ကိုဗစ်ကာလတွင် သတင်းထောက်၊ ရုပ်သံ သတင်းထောက်၊ ဓါတ်ပုံ သတင်းထောက်၊ ကော်ပီအယ်ဒီတာ၊ ဘာသာပြန် အယ်ဒီတာ စသည့် သတင်းသမား စုစုပေါင်း ၈၀ ခန့် အလုပ် ရပ်ဆိုင်းခံလိုက်ရသည်။
ကမာ္ဘ့ ကပ်ရောဂါတခု ဖြစ်ပြီး လူပေါင်း ၃ သိန်းခန့် သေဆုံးခဲ့ပြီဖြစ်သည့် ကိုဗစ်ရောဂါပိုး ဂယက်ကြောင့် စီးပွားရေး လုပ်ငန်းများစွာ ဆုံးရှုံးမှုနှင့်အတူ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လုပ်ငန်းများပါ ထိခိုက်လာခဲ့ပြီး ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်၍ သတင်းသမားများ အလုပ်လက်မဲ့ ဖြစ်လာနေသည်။
သတင်းသမားများကို အလုပ်ရပ်ဆိုင်းခဲ့သည့် သတင်းဌာနများမှာ ဧရာဝတီ၊ အကုန်သိ၊ မြန်မာတိုင်း(မ်)၊ 5 Plus နှင့် The Transport News သတင်းဌာနတို့ ဖြစ်ကြပြီး ယခုလကုန်ပိုင်းတွင်လည်း အလုပ်ရပ်နားတော့မည့် သတင်းအေဂျင်စီ တချို့ လည်း ရှိကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းက ပြောသည်။
ဧရာဝတီ သတင်းဌာနမှ သတင်းသမား ၈ ဦး၊ အကုန်သိ သတင်းဌာနမှ ၁၉ ဦး၊ မြန်မာတိုင်း(မ်) မှ ၃၅ ဦး၊ 5 Plus မှ ၁၂ ဦး၊ The Transport News မှ ၄ ဦးတို့ အလုပ် ရပ်စဲခံခဲ့ရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ယင်းသတင်းဌာနများမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
“ကျနော်တို့ ကြိုမသိခဲ့ရဘူး။ ဧပြီလကုန်ခါနီးမှာ အလုပ် ဆိုင်းငံ့ခံလိုက်ရတယ်။ ဧပြီလ လစာတော့ ရတယ်။ နစ်နာကြေးလည်း ပေးမယ်လို့တော့ သိရတယ်။ အခုထိတော့ မရသေးဘူး။ အလုပ်ပြန်ရှာပေမယ့် အဆင်မပြေသေးဘူး။ ကိုယ်နဲ့ အဆင်ပြေလောက်မယ့် အလုပ်မျိုး ပြန်မရတော့ဘူး”ဟု မြန်မာတိုင်း(မ်)ဂျာနယ် သတင်းထောက်ဟောင်း ဦးစွမ်းရဲထွဋ်က ပြောသည်။
အလုပ်ရပ်ဆိုင်းခံရသည့် သတင်းထောက် အများစုသည် နောက်ထပ် သတင်းနှင့် သက်ဆိုင်သော အလုပ်များ ပြန်မရကြသေးဘဲ အခြားအလုပ်တခုကို ပြောင်း၍ အသက်မွေးဝမ်းကျောင်းရန်လည်း ကျွမ်းကျင်မှု မရှိသဖြင့် အခက်အခဲများ ရင်ဆိုင်နေရသည်။
ဦးစွမ်းရဲထွဋ်က “ဒီကြားထဲမှာ နံပါတ် ၁ က အလုပ်ပြန်ရဖို့ လုပ်ရမယ်။ ရတဲ့လစာက ကိုယ်တယောက်တည်း ဖူလုံလို့ကလည်း မဖြစ်ဖူးပေါ့။ မိသားစုကလည်း ရှိသေးတယ်။ တခြားအလုပ်လုပ်ဖို့ကလည်း မလုပ်တတ်ဘူး။ ဟိုစဉ်းစား ဒီစဉ်းစားပေါ့။ သူငယ်ချင်းတွေက ဈေးရောင်းနေတာ ရှိတယ်။ အဲဒါတွေကလည်း မလုပ်တတ်ဘူး”ဟု ဆက်လက်ပြောပြသည်။
