ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက လက္ကာကျေးရွာမှာ မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မီးရှို့ခံရသည့်အတွက် နေအိမ် ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ကာ ပြာဖြစ်သွားခဲ့သည်။
မြောက်ဦးမြို့ မြောက်ဖက် ၇ မိုင်ခန့်အကွာ ရန်ကုန်-စစ်တွေ လမ်းမကြီး နံဘေးရှိ အဆိုပါ မီးရှို့ခံရသည့် လက္ကာကျေးရွာမှာ ၂၀၁၉ ခုနှစ် ဧပြီလ အတွင်းက ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက လူနေထိုင်ခြင်းမရှိတော့ဘဲ ဒေသခံ ကျေးရွာသားများမှာ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံနေထိုင်နေကြသည်။
နေအိမ်များ မီးလောင်သွားသည့် ကာယကံရှင် ဒေသခံကျေးရွာသားများအဆိုအရ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက အင်အား ၁၅၀ ကျော်ပါ တပ်မတော် စစ်ကြောင်း တခုသည် အနီးရှိ တိမ်ညို ကျေးရွာသို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင် တပ်ဖွဲ့ဝင် ၅၀ လက္ကာရွာထဲသို့ ဝင်ရောက်ကာ မီးရှို့သွားပြီး ညနေ ၄ နာရီ အချိန်ခန့်တွင် ပြန်လည် ထွက်သွားခဲ့ကြောင်း ပြောဆိုကြသည်။
အမည်ဖော်လိုသည့် ကျေးရွာသားတဦးက “ဒီလ ၁၆ ရက်နေ့ မနက်မှာ တပ်မတော် စစ်ကြောင်းတခုက တိမ်ညိုရွာကို ရောက်လာကြတယ်။ နေ့လည်ပိုင်းမှာ ကျနော်တို့ရွာထဲကို စစ်သား ၅၀ လောက် ဝင်သွားကြတယ်။ ရွာကို စစ်သားတွေ ဝင်သွားတယ်ဆို တော့ ကျနော်တို့ အဝေးကနေ လှမ်းကြည့်တာ။ ၅ မိနှစ် လောက်ပဲကြာတယ်။ သေနတ်သံ တွေကြားပြီးတော့ ရွာထဲက မီးခိုးလုံးတွေ ထွက်လာပဲ။ ကျနော်တို့ ဒီအတိုင်း ရင်နာနာနဲ့ ကြည့်နေကြရတယ်။ ဘာမှလည်း မလုပ်နိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက္ကာရွာမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးဌာနက မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် လက္ကာကျေးရွာအနီး အရောက် AA အဖွဲ့မှ ကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ကြောင်း နေ့လည် ၂ နာရီ ၄၅ မိနှစ် အချိန်ခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ကာ ရွာ၏ အနောက် တောင်ကြောများ ပေါ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း မေလ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
AA တပ်ဖွဲ့ဝင်များ၏ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်းလည်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လက္ကာကျေးသားများသည် အနီးရှိ တိမ်ညိုကျေးရွာ စစ်ဘေးရှောင်စခန်းနှင့် ပီပင်ရင်းကျေးရွာ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံ နေထိုင်သည့်အတွက် ရွာမီးလောင်သည့် မြင်ကွင်းများကို အဝေးကနေ လှမ်း မြင်တွေ့ရကြောင်း ပြောကြသည်။
ပီပင်ရင်း စစ်ရှောင်စခန်းတွင် ခိုလူံနေသည့် လက္ကာကျေးရွာသူ အမျိုးသမီးတဦးက “ကျမတို့ ရွာကို ဒီနေ့ သွားကြည့်လိုက်တယ်။ အကုန်မီးလောင်ပြာကျနေတယ်။ တိုက်ပွဲဖြစ်လို့ လောင်တဲ့ ပုံစံမဟုတ်ဘူး။ ချောင်ကြို ချောင်ကြားမှာ ရှိတဲ့ အိမ်တွေက အစ မီး လောင်ပြီး ပြာကျနေတယ်။ ရွာထဲကအိမ်တွေ တအိမ်မှ မကျန်ဘူး။ ရွာအဝင်ဘက်မှာ ရှိတဲ့ အိမ်တွေ အနည်းအကျဉ်းပဲ ကျန်တယ်။ ဒီလောက် ဒုက္ခရောက်နေတဲ့ လူတွေမှာ ရွာမှာ ကျန်တဲ့အိမ်တောင် မီးရှို့ခံရတယ်ဆိုတော့ ကျမတို့ဘဝတွေ သေတာနဲ့ တခြား တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ လက္ကာကျေးရွာ မီးလောင်မှုဖြစ်စဉ်ကြောင့် စာသင်ကျောင်းဆောင် တဆောင်နှင့် နေအိမ် ၁၉၃ လုံး မီးလောင်ပျက်စီးသွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ လက္ကာရွာက အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ အဲဒီမှာ မီးလောင်သွားတာက နေအိမ် ၁၉၃ ဆောင် လောင်ကျွမ်းသွားတယ်။ အိမ်ခြေ ၁၀၀ နီးပါးလောက်ပဲ ကျန်တယ်။ စာသင်ကျောင်းလည်း ၁ ဆောင်လောင် သွားတယ်။ ဘယ်သူ မီးရှို့သလဲဆိုတာကတော့ ကာယကံရှင် ရွာသား တွေပဲ အသိဆုံးဖြစ်မယ်။ သူတို့ကို မေးကြည့်ရင် သိနိုင်လိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကလည်း လက္ကာကျေးရွာသားများ အဖမ်းခံခဲ့ရဖူးသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့ ညဉ့်အချိန်က မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်း တခုနှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော် ယာယီစခန်းတခုကို AA က ဝင် ရောက် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ နံနက် စောစောတွင် စစ်ကူလာသော တပ်မတော် စစ်ကြောင်းနှင့် AA အဖွဲ့တို့ လက္ကာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် တပ်မတော် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ရွာသားများကို ခေါ်ယူ စစ်ဆေးခဲ့ပြီး ရွာသား ၂၇ ဦးကို AA တပ်ဖွဲ့ဝင်များ ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
လက္ကာကျေးရွာသားများနှင့် ကာယကံရှင် မိသားစုဝင်များက တပ်မတော်က ဖမ်းဆီးထားသည့် ရွာသား ၂၇ ဦးမှာ AA တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းနှင့် အရပ်သားများသာ ဖြစ်ပြီး မတရားဖမ်းဆီးခံနေရခြင်းသာ ဖြစ်ကြောင်း ပြောဆိုကြ သည်။
ထိုဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ၃ ဦး သေဆုံးခဲ့ရာ သေဆုံးခဲ့သည့် ရွာသားများမှာ ကိုဇော်မျိုးထွန်း ( ၂၅ ) နှစ်၊ ဦးသိန်းထွန်းစိန် ( ၃၅ ) နှစ်နှင့် ဦးမောင်သန်းနု ( ၄၁ ) နှစ်တို့ဖြစ်သည်။
သေဆုံးသွားသည့် ကျေးရွာသား ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ တဦး၊ ဆွဲကြိုးချသေဆုံးသူ တဦးနှင့် နှလုံး ဖောက်၍ သေဆုံး တဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံး ကြောင်း ထုတ် ပြန်ခဲ့သည်။
ရွာသား ၃ ဦး သေဆုံးမှုနှင့်ပတ်သက်ပြီးလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်တွေမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် သေမှု သေခင်းနှင့် အမှု ဖွင့်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
သို့သော်လည်း သေဆုံးသူ မိသားစုဝင်များကတော့ အလောင်းများကိုလည်း တွေ့မြင်ခွင့် မရခဲ့သလို တပ်မ တော်ဘက်က အကြောင်းချက်ပေးသည့် အပေါ်လည်း အယုံအကြည် မရှိဟု ဆိုကြသည်။
လက်ရှိအချိန်တွင် အဆိုပါ လက္ကာကျေးရွာသားများ စစ်ဘေးရှောင်စခန်းများတွင် ခိုလူံနေရပြီး ဖမ်းဆီးခံ လက္ကာကျေးရွာသား ၂၄ ဦးမှာလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ တနှစ်ကျော်အထိ ရှိလာပြီ ဖြစ် သည်။
You may also like these stories:
ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည်ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်
ပလက်ဝ စစ်ရှောင်များအတွက် မိုးမတိုင်မီ ရိက္ခာပေးပို့ရန် ပြည်နယ်အစိုးရ စီစဉ်
ပုဏ္ဏားကျွန်း ဒေသခံများကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားများ အရေးယူခံရ