သတင်း

သံဃာတော်များကို ပုတ်ခတ်ရေးသားခဲ့သည့် ဆရာဝန်ကို အမှုဖွင့်ရန်စီစဉ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် နေထိုင်သူ ဆရာဝန် ၁ ဦးသည် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှ တဆင့် နိုင်ငံတော်၏ ဘာသာ သာသာနာနှင့် သံဃာတော်များကို စော်ကားသည့် စကားများ ရေးသားဖြန့်ဝေခဲ့သဖြင့် မြို့နယ် သာသာနာရေး ဦးစီးဌာနမှ သာသနာ ညှိုးနွမ်းစေ မှုဖြင့် အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၇ ရက်နေ့က ဒေါက်တာကျော်ဝင်းသန့် ဆိုသူက ၎င်း၏ လူမှု့ကွန်ရက်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းတွင် Sex Education နှင့်ပတ်သက်သည့် သင်ရိုးတခု ပါဝင် လာမှုကစပြီး အပြန်အလှန် ဝေဖန်နေကြရာမှတဆင့် ဘာသာရေး အသုံးအနှုန်း ပြောဆိုမှုများမှာ ထိခိုက်စော်ကားမှုများ ပါဝင်သဖြင့် ယခုလို တရားစွဲဆိုရန် အဆင့်ထိ ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်ဟု မိတ္ထီလာမြို့နယ် သာသာရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုအောင်က ပြောသည်။

ဦးကိုကိုအောင်က “သူက ဒီတခေါက်တည်း မဟုတ်ဘူးဗျ။ အရင်ထဲက သူကရေးသားနေတာ။ အခု ကျနော်တို့ အမှုဖွင့်ဖို့ လုပ်နေပါတယ်။ သာသနာညိုးနွမ်းစေမှုနဲ့ပေါ့။ ပုဒ်မ ၂၉၅(က) နဲ့ပါ။ တိုင်ချက်က ကျနော့်ကို တာဝန်ပေးတော့ ကျနော်ပဲ တာဝန်ယူရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက “သူဘယ်လောက်အထိ ရေးသားထားလဲဆိုတာ သူ့ဖေ့စ်ဘုတ်မှာ ကြည့်ရင် တွေ့ရမှာပါ။ သူ့ရေးသားချက်တွေကို ကျနော်တို့ အခု လုပ်နေတာပါ။ ဗုဒ္ဓတက္ကသိုလ်က ပါမောက္ခချုပ်ဟောင်း ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကိုတောင် သူက ဝေဖန်ခဲ့တာ။ အဲဒီအတွက် ကျနော်တို့ အရေးယူဖို့ လုပ်နေတာပါ” ဟု ရှင်းပြသည်။

ဒေါက်တာ ကျော်ဝင်းသန့်သည် ၎င်း၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် “ကတုံး(သံဃာတော်များကို ရည်ရွယ်ပြီး) များက Sex Education ဘယ်လိုလုပ်သိမလဲ၊ သင်မှ မသင်ဖူးကြောင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုပြီး ဝင်ရောရောင်ပြောကြောင်း၊ မိမိငယ်ငယ်က မြို့လယ်ရှိ အေ–ကား(Sex Movie) များ ပြသရာ ရုပ်ရှင်ရုံတွင် ၎င်းတို့သာ ပျော်ရွှင်စွာ ကြည့်ကြကြောင်း” စသဖြင့် မေ ၁၇ ရက်နေ့က ရေးသားခဲ့ပြီး အခြားသော စွပ်စွဲသည့် စကားလုံး၊ အသုံးအနှုန်းများစွာဖြင့်လည်း သံဃာတော်များကို စော်ကား ပြောဆိုခဲ့သည်ဟု သိရသည်။

Video credit: Khin Ko Latt/ Facebook

ထိုကိစ္စမှ စပြီး မြို့ခံလူထုက မကျေနပ် ဖြစ်လာသဖြင့် ၎င်းအကောင့်ပိုင်ရှင်၏ ဖခင်ဖြစ်သူက မေလ ၁၈ ရက်နေ့က မိတ္ထီလာမြို့ရှိ ကိုးနဝင်းကျောင်းတိုက်တွင် ၎င်း၏သားကိုယ်စား သံဃာတော်များနှင့် မြို့မိမြို့ဖများကို ဝန်ချတောင်းပန်ခဲ့သည်။

သို့သော် သံဃာတော်များနှင့် မြို့မိမြို့ဖများက ကိုယ်တိုင် ဝန်ချတောင်းပန်ရန် ထပ်မံပြောဆိုသည့် အတွက် ယနေ့(မေလ ၁၉) မနက်ပိုင်းတွင် ဒေါက်တာကျော်ဝင်းသန့်ကိုယ်တိုင် အဆိုပါ ကျောင်း တိုက်တွင် တောင်းပန်ဝန်ချခဲ့သော်လည်း မြို့ခံများ၏ ခဲဖြင့်ပေါက်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း များကြောင့် ၎င်းကို သက်ဆိုင်ရာမှ မန္တလေးမြို့သို့ ဖမ်းဆီးသွားကြောင်း မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက အတည်ပြုသည်။

ဦးစိုးသန်းက “အဓိကက လူစုလူဝေးဖြစ်မှာရယ်၊ လူထုက လာရောက်နားထောင်နေရင်းကနေ တုန့်ပြန်တာရယ်တွေကြောင့် သူ့ကို(ဒေါက်တာကျော်ဝင်းသန့်) ဒီမှာမထားတော့ဘဲ မန္တလေး ခေါ်သွားတယ်လို့ နောက်ဆုံး သိရတယ်။ သူက အခုမှ အဲဒီလို ပြောနေတာ မဟုတ်ဘူး။ ဟိုးအရင်ထဲက ဘာသာ၊ သာသနာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတဲ့သူ” ဟု ဆိုသည်။

၎င်းက “သူ့ကို တရားတော့ စွဲမယ်ဆိုတာလောက်ပဲ သိရတယ်။ ဘာနဲ့စွဲမလဲ ကျနော်မသိသေးဘူး။ သူ့အဖေက ပြီးခဲ့တဲ့နေ့က လာတောင်းပန်တယ်။ သံဃာတော်ရော၊ လူထုရောက ကိုယ်တိုင် မဟုတ်လို့ဆိုပြီး ဒီနေ့ ထပ်တောင်းပန်တာမှာ လာနားထောင်တဲ့ မြို့ခံတွေရဲ့ အုံကြွမှုကနေ နောက်ဆုံး ပဋိပက္ခဖြစ်မှာစိုးလို့ လုံခြုံရေးတွေက ဖမ်းခေါ်သွားတာ။ အဲဒီ လာတဲ့သူတွေကိုရော လူစုလူဝေးကိစ္စ ဘယ်လိုဆိုတာ ကျနော်မသိဘူး” ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိတ္ထီလာမြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့ထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

Loading