ်။ သူ့ကြောင့် စခန်းတွေထဲမှာ ရောဂါပျံ့သွားနိုင်တယ်” ဟု ရပ်ရွာ အသိုင်းအဝန်း ခေါင်းဆောင် အဗ်ဒါ ရာဟင်က AFP သတင်းဌာနသို့ပြောသည်။
ထိုသူသည် ဒဏ်ရာရရှိခဲ့သော သူနှင့် ညီအကိုတော်သူကို အနီးရှိ ဆေးရုံသို့ ပို့ဆောင်စဉ် ရောဂါကူးစက်ခံရခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ရာဟင်ပြောသည်။
ရှောင်တခင် စုံစမ်းစစ်ဆေးရေး အဖွဲ့များကို ဖြန့်ချထားကြောင်း WHO ပြောခွင့်ရသူ ကက်တလင် ဘာကာရူက AFP သတင်းဌာနသို့ပြောသည်။
စခန်းတခုမှ လူ ၅၀၀၀ ထောင်ခန့်နေထိုင်သည့် ရပ်ကွက်အုပ်စုတခုလုံးကို ပိတ်ဆို့ထားကြောင်းနှင့် ထိုသူနှင့် အဆက်အသွယ်ရှိခဲ့သူ အားလုံးကို ခြေရာခံလိုက်ပြီး သီးခြားနေရာများတွင် ထားရှိမည်ဟုလည်း သူပြောသည်။
ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုကို လက်ရှိအချိန်တွင် တနေ့ ၅ ဦးမှ ၁၀ ဦးအထိလုပ်ဆောင်နေရာမှ တနေ့လျှင် လူ ၁၀၀ စစ်ဆေးနိုင်ရေးအတွက် အရှိန်မြှင့်သွားမည်ဟု သူပြောသည်။
စမ်းသပ်မှု စွမ်းရည်မြှင့်တင်ရေး၊ သီးခြားခွဲထားရေး၊ ကုသရေးနှင့် ကျန်းမာရေးလုပ်သားများ လေ့ကျင့်ရေး၊ လူမှုအသိုင်းအဝန်းများသို့ အသိပညာပေးရေးတို့အတွက် ကျန်းမာရေးကဏ္ဍသည် ဖေဖေါ်ဝါရီလမှ စတင်ပြီး ၂၄ နာရီတာဝန်ထမ်းဆောင်နေကြောင်းလည်း သူပြောသည်။
ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ ကုသရေးဌာန ၁၂ ခုကို ထူထောင်နေကြောင်းနှင့် အထူးကြပ်မတ်ကုသကုတင် ၁၉၀၀၊ သွားလာနေထိုင်မှု ကန့်သတ်ရေးဌာန ၅ ခုနှင့် သီးခြားထားရှိရေး အဆောက်အအုံ ၂၀ ကို စီစဉ်မည်ဖြစ်ကြောင်း ထိုဒုက္ခသည် အေဂျင်စီကပြောသည်။
ကျန်းမာရေးလုပ်သားများ စခန်းတွင်းသို့ဝင်ရောက်ရေးနှင့် အစားအစာနှင့်လောင်စာများ အိမ်အရောက် ပို့ဆောင်ရေးအတွက် လူသားချင်းစာနာမှုအဖွဲ့များက ကူညီမည်ဖြစ်ကြောင်းလည်း သူပြောသည်။
“အထူးသဖြင့်ထိခိုက်လွယ်တဲ့ ဒီ လူအုပ်စုတွေအတွက် လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုဖြစ်စေဖို့ နောက်ထပ် နိုင်ငံတကာ သွေးစည်းညီညွတ်မှုနဲ့ အထောက်အပံ့တွေကို ကျနော်တို့ တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။
ထောင်နှင့်ချီသေဆုံးနိုင်
ကိုဗစ်-၁၉ ကူးစက်မှု အများအပြားကို ရှာဖွေတွေ့ရှိပြီးနောက် ဒုက္ခသည်များအပါအဝင် လူ ၃.၄ သန်းနေထိုင်ရာ ကော့ဆက်ဘဇားခရိုင်ကို အာဏာပိုင်များက ဧပြီလ အစောပိုင်းကပင် ပိတ်ဆို့ထားခဲ့သည်။
စခန်းများသို့ ယာဉ် အဝင်အထွက်ကို ကန့်သတ်လိုက်ပြီး အကူအညီပေးရေးအဖွဲ့များ၏ လူဦးရေကိုလည်း ၈၀ ရာခိုင်နှုန်း လျှော့ချစေခဲ့သည်။ လူဦးရေ ၁၈၆ သန်းရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတခုလုံးကို ပိတ်ဆို့ထားပြီး မကြာသေးမီရက်များအတွင် ရောဂါကူးစက်မှုသစ်များ အလျှင့်အမြန် မြင့်မားလာပြီး သောကြာနေ့အထိ လူ ၂ သောင်းကျော်ကူးစက်ကာ လူ ၃၀၀ နီးပါး သေဆုံးပြီးဖြစ်သည်။
ထိုဗိုင်းရပ်စ်သည် မယုံကြည်နိုင်လောက်အောင် လူကျပ်နေသော ထိုစခန်းများသို့ရောက်ရှိပြီး အလျှင်အမြန် ပျံ့နှံ့မည်ကို လွှဲရှောင်နိုင်မည်မဟုတ်ကြောင်း ထိုစခန်းများသို့ သွားရောက်ခဲ့သူ အမေရိကန်အရာရှိ ဆမ် ဘရောင်ဘက်ပြောသည်။
ထိုသို့ပျံ့နှံ့ခြင်းသည် အိပ်မက်ဆိုး အမှန်တကယ်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း Refugees International မှ ဒန်နီယယ် ဆူလီဗန် ပြောသည်။
အထူးကြပ်မတ်ကုသ ကုတင်မရှိသော စခန်းများတွင် လူထောင်ချီသေဆုံးနိုင်သည့် အလားအလာရှိကြောင်း Save the Children မှ ရှာမင် ဂျာဟန်ပြောသည်။
ကိုးကား။ ။ AFP
You may also like these stories:
ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရ အဆင်သင့်ဖြစ်ပြီလား
အိးဒ်နေ့၌ လူစုလူဝေး မလုပ်ဖို့ ဝန်ကြီးဌာန အကြောင်းကြား
ကိုဗစ်-၁၉ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အမျိုးမျိုးအပေါ် ဝေဖန်နေ