မလေးရှားနိုင်ငံမှ ပြန်လာပြီး ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ စောင့်ကြည့်စင်တာ (Facilities quarantine Centre) ၌ စောင့်ကြည့်မှု ခံယူနေသူ တဦးထံတွင် COVID-19 ရောဂါပိုး တွေ့ရှိရသည့်အတွက် ပုသိမ်ဆေးရုံကြီးသို့ ယနေ့ နံနက်ပိုင်းတွင် လွဲှပြောင်း ပို့ဆောင်၍ ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်း၏ ပထမဆုံး COVID-19 ပိုးတွေ့လူနာမှာ အသက် ၂၀ အရွယ်ရှိ လူငယ်တဦးဖြစ်ပြီး ဧပြီလ ၁၁ ရက်တွင် မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ဧရာဝတီတိုင်းအစိုးရအဖွဲ့က လေဆိပ်မှတဆင့် ပုသိမ်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်စင်တာသို့ ပို့ဆောင်၍ ၂၁ ရက် အသွားအလာ ကန့်သတ်ကာ စောင့် ကြည့်မှု ခံယူရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၈ ဦး စလုံးတွင် COVID-19 ရောဂါပိုး ရှိမရှိ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ဓာတ်ခွဲ နမူနာများ ပေးပို့စစ်ဆေးခဲ့ရာ အဆိုပါ အသက် ၂၀ အရွယ် လူငယ်တွင် COVID-19 ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ကျန်းမာရေးဌာနမှ ကူးစက်ရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်မင်းထွန်းက “မလေးရှား က ပြန်လာတဲ့ လူ ၁၈ ဦးမှာ ၁ ယောက် ပိုးတွေ့ရှိပြီး ကျန်လူ ၁၇ ဦးမှာ ပိုးမတွေ့ရပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာဖြစ်သည့် လူနာအမှတ် ၁၉၁ ကို ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သီးခြားဆောင်တွင် ထားရှိကာ ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ပုသိမ်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “ပိုးတွေ့လူနာက ဘာမှမဖြစ်ဘူး။ ဖျားလည်း မဖျားဘူး၊ ချောင်းလည်းမဆိုးဘူး။ ကိုယ်တွေလက်တွေ ကိုက်ခဲတာလည်း မရှိပါဘူး။ လူကောင်း အတိုင်းပါပဲ။ လက်ရှိတော့ ပုသိမ် ဆေးရုံကြီးမှာ သူ့ကို သီးခြားထားရှိပြီး စောင့်ကြည့်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကျန်းမာရေးဌာန အနေဖြင့် ပြည်တော်ပြန်များထံတွင် COVID-19 ရောဂါပိုး ပါလာနိုင်သည့်အတွက် စောင့်ကြည့်မှုများ၊ ရောဂါစစ်ဆေးမှုများနှင့် ရောဂါဖြစ်လာပါက ကုသမှုများဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း၊ ထိုသို့ ပြင်ဆင်ခဲ့ မှုကြောင့် ပိုးတွေ့လူနာမှာ ပြင်ပသို့သွားလာမှုမရှိဘဲ ထိန်းချုပ်ကုသမှုပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဧရာဝတီတိုင်းမှာ ပိုးတွေ့ပြီဆိုကတည်းက ကျနော်တို့က ပိုပြီးတော့ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ကံကောင်းတာက ကျနော် တို့က လူနာကို စောင့်ကြည့်စင်တာမှာ ထိန်းထားနိုင်ခဲ့တဲ့အတွက် ပြည်သူထဲကို ပြန့်မသွားခဲ့ဘူး။ သို့သော် ပြည်သူတွေက နည်းနည်း လျော့ရဲလာတယ်။ နှာခေါင်းစည်း မတပ်တာတွေ အပြင်ထွက်တာတွေ ပိုများလာတယ်။ ဒါတွေက မကောင်းပါ ဘူး။ ပိုးတွေ့လူနာက မတော်တဆ အပြင်ထွက်သွားတဲ့တယောက်နဲ့ ထိတွေ့ခဲ့ရင် Community တခုလုံး ပြန့်သွားနိုင်ပါ တယ်။ ဒါကြောင့် မပေါ့ဆသင့်ပါဘူး” ဟု ဒေါက်တာ သန်းမင်းထွဋ်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်းများမှ စေတနာ့ ဝန်ထမ်း ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ MNTV သတင်းဌာနမှ ရုပ်သံသတင်းထောက်နှင့် ပုသိမ်အခြေစိုက် DNA သတင်းအေဂျင်စီမှ သတင်းထောက်တို့ကို စောင့်ကြည့် စင်တာတွင် အသွားအလာ ကန့်သတ်မှုပြုလုပ်ကာ ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးသွားရန် ကျန်းမာရေးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
DNA သတင်းအေဂျင်စီမှ သတင်းထောက် ကိုမျိုးစံစိုးက“မလေးရှားက ပြန်လာသူတွေရောက်တဲ့ညက သတင်း သွားယူခဲ့ တယ်။ သတင်းယူချိန်မှာ ကျနော်တို့က နှာခေါင်းစည်း တပ်ထားတယ်။ လက်အိတ်လည်း ဝတ်ထားပါတယ်။ ကျန်တဲ့လူ တချို့ အင်တာဗျူးပေမယ့် ပိုးတွေ့လူနာကိုတော့ အင်တာဗျူးခဲ့တာ မရှိဘူး။ သို့သော် ကျန်းမာရေးဌာနက Quarantine ဝင်ဖို့ လိုအပ်တယ်လို့ ပြောတဲ့အတွက် ဒီကနေ့ ညနေပိုင်းက စတင်ပြီး Quarantine စဝင်ပါမယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် COVID-19 ပိုးတွေ့လူနာ စတင်တွေ့ရှိပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မပေါ့လျော့ကြဖို့ လိုအပ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က တိုက်တွန်းပြောဆိုသည်။
မြန်မာနိုင်ငံတွင် မေလ ၁၉ ရက် နံနက်ပိုင်းအထိ စာရင်းအရ COVID-19 ပိုးတွေ့လူနာ ၁၉၁ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၆ ဦးရှိကာ ရောဂါပိုး ကင်းစင်သူပေါင်း ၁၀၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကော့သောင်း Quarantine Center မှ ထွက်ပြေးသူ ၅ ဦး အရေးယူခံရမည်
ဧရာဝတီတိုင်းအတွင်း အဝေးပြေးယာဉ်လိုင်းအားလုံး မေ ၁၆ တွင် ပြန်လည် ပြေးဆွဲမည်