၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် လက်ကျန် ၄ လအတွက် အစိုးရ အသုံးစရိတ် ကျပ်ဘီလီယံ ၂၆၀၀ ကျော် လိုအပ်သဖြင့် ခွင့်ပြုပေးရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မနေ့က ပြုလုပ် သည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ တောင်းခံလိုက်သည်။
ဘဏ္ဍာငွေကို ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းများ၊ အစိုးရ ဝန်ကြီးဌာနများအတွက် အသုံးပြုရမည် ဖြစ်ပြီး မဖြစ်မနေ ဆောင်ရွက်ရမည့် ဦးစားပေး အသုံးစရိတ်များတွင် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မပြီးပြတ်သည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ တင်ပြချက်အရ သိရသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေမှ ပြည်ထောင်စု အဆင့် ဗဟိုအဖွဲ့အစည်းများအတွက် ကျပ် ၄ ဒ သမ ၀၁၉ ဘီလီယံ၊ ဝန်ကြီးဌာနများအတွက် ၂၅၆၇ ဒသမ ၉၄၆ ဘီလီယံ၊ တပ်မြို့ စည်ပင်သာယာရေးအဖွဲ့များ အတွက် ကျပ် ၀ ဒသမ ၀၈၃ ဘီလီယံ၊ နေပြည်တော် ကောင်စီအတွက် ကျပ် ၂၃ ဒသမ ၀၄၈ ဘီလီယံ၊ ဗဟိုဘဏ်အတွက် ကျပ် ၁၉ ဒသမ ၄၀၄ ဘီလီယံနှင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီအတွက် ကျပ် ၁၅ ဒသမ ၇၁၆ ဘီလီယံတို့ ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ပြင်ပမှ ဆောင်ရွက်သည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့ အစည်းများ ဖြစ် သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအတွက် ကျပ် ၂၅ ဒသမ၂၂၈ ဘီလီယံ၊ ရန်ကုန် လျှပ်စစ် ဓာတ် အားပေးရေး ကော်ပိုရေးရှင်းအတွက် ကျပ် ၃ ဒသမ ၇၉၉ ဘီလီယံ၊ မန္တလေး လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ကျပ် ၁ ဒသမ၇၄၄ ဘီလီယံ ဖြစ်သဖြင့် စုစုပေါင်း ကျပ် ၂၆၆၀ဒသမ ၉၈၇ ဘီလီယံလည်း တောင်းခံထားသည်။
ယင်းအဖွဲ့ အစည်း ၃ ခုစလုံးသည် အရှုံးပြနေသည့် လုပ်ငန်းများကို ဆောင်ရွက်နေရသည့် အဖွဲ့ များ ဖြစ်သည်။
ယင်းလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ရန် ပြန်လည် တောင်းခံလာသည့် အသုံးစရိတ်များနှင့်အတူ ကာကွယ်ရေး ဝန်ကြီး ဌာနက ထပ်မံလိုအပ်သော တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် အသုံးစရိတ်များနှင့် မြေယာ လျော်ကြေးများ ပါဝင်သော်လည်း မည်မျှ တောင်းခံကြောင်းကို အသေးစိတ် ရှင်းလင်းမှု မရှိပါ။
“အခုလို တပ်မတော် အသုံးစရိတ်ဆိုတာမျိုးက အသေးစိတ် ဖော်ပြလေ့ မရှိဘူး။ ဘယ်လောက်သုံးမယ်ဆိုတာ မပါဘူး။ မြေယာလျော်ကြေးလည်း အဲလိုပဲ။ အသံုံးစရိတ်ကတော့ များမယ်လို့ ထင်တယ်။ အရမ်းများတော့ မတင်တော့တာ လည်း ဖြစ်နိုင်တာပေါ့”ဟု လှိုင်းဘွဲ့ မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။
ဖြည့်စွက်ဘတ်ဂျက်ဆိုသည်မှာ မူဝါဒအရ မသုံးမဖြစ် သုံးရမည့် ကုန်ကျစရိတ်များ ဖြစ်ရန် လိုကြောင်း၊ နိုင်ငံတော်ကို ပေး သွင်းရမည့် အခွန်အကောက်များ ဖြစ်ရန် လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ပါက ဆောင်ရွက်ဆဲ လုပ်ငန်းများ ဖြစ်ရန် လိုကြောင်း၊ ထိုမူဝါဒနှင့် ကိုက်ညီမှသာ ခွင့်ပြုရမည် ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဦးခင်ချိုက ပြောသည်။
အစိုးရ၏ ဖြည့်စွက်ဘတ်ဂျက် ကျပ်ဘီလီယံ ၂၆၆၀ ကျော် တင်ပြချက်ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီတို့က စိစစ်လေ့လာပြီး ဘီလီယံ ၈၀ ကျော်ကို ဖြတ်တောက်ကာ ဘီလီယံ ၂၅၇၀ ကျော်အား အ တည်ပြုပေးရန် လွှတ်တော်သို့ မနေ့က ပြန်လည် တင်ပြခဲ့သည်။
ပြည်သူ့ ငွေစာရင်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ယခု ဖြည့်စွက်ဘတ်ဂျက်သည် ကိုဗစ်ကာလ မတိုင်မီ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက ရေးဆွဲထားခြင်း ဖြစ်၍ ယခုကာလတွင် ယင်းဘတ်ဂျက်ဖြင့် လက်တွေ့ အကောင်အထည် ဖော်ရသည့်အခါ မူလမျှော်မှန်းထားသည့် ဝင်ငွေ အပြည့်အဝ မရနိုင်သလို အသုံးစရိတ် ပိုမို သုံးစွဲရသည်လည်း ရှိကြောင်း လွှတ်တော်တွင် ပြောသည်။
ထို့ပြင် ယခု ဖြည့်စွက်တောင်းခံငွေမှာ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းက ခွင့်ပြုချက် ရရှိခဲ့သော်လည်း ပြီး စီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြန်လည်တောင်းခံငွေ ၇၄ ဒသမ ၆၉၁ ဘီလီယံ ပါရှိနေကြောင်း ၎င်းက ထောက်ပြသည်။
