သတင်း

ထိုင်းတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများ နယ်ကျော်ပြန်ခွင့်ရရှိ

ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအနေဖြင့် လာမည့် မေလ ၂၂ ရက်နေ့မှ စတင်ကာ ကန့်သတ်စည်းကမ်းများဖြင့် ပြန်ခွင့်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးမှ သိရသည်။

ယင်းအစီအစဉ်မှာ ဘန်ကောက်မြို့၊ မော်ချစ်ကားဂိတ်မှ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့သို့ ဘတ်စ်ကား တစီးလျှင် လူ ၂၁ ဦးလိုက်ပါကာ ည ၁၀ နာရီတွင် ဘတ်စ်ကား ၅ စီး၊ ည ၁၁ နာရီတွင် ဘတ်စ်ကား ၅ တို့အား ယာဉ်တန်းဖြင့် ထွက်ခွာမည်ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ကားဖြင့် အစောင့်အရှောက် လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးအတွက် ဘတ်စ်ကားတစီး ငှားရမ်းခမှာ ဘတ် ၂၂၀၀၀ ကျသင့်သည့်အတွက် ခရီးသည်တဦးလျှင် ၁၀၄၈ ဘတ်ကျသင့်မည်ဖြစ်ပြီး အလုပ်သမားသံအရာရှိရုံးသို့ ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းမှု အပေါ်အခြေခံကာ လိုက်ပါခွင့်ရမည့်စာရင်းအား မေလ ၂၀ ရက်နေ့တွင် စတင်ကြေညာပေးမည်ဖြစ်သည်။

လိုက်ပါခွင့်ရသူများ အနေဖြင့် မဟာချိုင်ရှိ မြန်မာနိုင်ငံ လက်မှတ်ထုတ်ပေးရေးစခန်းသို့ ညနေ ၅ နာရီထက် နောက်မကျဘဲ လာရောက်ကာ လူစု၍ စီးရမည်ဖြစ်ပြီး ယင်းမှတဆင့် မော်ချစ်ကားဂိတ်သို့ ပို့ဆောင်ပေးမည်ဖြစ်ကာ ဘတ်စ်ကားခ အနေဖြင့် ဘတ် ၁၅၀ ကျသင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် နေထိုင်သည့်နေရာနှင့် နီးစပ်ရာ မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြဝတီ၊ ရနောင်-ကော့သောင်းဂိတ်များသို့ မိမိအစီအစဉ်ဖြင့် သွားရောက်ကာ ထွက်ခွာလိုသူများအနေဖြင့်လည်း ထိုင်းနိုင်ငံအတွင်း ခရိုင်ဖြတ်ကျော် သွားလာခွင့်အတွက် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ အချက်အလက်ဖြည့်သွင်းကာ စာရင်းပေးပို့ရမည်ဖြစ်သည်။

တင်ပြလာသူများအား အလုပ်သမားသံအရာရှိရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရုံးသို့ ပေးပို့ကာခွင့်ပြုချက်ရယူ၍ သတ်မှတ်ရက်အလိုက် ခရီးသွားထောက်ခံချက် ထုတ်ပေးမည်ဖြစ်ပြီး ယင်းထောက်ခံချက် တွင် ပါရှိသည့် သတ်မှတ်ရက်များအတိုင်းသာ ဂိတ်များ ဖြတ်သန်းခွင့်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှပြန်လိုကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးသို့ အွန်လိုင်းမှတဆင့် စာရင်းပေးထားသူများ ၂၈၀၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံတောင်းခံလာသည့် အချက် ၁၂ ပါ ကိုယ်ရေးပုံစံများကိုလည်း ထပ်မံကောက်ယူကာ ပေးပို့လျှက်ရှိသည်။

မြန်မာအလုပ်သမား ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က မေလ ၁ ရက်နေ့က စတင်ကာ လက်ခံခဲ့သော်လည်း ထိုင်းနိုင်ငံဘက်မှ အရေးပေါ်အခြေအနေကြေညာမှုကို မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားကာ နယ်ကျော်သွားလာခွင့်များ ပိတ်ထားသည့်အတွက် အနည်းအကျဉ်းသာ ပြန်လည်ဝင်ရောက်မှုရှိထားသည်။

ဆက်စပ်လင့်

ရနောင်းခရိုင်တွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့် ပိတ်မိနေ

ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရနှင့် ညှိနှိုင်းနေ

ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း

Loading