သတင်း

ကျောက်တန်းရွာသား ၆ ဦး စွဲချက်မတင်မီ လွတ်မြောက်

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်အတွင်းက အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြင့် တနှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲခံထားရသည့် ကျောက် တန်းရွာသား ၆ ဦးကို မေလ ၁၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ စွဲချက် မတင်မီ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

စစ်တွေခရိုင်တရားရုံးမှ မေ ၁၅ ရက်နေ့က ၎င်းတို့အား တရားလိုမှ စွဲဆိုထားသည့် အချက် အလက်များမှာ သက်သေ အထောက်အထား မခိုင်လုံသည့် အတွက် လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းအမှုအား လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းက “ တရားလိုဘက်က သူတို့ကို စွဲဆိုထားတာ နဲ့ပတ် သက်ပြီး စွဲချက်တင်နိုင်လောက်တဲ့ အထောက် အထား တွေ တစုံတရာ ရုံးတော်ကို တင်ပြနိုင်ခြင်း မရှိတဲ့အတွက် တရားရုံးက စွဲချက် မတင်မီ အဆင့်မှာပဲ သူတို့ ၆ ဦးကို လွတ်ပေး လိုက်ပေးလိုက်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

လွတ်မြောက်လာသူ ကျောက်တန်းရွာသား ၆ ဦးမှာ ကိုညီညီဌေး ၊ ကို မောင်မောင်လှိုင်၊ ကိုစိုးဝင်းကျော် ၊ ကိုဦးမြင့်ထွန်း၊ ကို မောင်ငြိမ်းရွှေ နှင့်ကိုထွန်းမင်းနိုင် တို့ဖြစ် သည်။

အဆိုပါ ကျောက်တန်းကျေးရွာသားများကို AA တပ်ဖွဲ့ဝင်များနှင့် ပတ်သက် ဆက်နွယ်မှုရှိသည် ဆိုသည့် စွပ်စွဲချက်များဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ အတွင်းက ရွာသား ၈ ဦးကို ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( က ) ၅၂ ( က ) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အကြမ်းဖက်မှု တိုက်ချက်ရေး ဥပဒေ ဖြင့် ရွာသား ၆ ဦးအမှုတွင် အသက် ၁၈ နှစ်မပြည့်သည့် ကလေး ၂ ဦး ပါဝင်သည့်အတွက် ၎င်းတို့ ၂ ဦးကို စစ်တွေမြို့နယ် ကလေးသူငယ် တရားရုံတွင်ရုံး တွင် အမှု စစ်ဆေး နေကြောင်းလည်း သိရသည်။

လွတ်မြောက်လာသည့် ကိုမောင်မောင်လှိုင်၏ အစ်မဖြစ်သူ ဒေါ်ခိုင်မိုးနွယ်က “မနေ့က ကျမ မောင်းလေးနဲ့ အတူ ၆ ယောက် ပြန်လွတ်လာပါတယ်။ အပြစ်မရှိလို့ ပြန် လွှတ်ပေးလိုက်တယ်လို့ ပြော တယ်။ လွတ်လာတဲ့ အပေါ်မှာတော့ အရမ်းကို ပျော်ပါတယ်။ ၁ နှစ်နဲ့ ၁၅ ရက် အချုပ်ခံခဲ့ရတဲ့ အချိန်မှာ တော့ ကျမတို့ တော်တော် စိတ်ဆင်းရဲပြီး ဒုက္ခရောက်ခဲ့ရပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ဖမ်းစီးချုပ်နှောင်ခံခဲ့ရာစဉ်ကာလအတွင်း ညဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်း လွတ်မြောက် လာသူ ကျောက်တန်းရွာသား ၆ ဦးက တရားရုံးမှ ထွက်လာစဉ် သတင်းမီဒီယာများသို့ ပြောကြား ခဲ့သည်။

အဆိုပါ ကျောက်တန်းရွာသားများကို AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က တပ်မတော် စစ်ကြောင်းတခုက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ စာသင်ကျောင်းတွင် ရွာသား ၂၇၀ ကျော်ကို ထိန်းသိမ်း စစ်ဆေးခဲ့သည်။

ထိုသို့ ဖမ်းဆီး ထိမ်းသိမ်း စစ်ဆေးခဲ့စဉ်ကာလအတွင်း မေလ ၂ ရက်နေ့တွင် တပ်မတော်က ပစ်ခတ် မှုကြောင့် ရွာသား ၆ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ထိုဒဏ်ရာရရှိသူ ၈ ဦးထဲတွင် ဆေးကုသမှု ခံယူရင်းနောက်ပိုင်းတွင် ရွာသား ၂ ဦးထပ်မံ သေဆုံး ခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းကျေးရွာသားများသည် ထိုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အချိန်က စပြီး မိမိတို့ ကျေးရွာတွင် ဆက်မနေရဲတော့ဘဲ နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိရာသို့ ထွက်ပြေးကာ ဝင်ရောက် ခိုလှုံလျှက် ရှိကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။

Loading