CVOID-19 ကာလ အခြေခံ လူတန်းစားများကို အစိုးရက စားသောက်ကုန်များ ဝေငှပေးခဲ့ရာတွင် အောက်ခြေတွင် အငြင်း ပွားမှုများရှိခဲ့၍ နောက်တကြိမ်တွင် ငွေကြေး ထောက်ပံ့မှုကို မကြာမီ ရက်ပိုင်းအတွင် ပြုလုပ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
နိုင်ငံတော် သမ္မတရုံးက အွန်းလိုင်းမှတဆင့် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး လာ မည့် နှစ်ပတ်အတွင်း စတင်နိုင်ရန် ပြင်ဆင်နေကာ ပြည်သူများထံ တိုက်ရိုက် ရောက်နိုင်မည့် မိုဘိုင်းပေးချေမှု စနစ်များကို အသုံးပြုမည်ဟုလည်း ဆိုသည်။
ဦးဇော်ဌေးက “အခြေခံ ရိက္ခာ ၅ မျိုး ပုံစံ မဟုတ်တော့ဘဲ အိမ်ထောင်စုတိုင်းကို ငွေကြေးထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီလို ထောက်ပံ့တဲ့ အခါမှာလည်း Payment အနေနဲ့ ဥပမာ- Wave money တို့ KBZ Pay တို့စသဖြင့် မိုဘိုင်းဖုန်းတွေက တ ဆင့် ပေးလို့ရတဲ့ အိမ်ထောင်စုတွေ အရောက် တိုက်ရိုက်ပေးလို့ရတဲ့ ငွေကြေးထောက်ပံ့မှုကို ဆောင်ရွက်ဖို့ စီစဉ်ထားပါ တယ်” ဟု ပြောသည်။
ထိုနည်းလမ်းဖြင့် ထောက်ပံ့ပေးမှုများ ပြုလုပ်နိုင်ရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဗဟိုဘဏ် စသည်တို့နှင့် ညှိနှိုင်း ဆောင်ရွက်နေပြီး မြို့နယ်များအလိုက် အသုံးပြုမှုများသော မိုဘိုင်းပေးချေမှု စနစ်များ၊ ကျေးရွာများထိ ရောက်ရှိ ပျံ့နှံ့နေ သည့် မိုဘိုင်းပေးချေမှု စနစ်များကို လေ့လာနေကြောင်း ၎င်းက ပြောဆိုသည်။
ဦးဇော်ဌေးက ဆက်လက်၍ “အွန်လိုင်း Payment လုပ်တဲ့အခါ အေးဂျင့်တွေ ဆီသွားပြီးတော့ တယ်လီဖုန်းထဲမှာ ပြပြီး တော့ Password တောင်းတဲ့အခါမှာ ရိုက်ထည့်ပြီးတော့ ငွေကြေးထုတ်တဲ့ အေးဂျင့်တွေရဲ့အခြေအနေလေးကို မေးမြန်း တယ်ပေါ့။ မကြာခင် ကာလမှာ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်အတွင်း လက်လုပ်လက်စား အခြေခံ လူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံရိက္ခာ ၅ မျိုးကို ဝေငှခဲ့ရာ တနိုင်းငံလုံးရှိ အိမ်ထောင်စု ၄ သန်းနီးပါးအတွက် ဘဏ္ဍာငွေ ကျပ် ၅၀ ဘီလီယံ အသုံး ပြုခဲ့သည်။
ထိုစဉ်က အခြေခံ စားသောက်ကုန် ၅ မျိုး၏ တန်ဖိုးကို ဒေသဈေးနှုန်းများအလိုက် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကြား တန်ဖိုး ဖြတ်ခဲ့ပြီး ယခုတကြိမ် ထောက်ပံ့မှုတွင် ထိုငွေကြေး၏၂ ဆကို ထောက်ပံ့မည်ဟု ဆိုသော်လည်း ပမာဏ အတိအကျကို မသိရသေးပေ။
ဦးဇော်ဌေးက “ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ ပေါ့နော်။ ဒီဟာ ထောက်ပံ့ခဲ့တာရဲ့ နှစ်ဆလောက်ရှိတဲ့ ငွေကြေးပမာဏပေါ့။ ဒါကတော့ အတည်ဖြစ်ရင် ထုတ်ပြန်ပေးပါ့မယ်။ အဲဒီထက် နှစ်ဆရှိတဲ့ ငွေကြေးပမာဏကို ငွေကြေးအတိုင်း လွှဲပြောင်း ထောက်ပံ့ပေးဖို့ လျာထားပါတယ်” ဟု ပြောသည်။