အကုန်သိ သတင်းဌာနမှ သတင်းထောက် ဦးမင်းသီဟန်ကလည်း မြန်မာတိုင်း(မ်) သတင်းဌာနမှ သတင်းထောက်များ အလုပ်ရပ်ဆိုင်းမှုသတင်း ကြားသိခဲ့ရသော်လည်း ၎င်းကိုယ်တိုင်လည်း ယခုလို အလုပ်ရပ်နားခံရလိမ့်မည်ဟု မျှော်လင့်မထားကြောင်း၊ ဧပြီလ ၂၈ ရက်နေ့တွင် အလုပ်ရပ်နားခဲ့ရပြီး မေလ ၄ ရက်နေ့တွင် ဌာနမှ လစာများ ထုတ်ပေးခဲ့ကြောင်း ပြောသည်။
“အနီးကပ်မှ ပြောလိုက်တော့ အလုပ်လည်း ရှာလို့ မရဘူး။ ကျနော်တို့ တယောက်တည်း မဟုတ်ပါဘူး။ အကုန်လုံး အလုပ်ရှာလို့ မရပါဘူး။ တာဝန်ခံ အယ်ဒီတာဆို အခု ပရစ်ကြော် လိုက်ပို့နေရတယ်။ အချို့ အယ်ဒီတာတွေဆိုရင်လည်း အိမ်မှာ ငုတ်တုတ်ပဲ”ဟု ဦးမင်းသီဟန်က ပြောသည်။
လက်ရှိတွင် ၎င်းအနေဖြင့် သတင်းမီဒီယာကောင်စီမှ ပေးဝေထားသည့် အခြေခံ စားသောက်ကုန်တချို့ ရရှိထားပြီး စိတ်ပူနေရသည်မှာ အိမ်လခ၊ ချေးငွေတချို့ ပေးဆပ်ရန် တို့အတွက် ဖြစ်ကြောင်း သိရသည်။
အကုန်သိ သတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ကိုဗစ် ရောဂါပိုး မဖြစ်မီကပင် ကြေညာ ဝင်ငွေ၊ အခြား ပုံမှန်ဝင်ငွေများ လျော့ကျလျက်ရှိရာ ကိုဗစ်ဖြစ်သည့်အခါ ရင်းနှီးမြုပ်နှံထားသူများက စီးပွားရေးအရ ဝင်ရောက်လုပ်ကိုင်ရန် တွန့်ဆုတ်လာသည့် အခြေအနေတွင် ဆက်လက်ရပ်တည်ရန် အခက်အခဲများ ရှိလာပြီး ယခုအချိန်တွင် ဌာနကို ယာယီ ရပ်နားလိုက်ရကြောင်း ပြောသည်။
“ဗိုင်းရပ်စ်ဖြစ်တဲ့အချိန်မှာ ကြော်ငြာရှင်တွေဘက်က နည်းနည်းဆုတ်သွားတယ်။ စာချုပ်ချုပ်ထားတဲ့ အဖွဲ့တွေတောင် နောက်ဆုတ်သွားတယ်။ ဗိုင်းရပ်စ်ပြီးမှပဲ ပြန်ပြောကြတာပေါ့ဆိုတာမျိုး ဖြစ်သွားတာ။ ကျနော်တို့ မတ်၊ ဧပြီ၊ အခု မေပေါ့ ဘာမှမလုပ်ရဘူး။ ကြော်ငြာတွေလည်း မလာနိုင်တော့သလို တလတလကို အလဟသ ဘတ်ဂျက် ပိုက်ဆံတွေက သိန်းရာချီ ကုန်နေတဲ့ အနေအထား ဖြစ်သွားတယ်”ဟု ဦးကျော်မျိုးမင်းက ပြောသည်။
ထို့ကြောင့် သတင်းဌာနတွင် လည်ပတ်နေသည့် လူ ၄၀ ခန့်ကို လူ ၂၀ ဖြင့် ဆက်လက်ဆောင်ရွက်ရန် စဉ်းစားသော်လည်း အထုတ်ခံရသည့် ဝန်ထမ်းတချို့က ပြဿနာ ရှာနိုင်သဖြင့် ဌာနတခုလုံးကို ယာယီ ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီပြဿနာကို ဘယ်လိုလုပ်ကြမလဲဆိုရင် သက်ဆိုင်ရာ သတင်းဌာန တိုက်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တခါ မီဒီယာကောင်စီက လူတွေ ပြန်ကြားရေးဝန်ကြီးဌာနက လူတွေ သက်ဆိုင်ရာ မီဒီယာကို ကူညီပေးနိုင်မယ့် ဝန်ကြီးဌာနက လူတွေ စုပေါင်းပြီး ဒါကို အဖြေရှာပြီး ဆုံးဖြတ်ချက်တခုခုချပြီး မီဒီယာတွေ ရေရှည်ရပ်တည်ရေး ဝိုင်းလုပ်ကြဖို့ လိုပြီ”ဟု ၎င်းက ဆက်လက် ပြောပြသည်။
