ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကားပစ်ခတ်ခံရမှုကို ပထမအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း လိုအပ်လျှင် လိုအပ်သလို ကွင်းဆင်းမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကာ တွေ့ဆုံ မေးမြန်းမှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးလိုက်သည့် စုံစမ်း စစ်ဆေးရေး ကော်မတီအ ဖွဲ့သည် မေလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားကာ ၄ ရက်တာ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း ထိုစုံစမ်းမှု အခြေအနေများကိုမှု အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိပါ။
ကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်သူရိန်က “ကျနော်တို့ ကော်မတီရဲ့ ပထမဆုံး အကြိမ်အဖြစ် လာရောက်တဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားပါပြီ။ ၄ ရက်တာ ကွင်းဆင်းပြီးတော့ စစ်ဆေးမေးမြန်းမှုတွေကို လုပ်ပါတယ်။ တွေ့သင့်တွေ့ထိုက်တဲ့သူတွေ နဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှု ဆောင်ရွက်နေဆဲ ကာလမို့လို့ ဘယ်သူတွေနဲ့ တွေ့တယ်။ ဘယ်အချက်အလက်တွေ ရရှိတယ်ဆိုတာတော့ ကျနော်တို့ ပြောလို့ မရသေးပါဘူး” ဟု ဧရာဝတီသို့ မေလ ၁၅ ရက်နေ့က ပြောသည်။
အဆိုပါ ကော်မတီသည် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပါအဝင် တွေ့သင့််တွေ့ထိုက်သူများနှင့် တွေ့ခဲ့ကြောင်း၊ အခင်းဖြစ်ပွားခဲ့ရာမင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ နေရာ၊ ပစ်ခတ်ခံရသည့် မော်တော်ယာဉ်အားလည်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါက်တာ အောင်သူရိန်က “WHO မော်တော်ယာဉ် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အကယ်၍များ ကျနော်တို့ ကော်မတီကို တွေ့ဆုံချင်တယ်။ ပြောချင်တာတွေ၊ အချက်အလက်တွေ ပံ့ပိုးချင်တယ် ဆိုရင် အမြဲတမ်း တံခါး ဖွင့်ထားတယ်” ဟု ပြောပြသည်။
ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာတွင် အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီအဖွဲ့နှင့် လက်ခံတွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း တစုံတရာ မှတ်ချက်ပြု ပြောကြားလိုခြင်း မရှိဟုသာ ဖြေကြားသည်။
စုံစမ်း စစ်ဆေးရေး ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့် ရေးဆိုင်ရာကော်မတီမှ ဦးစော က တာဝန်ယူထားပြီး အဖွဲ့ဝင်များ အဖြစ် ကမ္ဘာ့ကုလ အကြီးတန်း အကြံပေး ပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာ စုစုသာထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆေးရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်၊ အတွင်းရေးမှူး အဖြစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးသူ ဗိုလ်မှူးကြီး ထိန်လင်းတို့ ပါဝင်သည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ဖြစ်စဉ်၊ ဖြစ်ပွားခဲ့သည့် နေရာ၏ နောက်ခံ အခြေအနေ ၊ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်း၊ ဖြစ်စဉ် အသေးစိတ် စသည်တို့ကို သိရှိနိုင်ရန် ဖြစ်စဉ်နေရာသို့ သွားရောက်၍ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခြင်း၊ WHO မော်တော်ယာဉ် တိုက်ခိုက်ခံရခြင်း များအတွက် ၊ မျက်မြင် သက်သေများ၊ အထောက်အထားများ ရှာဖွေ စုံစမ်း၍ ထွက်ဆိုချက်များ ရယူခြင်း စသည်တို့ ပါဝင်သည်။
နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်သည့် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မတီ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရွာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့်အညီ စုံစမ်း စစ်ဆေးနိုင်သည့်အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး အရာရှိသူများ အပြင် လိုအပ်သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ စာရွက်စာတမ်း တောင်းယူခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့် ရှိကြောင်း ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲတွင် ဖော်ပြပါရှိသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတထံ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ တင်သွင်းပြီးချိန်ထိ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကား ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှ ယခု ဖွဲ့စည်းလိုက်သော် ကော်မတီတွင် သမာတမတ်ကျသည့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ ပါဝင်ခြင်း မရှိသလို ဒေသခံ ရခိုင် တိုင်းရင်းသား နိုင်ငံရေးသမားများလည်း ပါဝင်ခြင်း မရှိသည့်အတွက် ရခိုင်လူထုကြားတွင် ကော်မတီအပေါ် ယုံကြည်မှုမရှိကြောင်းကိုလည်း ပြောဆို ဝေဖန်မှုများ ရှိကြသည်။
ဧပြီလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်က ရခိုင်ပြည်နယ်အတွင်းရှိ ကိုဗစ်သံသယလူနာများ၏ တို့ဖတ်နမူနာများ တင်ဆောင်လာသော ကမ္ဘာ့ကျန်းမာရေးဌာနအဖွဲ့ ( WHO ) ကား မှာ မင်းပြားမြို့နယ် ရာမောင်တံတား အနီးဝန်းကျင်တွင် ပစ်ခတ်ခံရသည့်အတွက် ဝန်ထမ်းဖြစ်သူ ကားဒရိုင်ဘာ ကိုပြည့်စုံဝင်းမောင်သည် ဒဏ်ရာ အပြင်းအထန် ရရှိကာ မင်းပြားဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးပြီး အတူလိုက်ပါလာသူ ကျန်းမားရေး ဝန်ထမ်း ကိုအောင်မျိုးဦး မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည်။
ထိုပစ်ခတ်မှု၏ လက်သည်တရားခံမှာ ပေါ်ပေါက်ခြင်း မရှိသလို တပ်မတော်နှင့် AA တို့က နှစ်ဖက် အပြန်အလှန် စွပ်စွဲကြသော်လည်း ကုလသမဂ္ဂ (UN) အနေဖြင့် ဖြစ်စဉ် အမှန်ကို စုံစမ်းလေ့လာလျှက် ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်ပြီး ကျူးလွန်သူ ကို အရေးယူပေးရန် တောင်းဆိုထားကြသည်။
WHO မော်တော်ယာဉ် ပစ်ခတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နောက် ဧပြီလ ၂၁ ရက် နေ့လည်ပိုင်း ကတည်း ရန်ကုန်မှ စစ်တွေသို့ လာရောက်သည့် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ကား ၁ စီးမှာ အဆိုပါ မင်းပြားမြို့နယ် ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် ထပ်မံ အပစ်ခံရသည့်အတွက် ကားပေါ်တွင် လိုက်ပါလာသည့် ဝန် ထမ်း ၂ ဦးအနက် ကိုနွယ်နွယ်မောင် ဆိုသူမှာ ယင်းနေရာတွင် သေဆုံးခဲ့ပြီး ကိုဟိန်းထက်ဦးမှာ စစ်တွေ ဆေးရုံတွင် ကုသမှု ခံယူနေရင်း ဧပြီလ ၂၆ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
ဆက်စပ်လင့်
မင်းပြားတွင် WHO ကား ပစ်ခတ်ခံရ၊ ဝန်ထမ်း ၁ ဦး သေဆုံး
စစ်ရေးထက် ကိုဗစ်ကိစ္စကို ပိုဦးစားပေးပြီး လုပ်နေတယ်