သောက်သုံးရေ ရှားပါးသည့် ချင်းပြည်နယ်တွင် ရေပေးဝေရေးအတွက် ကျပ် ၂ဘီလီယံခန့်က ကုန်ကျမည့် ရေလှောင်ကန် ကို ဟားခါးမြို့ တွင် ဆောက်လုပ်ရန် ပြည်နယ်အစိုးရက လျာထားကြောင်းသိရသည်။
ယင်းကန်ကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လမ်းညွန်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း မေလ ၄ရက်နေ့က ပြုလုပ်သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မတူပီမြို့နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လျန်က“ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ၁၂ ဘီလီယံ သုံးပြီး ရေပေးဝေလာတာတွေက မထိရောက်တော့ အသစ်ထပ်ဆောက်တာ ပေါ့။ လောလောဆယ်တော့ စုစုပေါင်း ဘတ်ဂျက်၂ ဘီလီယံလောက်ကို လျာထားပါတယ်။၂၀၂၀-၂၀၂၁ ဘီအီး ဘတ် ဂျက်နဲ့ လုပ်မှာပါ။ ဒုသမ္မတ လမ်းညွှန်ချက်ဆိုတဲ့ ပုံစံနဲ့ပဲ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရေလှောင်ကန်မှ ရေဂါလံ မည်မျှ ပြည်သူကို ပေးဝေနိုင်မည် စသည့် ရေပေးဝေရေးနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ လွှတ်တော်ဥက္ကဋ္ဌက ရှင်းလင်းစွာ မပြောခဲ့ကြောင်း ၎င်းကပြောသည်။
ချင်းပြည်နယ် ရေပေးဝေရေး စီမံကိန်းအတွက် ဦးသိန်းစိန် အစိုးရလက်ထက်က ကျပ် ၈ ဒသမ ၈ ဘီလီယံ စတင်အသုံးပြု၍ ရေ လှောင်ကန် တည်ဆောက်ခဲ့သော်လည်း ဘတ်ဂျက်မလုံ၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၂ ဒသမ ၉ ဘီလီယံ ထပ်မံတိုးမြင့် သုံးစွဲခဲ့ကြောင်း၊ သို့သော် ရေရရှိမှုမှာ နှစ်စဉ်အဆင်မပြေကြောင်း ဦးအောင်လျန်က ရှင်းပြသည်။
မင်းတပ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းကမူ ဦးသိန်းစိန်အစိုးရ လက်ထက်မှ စတင်ကာ ချင်းပြည်နယ် ရေပေးဝေရေးအတွက် ရေလှောင်ကန် ရေဂါလံ ၄ သိန်းဆံ့ကန် ၁ ကန်၊ ၁ သိန်းဆံ့ ၄ ကန်၊ ရေဂါလံ ၃ သောင်းဆံ့ ၅ ကန်၊ ဂါလံ ၅ ထောင်ဆံ့က ၄၁ ကန် ဆောက်လုပ်ထားကြောင်း၊ ရေ အတွက် နှစ်စဉ် ကျပ် ၁၂ ဘီလီယံ အသုံးပြုနေသော်လည်း လက်ရှိ အချိန်ထိ ရေရှိအောင် မလုပ်ဆောင်နိုင်ခြင်းက ပြည်နယ် အစိုးရ၏ အားနည်းချက်သာဖြစ်ကြောင်း ဝေဖန်ပြောဆို သည်။
“ကျနော်တို့အနေနဲ့ကတော့ ရေလှောင်ကန်ဆောက်တာက မလိုအပ်ဘူးလို့ မြင်တာပေါ့။ ဒါက ငွေဖြုန်းတဲ့ သဘောပဲ။ တခါလုပ်တာလည်း မအောင်မြင်ဘဲ အခု ထပ်လုပ်မယ်ဆိုရင် ဒါ နိုင်ငံတော် ငွေတွေ ဖြုန်းတီးတာပေါ့” ဟု ၎င်းက ပြောဆိုသည်။
ထိုအတူ ဦးအောင်လျန်ကလည်း “ချင်းပြည်နယ်ရဲ့ ငွေလုံးငွေရင်း ဘတ်ဂျက်ကို ကျပ် ၁၂ ဘီလီယံ အကုန်ကျခံပြီး ရေပေးဝေ တယ်။ အခုအချိန်ထိ ပြည်သူတွေဆီ ရေ မရောက်ဘူး။ ရေလှောင်ကန်ထဲ အထိတော့ ရောက်တယ်။ နည်းပညာကြောင့် လား ဆိုတော့ မဟုတ်ဘူး။ အခုက ကုမ္ပဏီနဲ့ အစိုးရကြားမှာ နည်းနည်း အရှုပ်အရှင်းတွေ ဖြစ်နေတယ်” ဟု ဆိုသည်။
ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့နယ် တခုတည်းကို ဦးတည်ပြီး ရင်းနှီးမြှုပ်နှံလိုက်သည့် ဘတ်ဂျက်များက ထောက်ပြစရာ အများအပြား ရှိနေကြောင်းလည်း ဦးအောင်လျန်က ထပ်မံ ပြောဆိုသည်။
ချင်းပြည်နယ်သည် ကုလားတန်မြစ် အပါအဝင် မဏိပူရမြစ်၊ လေးမြို့မြစ် စသည်တို့ တည်ရှိသကဲ့သို့ ရေဝေရေလဲ ကုန်းတန်းများ တည်ရှိသော်လည်း တောင်ပေါ်ဒေသ ဖြစ်ခြင်းကြောင့် ရေ အခက်အခဲ ရှိနေသည်။
စိမ့်စမ်းရေကို အားထားအသုံးပြုနေရသည့် ချင်းပြည်နယ်သည် နွေနှင့် ဆောင်းရာသီများတွင် ရေခမ်းလေ့ရှိသော်လည်း နွေ အခါတွင် စမ်းရေထွက်ပေါက်များ ခြောက်ခမ်းသွားသဖြင့် နှစ်တိုင်း ရေရှားပါးရခြင်း ဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ၉ ခု ရှိပြီး လူဦးရေအားဖြင့် ၅ သိန်းခွဲကျော် နေထိုင်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ စာရင်း များတွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
LD ပါတီ အနိုင်ရတဲ့အချိန်မှာ ပိုပြီးဖွံ့ဖြိုးလာတယ်
ချင်းပြည်နယ်၌ ရေအားလျှပ်စစ် ထုတ်ရန် တရုတ်ကုမ္ပဏီ၂ ခု ရင်းနှီးမြှုပ်နှံမည်