ကိုဗစ်ကာလတွင် စီးပွားရေး မတည်ငြိမ်မှု၊ ကျဆင်းမှုများကြောင့် ဌာန၏ ကုန်ကျစရိတ်နှင့် ဝင်ငွေများ မကာမိသည့် အခါ လူလျော့သည့် အလုပ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ရပြီး ဌာနမှ စီနီယာ သတင်းစာဆရာများက လစာ လျော့ယူခဲ့ကြသည်ဟု ဧရာဝတီသတင်းဌာန(မြန်မာပိုင်း) တာဝန်ခံ ဦးရဲနည်က ပြောသည်။
“လူလျော့တဲ့ ကိစ္စကလည်း ရွေးချယ်စရာတခု ဖြစ်လာတာပေါ့။ တကယ်တန်းကျတော့ ကျနော်တို့ကလည်း လူတော့ ဘယ်လျော့ချင်ပါ့မလဲ။ တက်ညီလက်ညီ လုပ်လာခဲ့တဲ့ လူတွေ ဖြစ်နေတော့ လူမလျော့ချင်ဘူး။ ဒါပေမယ့် မဖြစ်မနေ ဖြတ်သန်းရတော့မယ် အခြေအနေကျတော့ လူလျော့တဲ့ ကိစ္စကို စဉ်းစားရတာပေါ့။ ဒီလို အလုပ်ဖြုတ်တဲ့ ကိစ္စကတော့ အဆိုးဆုံးပေါ့ဗျာ။ ဒါပေမယ့် ရွေးခဲ့လိုက်ရတယ်” ဟု ဦးရဲနည်က ပြောသည်။
၎င်းက ဆက်၍ “နောက်ပေါ်လစီတမျိုးက ထိပ်ပိုင်းကလူတွေ စီနီယာ ဂျာနယ်လစ်တွေ အနေနဲ့ လစာကို လျော့ယူရတယ်။ ပါစင်နယ် ပြောရရင် ကျနော်ဆိုရင် လစာ လျော့ယူနေရတယ်။ ၅၀ ရာခိုင်နှုန်း လျော့ယူနေရတာ ၂ လ ရှိပြီ။ အဲလိုမျိုး အဖွဲ့ အစည်းကို ဒီအကျပ်အတည်း ကာလအတွင်းမှာ ရှေ့ မှာလည်း ဘာဖြစ်မယ်မှန်း မသိတဲ့ အခြေအနေမှာ ရေရှည် ဆွဲဆန့်ထားနိုင်ရေး လုပ်ရတော့မယ့်ဟာတွေကို လုပ်ကျရတော့တာပါ” ဟု ဆိုသည်။
ဧရာဝတီ သတင်းဌာနအနေဖြင့် ဝန်ထမ်းအားလုံး၏ ၂၅ ရာခိုင်နှုန်းအထိ လျော့ချရန် စီစဉ်ထားပြီး ယခုအခါ ၁၅ ရာခိုင်နှုန်း ခန့်အထိ လူဦးရေ လျော့ချထားပြီး ဖြစ်ကြောင်း သိရသည်။
သတင်းထောက်များ အလုပ်ရပ်ဆိုင်းခံရသည့် အခါတိုင်းတွင် နယ်သတင်းသမားများမှာ ထိခိုက်မှု အရှိဆုံး ဖြစ်ကြောင်း၊ မိသားစု ၁၁ ဦး ရှိသဖြင့် ဝမ်းရေး အခက်အခဲများ ရှိလာချိန်တွင် ဆိုင်ကယ် ကယ်ရီ ထွက်ဆွဲကြောင်း မင်းဘူးမြို့ မှ သတင်းထောက် ဦးတင်ရွှေက ပြောသည်။
