ကော့သောင်း Quarantine Center မှ ထွက်ပြေးသူ ၅ ဦး အရေးယူခံရမည်
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့၍ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၁၇၈ ဦး အနက် ထွက်ပြေးသွားသူ ၅ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီး ၎င်းတို့ Quarantine ကာလပြီးပါက အရေးယူသွားမည်ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ထွန်းက ဧရာဝတီသို့ ပြောသည်။
၎င်းတို့ကို တနသာၤရီတိုင်း အစိုးရ အစီအစဉ်ဖြင့် ရနောင်းမှ ချုပ်ရက်စေ့ ပြန်လာသူ ၁၇၈ ဦးကို မေလ ၁၅ ရက်က ကော့ သောင်းဂိတ် မှ လက်ခံကြိုဆိုပြီး အမှတ်(၂) အထက်တန်းကျောင်းတွင် ၁ ညတာ ထားရှိစဉ် ထွက်ပြေးသွားခြင်း ဖြစ်သည်။
ထွက်ပြေးခဲ့သူများမှာ မြိတ်မြို့မှ ၁ ဦး၊ ရခိုင်ပြည်နယ် မာန်အောင်မှ ၃ ဦးနှင့် ရန်ကုန်မြို့အင်းစိန် ပေါက်တောဝမှ ၁ ဦး စုစု ပေါင်း ၅ ဦးကို မေလ ၁၆ ရက် ပြန်လည် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့ကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။
ဦးဇော်လင်းထွန်းက “သူတို့က ၁၆ ရက်ညမှာ ထွက်ပြေးတာ အခု ၅ ယောက်လုံး ပြန်မိပြီ။ သူတို့ဘာကြောင့် ထွက်ပြေး တယ်ဆိုတဲ့ အသေးစိတ်တော့ ကျနော်မသိဘူး။ လောလောဆယ် သူတို့ကိုတော့ Quarantine ဝင်ခိုင်းထားတယ်။ Quarantine ပြည့်ရင်တော့ ကူးစက်ရောဂါနဲ့ အရေးယူမှာပေါ့” ဟု ပြောသည်။
ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေး ဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ထိုသူကို ပုဒ်မ ၁၈ အရ ထောင် ဒဏ် ၆ လ အထိဖြစ်စေ၊ ကျပ် ၅ သောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ အရေးယူ ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။

အဆိုပါ ထွက်ပြေးသွားသူများမှာ လက်ရှိ ကော့သောင်း၌ Quarantine ဝင်နေရပြီး၊ ကျန်သည့် ပြန်လည် ဝင်ရောက်လာသူ များကို ကော့သောင်းအခြေစိုက် တပ်မတော်က ကူညီပေးသည့် ကားများဖြင့် ထားဝယ်အထိ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ရနောင်း အကျဉ်းထောင်တွင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၈၁ ဦး အနက် ကိုယ်ဝန်ဆောင်တဦးနှင့် ကျန်းမာရေး မကောင်းသူ၂ ဦး စုစုပေါင်း ၃ ဦး ကျန်ရစ်ခဲ့သည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ရွှေ့ပြောင်း အလုပ်သမား ပညာပေးစင်တာ (FED/MEC) မှ ကော့သောင်း တာဝန်ခံ ဦးမိုးဝေက ဆိုသည်။
၎င်းက “ရနောင်းမှာ အပေါ်ချုပ်မှာ မပြန်ရသေးတဲ့သူ ၄၀ ကျော်လောက် ရှိသေးတယ်။ အပေါ်ချုပ်ဆိုတာ နည်းအမျိုးမျိုးနဲ့ အမှုကိစ္စ မပြီးပြတ်သေးတဲ့သူတွေ၊ အဲဒီအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါတယ်။ ကျန်ခဲ့တဲ့ ၃ ယောက်က တော့ ဒီကြားထဲပြန်လာလို့ ရသေးမှာ မဟုတ်ဘူး။ မေ ၃၁ ရက်အထိ စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အထောက်အထား မခိုင်လုံခြင်းကြောင့် ဖြစ်စေ၊ အလုပ်ရှင်၊ အလုပ်နေရာ မတူညီခြင်းကြောင့် ဖြစ်စေ၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို ထိုင်းဥပဒေအရ ဖမ်း ဆီး ထောင်ချခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံမှ ပြန်လာသူ ၃ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ရသောကြောင့် မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ဦးရေမှာ ၁၈၇ ဦး ရှိလာပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်