မြန်မာနိုင်ငံတွင် အခြေစိုက်လှုပ်ရှား၍ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသည့် အာသံနှင့် ကသည်း သူပုန် အဖွဲ့ဝင် ၂၂ ဦးကို မနေ့က စစ်ကိုင်းတိုင်း၊ ခန္တီးလေဆိပ်တွင် အိန္ဒိယ အစိုးရထံသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်ကြောင်း သတင်း ရရှိသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က လာခေါ်သွားတာ ဟုတ်တယ်။ ၂၀၁၉ ခုနှစ်၊ ဖေ ဖော်ဝါရီလနဲ့ မတ်လမှာ တပ်မတော်က စစ်ဆင်ရေး တရပ် လုပ်ခဲ့တာ ရှိတယ်။ အဲဒီမှာ မိတဲ့သူတွေ ဖြစ်တယ်။ မိတာ ကတော့ အဖွဲ့ စုံပဲ။ ဟိုဘက်နိုင်ငံမှာရှိတဲ့ ဟိုဘက်နိုင်ငံက သောင်းကျန်းသူအဖွဲ့ လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေ ဖြစ် တယ်” ဟု ပြောသည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ စစ်ကိုင်းတိုင်း၊ ခန္တီးဒေသဘက်ရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-က ပ္ပလန် (NSCN-K) ၏ ဗဟိုဌာနချုပ် တကားစခန်းတွင် အာသံနှင့် ကသည်းသူပုန်များ ခိုအောင်းနေကြောင်း သတင်းအရ တပ်မတော်က ဝင်ရောက်ရှင်းလင်းစဉ် အာသံနှင့် ကသည်း သူပုန်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းသူပုန်အဖွဲ့ ဝင် ၂၂ ဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလက လွတ်မြောက်လာကြသူများ ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလကတည်းက မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံခဲ့ရသူများ ဖြစ်သည်။ သို့သော် ယင်းသူပုန် အဖွဲ့ ဝင်များမှာ အဖမ်းခံရစဉ်က စုစုပေါင်း ၂၄ ဦး ဖြစ်သည်။
ယင်းသူပုန် အဖွဲ့ ဝင်များကို ဖမ်းဆီးထားမှုအပေါ် နာဂဒေသမှ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တို့က သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ အသနားခံစာ တင်ပြလာသဖြင့် ယခုနှစ် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါဝင်လာခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေး က “မနေ့က မေလ ၁၅ ရက်နေ့ ၁၁ နာရီ မိနစ် ၄၀ မှာ ခန္တီးလေဆိပ်မှာပဲ အိန္ဒိယ ခေတ္တကောင်စစ်ဝန်ချုပ်ကို ကျနော် ရဲတပ်ဖွဲ့ ကနေ လွှဲပြောင်းပေးပြီးတော့ အိန္ဒိယကို ကျနော်တို့ လွှဲတာ ၂၂ ယောက်၊ ထောင်ထဲမှာ ၁ ယောက်သေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ ၂၂ ယောက်လုံးကို လွှဲလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းသူပုန်အဖွဲ့ ဝင် ၂၂ ဦးတို့သည် အိန္ဒိယနိုင်ငံသားများ ဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း၊ သူပုန်အဖွဲ့ ဝင်များ၏ မိခင်အဖွဲ့ များမှာ အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်တွင် အခြေစိုက်ကြသည့် ကသည်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)၊ ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF) တို့မှ ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