“မကွေးပရဟိတအဖွဲ့ တွေက မကွေးအခြေစိုက်သတင်းထောက် ၁၀ ယောက်ကို ထောက်ပံ့ပေးတာလေးတွေ ရတယ်။ ဆန်လေး ၈ ပြည်လောက်ရတော့ အဲဒီဆန်လေးကို နည်းနည်းစီ စားနေရတာပေါ့။ ငါးခြောက်ကလေးတွေ ဘာလေးတွေရတယ်။ နောက်တော့ ဘာဆက်ဖြစ်လာမယ်တော့ ပြောမရဘူး”ဟု ၎င်းက ပြောပြသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) က ယခုကာလတွင် အလုပ်ရပ်ဆိုင်းခံရသည့် သတင်းသမားများကို အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန် ၂၄ ပြည်တအိတ်၊ ဆီ ၁ ပိဿာ အပါအဝင် နှာခေါင်းစည်းများ အခမဲ့ ထောက်ပံ့ပေးနေကြောင်း၊ မေလ ၁၂ ရက်နေ့က သတင်းသမား ၃၅ ဦးကို အကူအညီများ စတင်ပေးခဲ့ကြောင်း MPC အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
“အကိုတို့ မှန်းထားတာတော့ လူ ၅၀၀ လောက်အထိ ကူညီမယ်လို့ မှန်းထားတယ်။ ၅၀၀ ဆိုတာက တိုက်ပိုင် အဆင်မပြေတဲ့ သတင်းထောက်တွေပါ အပါပေါ့နော်။ အလုပ်ပြုတ်တဲ့သူ အရည်အတွက်ကတော့ ၃၀၀ လောက် ရှိလာလိမ့်မယ်လို့ မှန်းတယ်။ တကယ့်စာရင်းကတော့ တောင်းထားတာပဲ ရှိသေးတယ်။ ဘယ်တိုက်က ဘယ်နှစ်ဦး ဆိုတာမျိုး မရသေးဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် သတင်းထောက်များတွင် ကိုဗစ်ရောဂါပိုး တွေ့ ရှိရသူ၊ ရောဂါပိုးရှိသူနှင့် ထိစပ်သဖြင့် Quarantine ဝင်ရသူများကို ကျပ် ၂ သိန်း ထောက်ပံ့မည်ဟု သတင်းမီဒီယာ ကောင်စီက ပြောသည်။
ကိုဗစ်ကာလအတွင်း ဧပြီလမှ စတင်ကာ သတင်းဌာန အသီးသီးမှ သတင်းထောက်များ အစုလိုက်၊ အပြုံလိုက် အလုပ်ရပ်ဆိုင်းခံရသည်ကို ကြားသိသည့်အခါ ဝိုင်းဝန်းကူညီရမည်ဆိုသော စိတ်ကူးဖြင့် သတင်းသမားများ လူမူကူညီရေး ကော်မတီ ကို တည်ထောင်ထားပြီး အကူအညီများ ပေးနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီဝင် ဦးမြင့်ကျော်က ပြောသည်။
“ဒီဟာစဖြစ်လာတာက အလုပ်ရပ်နားခံရတဲ့ကိစ္စကြောင့်ပေါ့နော်။ ဆိုတော့ အလုပ်ပြုတ်သွားသူတွေကို ပေးမယ်ပေါ့လေ။ နောက်သတင်းသမားသတ်မှတ်ချက် အနေနဲ့က သတင်း ဦးစားပေး သတင်းခန်းတွေ၊ သတင်းစာစောင်တွေ၊ အွန် လိုင်းတွေ၊ ရုပ်သံပဲဖြစ်ဖြစ် အွန်လိုင်း တီဗွီပဲဖြစ်ဖြစ်ပေါ့။ ကူညီမယ်၊ အခု အလှူငွေ စုဆောင်းနေတယ်”ဟု ဦးမြင့်ကျော်က ပြောသည်။
ထို့ပြင် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်လည်း သတင်းမီဒီယာများ ရေရှည်ရပ်တည်နိုင်ရေး အကူအညီများ ပေးသင့် ကြောင်း၊ သို့သော် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက ဆွေးနွေးပွဲများတွင် အကြိမ်များစွာ ပြောဆိုခဲ့ဖူးသော်လည်း မှတ်တမ်းအဖြစ်သာ ဆက်ရှိနေပြီး အကောင်အထည် ပေါ်လာခြင်း မရှိသေးကြောင်း ၎င်းက ထောက်ပြသည်။
