ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်း အများစုသည် အကျဘက်သို့ ရောက်ရှိနေသော်လည်း နိုင်ငံတကာ ဈေးကွက်သို့ ရေထွက်ကုန် တင်ပို့မှုသည် ယခင်နှစ်ကထက် ပိုမို တိုးတက်လာနိုင်သည့် အခြေအနေရှိ ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်မှ မေလ ၈ ရက်အထိ မြန်မာ့ ရေထွက်ကုန် ပြည်ပ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုးနီးပါး အထိ တင်ပို့ ထားနိုင်ခဲ့ပြီး ယင်းပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
COVID- 19 ရောဂါကြောင့် နိုင်ငံတကာနှင့် ပြည်တွင်း၌ ကန့်သတ် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သော မတ်လနှင့် ဧပြီလ အတွင်း၌ အနောက်နိုင်ငံများသို့ အဓိက တင်ပို့သော ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းသည် တုံ့ဆိုင်းသွားခဲ့သော်လည်း တရုတ်(မူဆယ်)နှင့် ထိုင်းနိုင်ငံ(ကော့သောင်း) ဈေးကွက်သို့ တင်ပို့နေသော ကုန်သွယ်ရေးမှာ တိုးတက်ခဲ့ခြင်းကြောင့် ပြည် ပ တင်ပို့မှု တိုးလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဧရာဝတီ သို့ ပြောသည်။
၎င်းက “စားသောက်ကုန်တွေ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အဓိက ဖောက်သည်တွေ တရုတ်နဲ့ထိုင်းက ခဏပဲ အဝယ်ရပ် သွားခဲ့တာ။ နောက်တော့ ပုံမှန်ပြန်ဝယ်တာပဲ။ ကိုဗစ်အလွန်မှာ စားနပ်ရိက္ခာ ဖြစ်တဲ့ ငါး ပုစွန်ရောင်းဝယ်မှုက ကမ္ဘာ့ဈေး ကွက်မှာလည်း ဝယ်လိုအား သိသိသာသာ တက်လာလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ အဲဒီအတွက်လည်း အခုကာလမှာ ကျနော်တို့ အားယူနေတယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ ရေထွက်ကုန် တင်ပို့မှုက တနှစ်ထက်တနှစ် တိုးတက်လာတာရယ်၊ အခု ကိုဗစ်ကြောင့်လည်း ပို တိုး တက်သွားမယ့် အနေအထား ရှိတာကြောင့် ဒီနှစ်က အရင်နှစ်ကထက် ထပ်ပြီး တိုးတက်လာနိုင်မယ်လို့ ထင်တယ်” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန် တင်ပို့မှုသည် အမေရိကန် ဒေါ်လာသန်း ၇၂၈ သန်းကျော်ရှိပြီး ပမာဏအားဖြင့် မက်ထရစ် တန်ချိန်ပေါင်း ၅ သိန်း ၉ သောင်းကျော် တင်ပို့နိုင်ခဲ့သည်။
ထို ပမာဏသည် ၅ နှစ်အတွင်း စံချိန်သစ် တင်နိုင်ခဲ့သည့် ပမာဏလည်း ဖြစ်သည်။
ရေထွက်ကုန် ပြည်ပတင်ပို့သည့် ကုမ္ပဏီတခု၏ တာဝန်ရှိသူတဦးက “ဒီကာလမှာက ကိန်းဂဏန်းတွေ တက်နေပေမယ့် အမှန်တကယ် ကောင်းတယ်လို့ မခေါ်နိုင်ဘူးပေါ့။ ပြည်တွင်းမှာလည်း ဟိုပိတ် ဒီပိတ်ဆိုတော့ ကုန်ကြမ်းရရှိမှုက နည်း နည်း ရှားနေတာရယ် နယ်စပ် ကုန်သွယ်ရေးတွေမှာလည်း အားလုံးပိတ်ချလိုက်တဲ့အချိန်မှာ အကုန် ရပ်ကုန်တာတွေ လည်းရှိပါတယ်။ အရင်ထက်စာရင်တော့ ကျသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ကိုဗစ်အလွန် ကာလတွင် လက်ရှိ အချိန်ကတည်းက စားနပ်ရိက္ခာကုန်ပစ္စည်း လိုအပ်ချက်ရှိနေပြီ ဖြစ် သော နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ရေထွက်ကုန်များ အတွက် အခွင့်အလမ်း တော်တော်များများ ရှိနေကြောင်း ၎င်း က ခန့်မှန်းသည်။
မတ်လနှင့် ဧပြီလအတွင်းက ဝယ်ယူမှု အမှာစာ လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းနှင့် ရွှေ့ဆိုင်းမှုများ လုပ်ဆောင်ခြင်းတို့ကြောင့် ရပ်ဆိုင်းခဲ့ရသော ပုံမှန် ကုန်သွယ်ရေး လမ်းကြောင်းသည်လည်း ယခု မေလအတွင်းတွင် ၅၀ ရာခိုင်နှုန်းခန့် ပြန်လည် စတင်နေပြီ ဖြစ်ခြင်းကြောင့် အလုပ် ရပ်ဆိုင်းထားရသည့် ရေထွက်ကုန် အအေးခန်း စက်ရုံ အများစုသည် လုပ်ငန်းများ ပြန်စတင် နေရပြီ ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဒု အမြဲတမ်း အတွင်းဝန် ဦးလှထွန်းက “ဒီရေထွက်ကုန်တွေက ကို ဗစ် မဖြစ်ခင်ကတည်းက ဖမ်းထား ဆီးထားပြီး သိုလှောင်ထားတာဆိုတော့ ကိုဗစ်ဖြစ်ပေမယ့်လည်း တင်ပို့ထားပြီး ဖြစ်တဲ့ ကွန်တိန်နာတွေရဲ့ ကိန်းဂဏန်းတွေကြောင့် မကျသေးတာပါ။ အခု ၁ လ ၂ လလောက်ကတော့ အရင်ဟာတွေရဲ့ အရှိန်နဲ့ ရှိနေတော့ နောက်ပိုင်းလတွေကို ဆက်စောင့်ကြည့်ဖို့ လိုမယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောသည်။
လက်ရှိ အခြေအနေများအရ ယခုဘဏ္ဍာနှစ်တွင် မြန်မာ့ ရေထွက်ကုန် တင်ပို့နိုင်မှု ပမာဏသည် ယခင်နှစ်ကထက် ပိုမို မြင့်တက်သွားရန် မရှိနိုင်သေးဘဲ ပြီးခဲ့သည့်နှစ်က တင်ပို့နိုင်ခဲ့သည့် အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ခန့် ရရှိနိုင် ကြောင်း ၎င်းက ဆိုသည်။
မြန်မာ့ ရေထွက်ကုန် တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်သည် တရုတ်ဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိပြီး ယင်းနောက်တွင် ထိုင်းနိုင်ငံ၊ ဂျပန်နှင့် အီးယူနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့လျက် ရှိကာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန်နှင့် ဂဏန်းအပြင် အခြားရေထွက်ကုန်များကို တင်ပို့လျက် ရှိသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
ဝယ်လိုအား မရှိ၍ ငါးဖမ်းရာသီ တလစော ပိတ်သိမ်း
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
မြန်မာ့ရေထွက်ပို့ကုန် တင်ပို့မှု ၅ နှစ် အတွင်း စံချိန်တင်မြင့်တက်