စားသောက်ကုန် ပစ္စည်းများ ပေးရာတွင် သယ်ယူပို့ဆောင် စရိတ်၊ ဝယ်ယူရသည့် ပေါက်ဈေးနှုန်း ကွာဟမှု၊ ပြည်သူများထံ တိုက်ရိုက် မရောက်ခြင်းနှင့် အခြား အလေအလွင့်များ ရှိနိုင်ပြီး ငွေကြေး ထောက်ပံ့ခြင်းမှာ ပစ္စည်းထောက်ပံ့ခြင်းထက် ပိုမို ထိရောက်မှု ရှိနိုင်သည်ဟု COVID-19 အရေး ဆောင်ရွက်နေသည့် ပြည်မြို့နယ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးကျော်ဇေယျက ပြောသည်။
ဦးကျော်ဇေယျက “ပိုက်ဆံကတော့ အလေအလွင့် မရှိဘဲနဲ့ ပြည်သူတွေဆီ တိုက်ရိုက် ရောက်နိုင်တယ်။ နောက်တခုက ပြည်သူရဲ့လိုအပ်ချက်လည်း သူတို့ နှိုင်းယှဉ်ပြီး သုံးနိုင်တယ်ပေါ့လေ။ ကျနော်တို့က ဆန်ပေးတယ်ဆိုရင် ကျနော်တို့ပေးတဲ့ ဆန်ထက် သူတို့နဲ့ သင့်တော်တဲ့ ဆန်ကို ဝယ်စားနိုင်တယ်။ ဒါကတော့ ပိုပြီး ထိရောက်ပါတယ်” ဟု ပြောသည်။
အောက်ခြေရှိ ရပ်ရွာများအတွင်း အမှန်တကယ် လိုအပ်ချက် အခြေခံလူတန်းစားများ၏ စာရင်းများကို သက်ဆိုင်ရာ ရာ အိမ်မှူး ဆယ်အိမ်မှူးများက ထဲထဲဝင်ဝင် တိတိကျကျ ကောက်ယူ တင်ပြပေးနိုင်ရန် လိုအပ်ပြီး ထိုသို့ ကောက်ယူပေး နိုင်မှသာ အမှန်တကယ် လိုအပ်သူများထံ ရောက်ရှိနိုင်မည်ဟု ၎င်းက ဆိုသည်။
နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဆယ်စုကျေးရွာမှ ဆိုင်ကယ် အငှားလိုက်သူ ဦးရဲစိန်က “ပစ္စည်းပဲပေးပေး ပိုက် ဆံပဲပေးပေး တကယ်ပေးဖို့ပဲ အရေးကြီးတယ်။ ကျနော်တို့က တကယ် လိုအပ်နေတာ။ ပိုက်ဆံကတော့ ပိုအဆင်ပြေတာ ပေါ့။ Wave Money တွေ ဘာတွေ ဆိုရင်လည်း အဆင်ပြေတယ်။ ရွာတွေထိ ရှိတယ်” ဟု ပြောသည်။
သင်္ကြန်ပိတ်ရက် အတွင်း လက်လုပ်လက်စား အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံ ရိက္ခာ ၅ မျိုးကို ဝေငှခဲ့ရာတွင် အမှန်တကယ် လိုအပ်သူများ မရရှိခြင်း ကိစ္စရပ်များ အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှု တချို့လည်း ရှိခဲ့သေးသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာ ရေး အဖွဲ့ (WHO)က၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မ တီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုတွင် လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက် များကို ဧပြီလကုန် မေလ ၁၅ ရက်ထိ သက်တမ်းတိုးခဲ့ပြီး၊ ယခုအခါ အချို့ တားမြစ်ချက်များကို ဖြေလျှော့ပေးကာ သက် တမ်းကို ယခုလကုန်ထိ ထပ်မံ တိုးမြှင့်ထားသည်။
မြန်မာနိုင်ငံတွင် မေလ ၁၆ ရက် မနက်ပိုင်းထိ COVID-19 ရောဂါပိုး တွေ့ရှိသူ ၁၈၂ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည် သက် သာလာသူ ၈၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ငွေကြေးမပြေလည်လို့ ဆက်သွယ်လာသူတိုင်းကို ငွေကျပ် ၁သောင်းပို့ပေးမယ့် ဇဏ်ခီ
ဆန်ကိုမလို ငွေကိုလိုသည် သို့မဟုတ် ဆန်ဆီဆား ထောက်ပံ့ရေး ပေါ်လစီအား သုံးသပ်ခြင်း
ပုံမှန် ဝင်ငွေမရှိသူများစာရင်း ကောက်ရာတွင် အဂတိ ကင်းရှင်းရန် တိုက်တွန်း