၎င်းသူပုန် အဖွဲ့ ဝင်များကို ခိုအောင်းခွင့်ပေးခဲ့သည့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K) အဖွဲ့မှခေါင်းဆောင် ၅ ဦးကိုလည်း အစိုးရက ထောင်ဒဏ် အပြစ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၉ ခုနှစ်၊ အိန္ဒိယနယ်စပ်တွင် ရက္ခိုင့် တပ်မတော် (AA) လှုပ်ရှားလာပြီးနောက် ကသည်းသူပုန်များကို အစိုးရနှင့် တပ်မတော်က ဖမ်းဆီး အရေးယူမှုများ ရှိလာကြောင်း၊ ယခုလည်း ဖမ်းဆီထားသူများကို ပြန်ပို့လိုက်သဖြင့် အိန္ဒိယကို ပုန်ကန်သူများကို မြန်မာက လက်မခံကြောင်း ဖော်ပြချင်ပုံရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုးက “အိန္ဒိယဘက်ကလည်း AA ကို အကူအညီ မပေးစေလိုတဲ့ သဘောထားမျိုးလို့ ယူဆရမှာပဲ။ ဒါပေမယ့် ဒီထက်ပိုလေးနက် တဲ့ အကြောင်းအရာတွေ ရှိဖို့ လိုတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ကသည်းသူပုန် အင်အားက ၂၀၀၀ လောက်အထိ တိုးတက်လာပြီးတော့ တမူးနယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့အခါ လူ ၂၀ လောက် ဖမ်းပို့ရုံနဲ့ အိန္ဒိယက ကျေနပ်နိုင်ပါ့ မလားဆိုတဲ့ အပိုင်းတော့ ရှိတယ်” ဟု ပြောသည်။
မြန်မာ အစိုးရ၊ တပ်မတော်တို့သည် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးစားလာရသည်မှာ ရခိုင် ပြည်နယ်ရှိ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးတချို့ တွင် အိန္ဒိယနိုင်ငံ၏ စစ်ဘက်နည်းပညာ အကူအညီများကို ရရှိ၍ ဖြစ်ကြောင်း သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။
တပ်မတော်မှ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းကလည်း “ဒီသူပုန်တွေကို မြန်မာ့မြေပေါ်မှာ လက်မခံဘူးဆိုတာ ပြောပြီးသား ဖြစ်ပါတယ်။ အိန္ဒိယဘက်ကလည်း အဲလိုပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း အပြန်အလှန် ဆက်သွယ် ဆက် ဆံရေး ကောင်းတဲ့အတွက်ပါပဲ”ဟု ပြောသည်။
၂၀၁၈ ခုနှစ် သြဂုတ် ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ကူကီးလူမျိုးငယ်ကွန်ယက် (KYN)မှ သမိုင်းဖျောက် အဖိနှိပ်ခံ ကူကီးလူမျိုးဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းစာ ရှင်းလင်းပွဲလုပ်စဉ်ကလည်း မြန်မာနိုင်ငံအတွင်း ကသည်းသူပုန် ၆ ဖွဲ့အထိ လှုပ်ရှားနေကြောင်း KYN ဥက္ကဋ္ဌ ဦးဆေးဂင်က ပြောခဲ့ဖူးသည်။
ထိုအဖွဲ့များမှာ People’s Revolutionary Party of Kangleipak(PREPAK)၊ People’s Liberate Army(PLA)၊ United National Liberation Front(UNLF)၊ United People’s Party of Kangleipak(UPPK)၊ Kanglei Yawol Kanna Lup(KYKL)၊ Kanleipak Communtst Party(KCP) တို့ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမှ ရရှိထားသည့် သတင်းအချက်အလက်များအရ ယင်းအဖွဲ့ ၆ ဖွဲ့ စလုံးသည် မဏိပူရ်ပြည်နယ်တွင် အခြေ စိုက်ထားပြီး အင်အားအကြီးဆုံး UNLF အဖွဲ့သည် အင်အား ၁၃၀၀ ကျော်၊ PLA က အင်အား ၁၀၀၀ နီးပါး ရှိပြီး အင် အားအနည်းဆုံး PREPAK အဖွဲ့ မှာ လူ ၄၀ ခန့် ရှိရာ ၎င်းတို့ အဖွဲ့ အားလုံး ပေါင်းပါက အင်အား ၂၀၀၀ ကျော် ရှိသည်။
You may also like these stories:
တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသူ ၁၂၈ ဦးကို အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေး
ကွတ်ခိုင်က မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိမှု အဓိကတရားခံများ ဖမ်းမိရေး အရေးကြီးဟုဆို