နိုင်ငံတကာနှင့် ပုဂ္ဂလိက မီဒီယာများ၏ ကြော်ငြာများသည် အွန်လိုင်းမီဒီယာများသို့ ကူးပြောင်းသွားခဲ့၍ ဝင်ငွေကျဆင်းပြီး သိက္ခာရှိစွာ ရပ်တည်ဖို့ အခက်အခဲနဲ့ရင်ဆိုင်နေရသည့် စာနယ်ဇင်းလုပ်ငန်းများသည် ယခုကိုဗစ်ရိုက်ခတ်သည့်အခါ စီး ပွားရေးအရ ပိုမိုထိခိုက်နစ်နာခဲ့ရပြီး အကျိုးဆက်အဖြစ် သတင်းထောက် ဒါဇင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားရခြင်း ကို စိတ်မကောင်းဖွယ်ရာ ကြားသိရကြောင်း ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။
“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဝန်ကြီးဌာနက တိုက်ရိုက် ကူညီဆောင်ရွက်ပေးနိုင်တာ ဘာမှရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ရဲ့ မဟာမိတ်လို့ခေါ်ဆိုနိုင်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပေးနေ တယ်ဆိုတာ သိရလို့ သိပ်ဝမ်းသာဂုဏ်ယူမိပါတယ်”ဟု ဦးအောင်လှထွန်းက ပြောသည်။
သတင်းမီဒီယာကောင်စီသည့် ဥပဒေအရ ပေါ်ပေါက်လာည့် လွတ်လပ်သည့် အဖွဲ့ အစည်းတခု ဖြစ်ပြီး သတင်းသမား များကို ဘဏ္ဍာငွေ ထောက်ပံ့ပေးသည့်အခါ ၎င်းတို့၏ လုပ်ငန်းဆိုင်ရာမူဝါဒများကို လွှမ်းမိုးမှု မရှိသည့် နှောင်ကြိုးမဲ့ အကူအညီများ ဖြစ်ရန် အလွန် အရေးကြီးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ တိုက်ရိုက်ထောက်ပံ့မှုတွေပေးခဲ့ရင်တောင်မှ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယတွေ ရှိလာ နိုင်ကြပါတယ်။ သတင်းမီဒီယာကောင်စီကနေ ဦးစီးဆောင်ရွက်တာကိုကျတော့ မျှတမှုနဲ့ နှောင်ကြိုးမဲ့မှုကို ဘယ်သူကမှ သံသယရှိစရာမလိုတော့ပါဘူး။ အခြားပြင်ပကစေတနာရှင်တွေကိုလည်း သတင်းမီဒီယာကောင်စီက တစ်ဆင့် ပါဝင်လှူဒါန်း ပေးကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဦးအောင်လှထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် သတင်သမားဦးရေမှာ အတိအကျကို တရားဝင် စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက စာရင်းကောက်ယူနေသော်လည်း စာရင်းပေးသည့် ဌာန အလွန် နည်းပါးနေသဖြင့် တရားဝင် မထုတ်ပြန်နိုင်သေးပါ။
You may also like these stories:
ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်
ကိုဗစ်နဲ့ဝမ်းရေးကြားက စက်ရုံအလုပ်သမများ
နေပြည်တော် ဒုမြို့တော်ဝန် ဦးဆောင်သည့် စီးပွားရေး ကုစားရေး ကော်မတီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း