“ကျနော်တို့ ဘက်ဂျက်နှစ် သတ်မှတ်ပြီးတော့ ရနိုင်သမျှ Resources တွေကို တတ်နိုင်သမျှ ခွဲဝေသုံးစွဲနေရတဲ့ နိုင်ငံမျိုးမှာ ဒီလိုပမာဏ ကြီးမားစွာ နှစ်ကြိမ်နှစ်ခါ ပြန်လည်ခွင့်ပြုပေးရခြင်းက ကျနော်တို့ရဲ့ Resources တွေကို ဖြုန်းတီးရာ ကျပါ တယ်”ဟု ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်မင်းက လွှတ်တော်တွင် ပြောသည်။
၎င်း ထောက်ပြခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ပြန်လည် တောင်းခံလာသည့် ၂၀၁၈ –
၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့သည့် အဆောက်အဦး ၂၁၄၃ လုံးကို တကယ်တန်း ပြီးစီးအောင် ဆောင် ရွက်နိုင်ခဲ့ပါက ယခုလို ကိုဗစ်ကာလတွင် Social Distancing အတွက်ပါ အသုံးဝင်မည့် အခြေအနေပင် ဖြစ်သည်။
“သူတို့ကတော့ ပြောတာပေါ့။ ဒါက ပညာရေး ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဖြစ်တယ်ဆိုပြီး ဒီလို ပြော ရင်တော့လည်းပဲ ပြောပေါ့လေ။ ပြောတာကတော့ မတတ်နိုင်ဘူး။ တကယ်မြေပြင်မှာ ဖြစ်ပျက်နေတာ သွားကြည့်ရင် သိမှာပါ။ မပြီးရင် ယူထားလို့ မရတော့ ပြန်အပ်ရတယ်။ ပြန်အပ်ပြီးရင် ပြန်တောင်းရမှာပဲ”ဟု အခြေခံ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ထို့ကြောင့် ယခုနှစ်တွင် သတ်မှတ်ကာလအတွင်း ပြီးစီးရန် အောက်တိုဘာလ ဘတ်ဂျက်မစမီကပင် တင်ဒါခေါ်နိုင်ရန် ကြို တင်ပြင်ဆင်ထားမည် ဖြစ်ကြောင်း၊ ဘတ်ဂျက်ကာလ စဖွင့်သည့်နှင့် တင်ဒါခေါ်ကာ မြန်မြန် လုပ်မည် ဖြစ်ကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနသည် ယင်းငွေလုံးငွေရင်း အသုံးစရိတ်များကို တိုက်ရိုက်မကိုင်တွယ်ဘဲ တိုင်းနှင့်ပြည်နယ် အစိုးရနှင့် တိုင်းနှင့်ပြည်နယ် အဆင့် ပညာရေးမှူးများကို လွှဲထားရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်းဖျားသည့် နေရာ၊ ရခိုင်ပြည်နယ်ကဲ့သို့ စစ်ပွဲများ ဖြစ်နေရာ ဒေသများ တွင်လည်း လုပ်ငန်းများ မပြီးနိုင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ထောက်ပြသလို ဆောက်လုပ်ပြီးပါက ကျောင်း များကို Social Distancing လုပ်နိုင်ရန် ဆိုသည်မှာလည်း ယခုလက်ရှိ ရှိနေပြီး ဖြစ်သည့် ကျောင်းသားများအတွက်ပင် အဆောက်အဦမှာ မလောက်ငှသည့် အခြေအနေဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောသည်။
ယခုကာလသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (ကိုဗစ်)အတွက် ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကိစ္စများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုများအပေါ် ပြန်လည်ကုစားရေးဆိုင်ရာကိစ္စများ ပြုလုပ်ရမည့် အချိန်ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များတွင် ရငွေများလျော့နည်းနိုင်ခြင်း၊ သုံးငွေများတိုးမြင့်နိုင်ခြင်း၊ ပြည်ပချေးငွေများ တိုးလာနိုင်ခြင်းတို့ ကြုံတွေ့ ရနိုင်ကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ထောက်ပြခဲ့သည်။
ထို့ကြောင့် အစိုးရက အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် အဆင့်ဆင့်သော ကော်မတီများကို ဖွဲ့စည်းလျက် အချိန်နှင့် တပြေးညီ စီမံခန့်ခွဲ ကွပ်ကဲ ဆောင်ရွက်ခြင်း၊ COVID -19 Economic Relief Plan (CERP) ကို ထုတ် ပြန် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ၊ ပြည်တွင်းပြည်ပ လှူဒါန်းငွေ ၊ပြည်ပအဖွဲ့အစည်းများထံမှ ချေးယူရရှိငွေ စသည့် ဘဏ္ဍာငွေအရင်းအမြစ်များ စနစ်တကျအသုံးပြု၍ ကပ်ရောဂါအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ဟု ဆိုသည်။
ယခု ဖြည့်စွက်ဘတ်ဂျက်များနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော် သို့ အမည်စာရင်း တင်သွင်းပေးရန် ပြည်ထောင်စု လွှတ်တော် နာယက ကြေညာထားသဖြင့် လာမည့် တပတ်အတွင်း ဆက်လက် ဆွေးနွေးဖွယ် ရှိသည်။
You may also like these stories:
ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော
ရန်ကုန်တိုင်း အသုံးစရိတ် ကျပ် ၇၇၀ ဘီလီယံ လျာထား