ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် မေလ ၂၁ ရက်နေ့မှ စတင်၍ အပြင်ထွက်ချိန်၌ နှာခေါင်းစည်း မတပ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်း ၃ ခု ဝယ်ယူ တပ်ဆင်ရမည့် အစီအစဉ်ကို မေလ ၂၁ ရက်မှ စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရန်အတွက် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး မေလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ထားကြောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက”တိုင်းအတွင်းမှာ နေအိမ်ပြင်ပ သွားလာသူအားလုံး Mask မဖြစ်မနေ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါကို မေ ၁၆ ရက်ကနေ မေ ၂၀ ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပါတယ်။ အဲဒီအချိန်မှာ နှာခေါင်းစည်းတွေကို ရသလောက် ဝေငှ ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီကာလ နောက်ပိုင်းမှာ Mask မတပ်ဆင်သူတွေကို စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက တွေ့ရှိမယ်ဆိုရင် Mask ၃ ခုကို ၃၀၀၀ နှုန်းနဲ့ ရောင်းပါမယ်။ ယခုဝယ် ယခုတပ်စနစ်နဲ့ တပ်ဆင်ရမယ်ဆိုတာ ညွှန်ကြားချက် ထုတ်ထား ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ ညွှန်ကြားချက်ကို ဧရာဝတီတိုင်း တတိုင်းလုံး၌ ထုတ်ပြန်ထားပြီး မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက အပြင်ထွက်ချိန် နှာခေါင်းစည်း မပါသည့် ပြည်သူများကို ပညာပေးကာလအတွင်း နှာခေါင်းစည်းများ အခမဲ့ဝေငှပေးနေကြောင်း သိရသည်။
ပုသိမ်မြို့အခြေစိုက် ကံသစ်ကံ သွေးလှူရှင်အသင်း ဦးဆောင်သူ ကိုအောင်ကြီးက “အပြင်ထွက်လို့ နှာခေါင်းစည်း – Mask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်က အရမ်းကောင်းပါတယ်။ ဒါက အများပြည်သူ ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်သင့် တဲ့ အရာပါ။ ဒါပေမယ့် ဒဏ်ငွေကို ကြောက်လို့ နှာခေါင်းစည်း တပ်တာထက် ကိုယ့်ကျန်းမာရေးအတွက်၊ ကိုရိုနာဗိုင်းရပ်စ် ကိုယ့်ဆီကို မကူးစက်ဖို့အတွက် အသိစိတ်ရှိရှိ နှာခေါင်းစည်းတပ်ကြတာ၊ လက်ဆေးကြတာ ပိုကောင်း ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေးအတွက် ဧပြီလအတွင်းကစတင်၍ မေလ ၁၅ ရက်နေ့ အထိ ယာယီ ပိတ်သိမ်းထားခဲ့သည့် တိုင်းအတွင်းပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများ၊ ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် တိုင်းအတွင်းရှိ စည်ပင်သာယာ ဈေးများအားလုံးကိုလည်း မေလ ၁၆ ရက်နေ့က စတင်ကာ ဝန်ခံကတိများဖြင့် ပြန်လည်ဖွင့်လှစ်ရန် ဧရာဝတီတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က“ပြန်လည်ဖွင့်လှစ်ခွင့်ပေးတဲ့ လုပ်ငန်း အမျိုးအစားတွေ အလိုက် လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကျနော်တို့ ထုတ်ပြန်အသိပေးထားပြီး ပြန်ဖွင့်မယ့် လုပ်ငန်းအားလုံးကို စည်းကမ်းလိုက်နာပါ့မယ်ဆိုတာ ဝန်ခံကတိ ရေးထိုးခိုင်းပါတယ်။ ဒါတွေကို လိုက်နာ ဆောင်ရွက် ဖို့လည်း ကြပ်မတ်စစ်ဆေးသွားမှာ ဖြစ်ပြီး လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တိုင်းအတွင်းရှိ စည်ပင်သာယာဈေးပေါင်း ၁၄၀ ကျော်နှင့် စည်ပင်ဌာနကြီးကြပ်မှုအောက်ရှိ ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့် စည်းကမ်းချိုးဖောက်ပါက ပထမအကြိမ်တွင် ၃ ရက် ဆိုင်ပိတ်သိမ်း ပြစ်ဒဏ်၊ ဒုတိယ အကြိမ်တွင် ၁၀ ရက် ဆိုင်ပိတ်ပြစ်ဒဏ်နှင့် တတိယအကြိမ်တွင် ရက် အကန့်အသတ်မရှိ ဆိုင်ပိတ်သိမ်းမည့် ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က“ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ ကျနော်တို့ စည်ပင်သာယာ ဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာပေးပါ။ လိုက်နာခြင်း အားဖြင့် မိမိကိုယ်တိုင်ရော၊ မိသားစုကိုရော၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်တိုင်းဒေသကြီးမှာ ဒီရောဂါ ကူးစက်မှု မရှိအောင် ကာကွယ်ရာ ရောက်ပါတယ်။ စစ်ဆေးရေးအဖွဲ့တွေလာမှ ကမန်းကတမ်း ကောက်တပ်တာမျိုး မဟုတ်ဘဲ ပုံမှန်နှာခေါင်းစည်းတပ်တဲ့အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲ အချိန်ပြည့်တပ်ဆင်နိုင်အောင် လေ့ကျင့် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် တိုင်းအတွင်းရှိ ယာဉ်လိုင်း များ၊ ဈေးများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့က စတင်ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ဒေသန္တရအမိန့် ကိုလည်း ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအထိ သတ်မှတ်ချက်အစား ည ၁၂ နာရီမှ နောက်တနေ့နံနက် ၄ နာရီအထိသို့ အချိန်ပြောင်းလဲ၍ ဖြေလျော့ခဲ့ကြောင်း သိရသည်။
သို့သော် လူထုတွေ့ဆုံပွဲ၊ ဘာသာရေးဝတ်ပြုဆုတောင်းပွဲ၊ ပွဲတော်၊ လူစုလူဝေးဖြင့်ကျင်းပသည့် အခမ်းအနား၊ ပွဲလမ်းသဘင်များ အားလုံး၊ ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေ၊ စင်တင် ဖျော်ဖြေရေး လုပ်ငန်းများအားလုံးနှင့် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကမ်းခြေများကို မေလ ၃၁ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံက သိရသည်။
ထို့ပြင် COVID-19 ရောဂါဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် အမြဲတမ်းနေထိုင်သူဖြစ်စေ၊ ယာယီနေထိုင်သူဖြစ်စေ ဧရာဝတီတိုင်းသို့ လာရောက်ပါက စောင့်ကြည့်စင်တာ (Community based facilities quarantine center) ၌ ၂၁ ရက် အသွားအလာကန့်သတ်၍ စောင့်ကြည့်မှု ခံယူရမည်ဖြစ်ပြီး တိုင်းအတွင်းသွားလာသည့် အိမ်စီးကားများ အနေဖြင့်လည်း ယာဉ်မောင်းအပါအဝင် လူ ၅ ဦးထက် ပိုမိုစီးနင်းခြင်းကို ဆက်လက်တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း ခရီးသွားလာပါက မြို့နယ်အတွင်းဆိုလျှင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် သွားလာရမည်ဖြစ်ပြီး အခြားသောမြို့နယ်၊ တိုင်းနှင့်ပြည်နယ်များသို့ သွားလာပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခရီးသွားထောက်ခံစာ ပါရှိရန် လိုအပ်ကြောင်း၊ အခြားသော ပြည်နယ်နှင့် တိုင်းများမှ ဧရာဝတီတိုင်းသို့ လာရောက်သူများ အနေဖြင့်လည်း ခရီးသွားထောက်ခံစာ ပါရှိမှသာ တိုင်းအတွင်း သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ညွန်ကြားချက် ဆက်လက် ထုတ်ပြန် ထားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ဆေးရုံ၊ ဟင်္သာတဆေးရုံ၊ လပွတ္တာဆေးရုံနှင့် မြောင်းမြဆေးရုံတို့တွင် COVID-19 ရောဂါ သံသယလူနာများ တက်ရောက်ကုသမှုများ ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် လက်ရှိအချိန် အထိ ဧရာဝတီတိုင်း၌ ဗိုင်းရပ်စ်ပိုးတွေ့သူ မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မေလ ၁၆ ရက်နေ့အထိ ကူးစက်မြန် COVID-19 ရောဂါပိုးရှိသူ ၁၈၂ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် လူနာ ၉၅ ဦးမှာ ရောဂါပျောက်ကင်းကာ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး လူနာ ၆ ဦးမှာ အသက်ဆုံးရှုံး ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
ချင်းပြည်နယ်၌ ရေလှောင်ကန်အသစ် ထပ်မံတည်ဆောက်ရန် လျာထား
ကျောက်တန်းရွာသား ၆ ဦး စွဲချက်မတင်မီ လွတ်မြောက်