သတင်း

ခရီးသွားများကို မိမိဆန္ဒဖြင့် ကန့်သတ်မှု မလုပ်ရန် ပဲခူးတိုင်း၌ စာထုတ်

ပဲခူးတိုင်း ဒေသကြီးအတွင်း ခရိုင်/မြို့နယ် တာဝန်ရှိသူများအနေဖြင့် ပြည်တွင်းမှ ခရီးသွားလာသူများအား မိမိတို့ ဆန္ဒ အလျှောက် ကန့်သတ် စောင့်ကြည့်ရေးစင်တာ (Quarantine)တွင် ထားရှိခြင်း မပြုလုပ်ရန် တိုင်းအစိုးရအဖွဲ့ မေလ ၁၅ ရက် ရက်စွဲဖြင့် စာထုတ် သတိပေးထားသည်။

မြို့နယ် အချို့တွင် အခြားတိုင်းနှင့် ပြည်နယ်များမှ ပြန်လာသူများကို ကန့်သတ် စောင့်ကြည့်နေရာများတွင် နေထိုင်စေရန် လုပ်ဆောင်မှုများ ရှိခဲ့သဖြင့် ထိုသို့ ညွှန်ကြားခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ အကြံပြုချက် ရရှိမှသာ Quarantine ထားခြင်းကို ဆောင်ရွက်ကြရန် ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်း ထွန်းဦးက ပြောသည်။

ဦးထွန်းထွန်းဦးက “တချို့ မြို့နယ်တွေက လာတဲ့သူတွေကို Quarantine နေရမယ် ဆိုပြီးလုပ်ကြတာ ရှိတယ်။ အခုက အဲဒီလို မလုပ်ဘဲ ကျန်းမာရေးဌာန စိစစ်ပြီးမှ အကြံပြုချက်အတိုင်း လုပ်ဖို့ပေါ့။ ပိုးတွေ့ရှိတဲ့ မြို့နယ်က လာတယ်ဆိုရင် တော့ နီးစပ်မှု ရှိမရှိ စိစစ်ရမှာပါ။ ပိုးတွေ့တဲ့မြို့နယ်က လာတယ်ဆိုတိုင်း အကုန်လုံးကို ကန့်သတ်ဖို့ မဟုတ်ပါဘူး” ဟု ပြောသည်။

မေလ ၁၇ ရက်အထိ စာရင်းအရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Facility Quarantine နေရာ ၅၁၇ ခုတွင် ပြည်ပမှ ပြန်လာ သူ မြန်မာနိုင်ငံသား ၃၃၇၅ ဦးအား ထားရှိကာ စောင့်ကြည့်လျက်ရှိပြီး ဆေးရုံ၌ သံသယလူနာအဖြစ် တက်ရောက် ကုသ နေသူမှာ ၅ ဦး ရှိကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး အတွင်း နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်း/ပါးစပ်စည်း (Mask)ကို စနစ်တကျတပ်ကြ ရန်လည်း သတိပေး ထုတ်ပြန်ထားပြီး Mask တပ်ဆင်ခြင်း မရှိသူများအား မေလ ၂၁ ရက်က စတင်ကာ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

ဆက်စပ်ဖတ်ရှုရန်

ကော့သောင်း Quarantine Center မှ ထွက်ပြေးသူ ၅ ဦး အရေးယူခံရမည်

Loading