သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် ဒေသခံများ၏ ကျန်းမာရေးအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်နေသည်ဟု ဆိုသော တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) အစိုးရ လက်ထက်တွင် သက်တမ်းတိုးလိုက်ခြင်းကို မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဝေဖန် ပြောဆိုလိုက်သည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့်ပတ်သက်၍ ကန့်ကွက်မှုများရှိခဲ့သည့် အဆိုပါစက်ရုံကို NLD အစိုးရသည် သက် ဆိုင်ရာ ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရတို့၏ ခွင့်ပြုချက်ဖြင့် စမ်းသပ်မောင်းနှင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မေလမှ ၂၀၂၂ ခုနှစ် မေလထိ ၃ နှစ်ဆက်တိုက် လည်ပတ်ရန် သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စက်ရုံလည်ပတ်နေမှုက ဒေသခံပြည်သူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့အကြား အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်နေသည့်အပေါ် အစိုးရက ကြပ်မတ်ထိန်းသိမ်းရန်၊ စက်ရုံလည်ပတ်ခွင့် သက်တမ်း တိုးပေးခြင်းကို ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ၊ မရှိ မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဦးစိုင်းထွန်းအေး က မေးခွန်းထုတ်ခဲ့သည်။
ဦးစိုင်းထွန်းအေးက“ဒီစက်ရုံကြီးဟာ လျှပ်စစ်မီးတော့ ထွက်နေတယ်။ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ တိုင်းရင်းသား ပြည်သူ လူထုတွေအပေါ်မှာ ကျန်းမာရေး ထိခိုက်မှုအရ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအရ ဆုံးရှုံးနစ်နာတယ်ဆိုရင် ဒီစီမံကိန်း မျိုးကို သက်တမ်းတိုးပေးဖို့ဆိုတာ ပြန်လည်သုံးသပ်ဖို့သင့်တယ်”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြော သည်။
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် တည်ရှိသော တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓတ်အားပေးစက်ရုံကို ယခင် တပ် မတော်အစိုးရ လက်ထက် ၂၀၀၁ ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး တရုတ်နိုင်ငံအမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော် ပိုရေးရှင်းနှင့် အေဒင်အုပ်စု ကုမ္ပဏီတို့ ပူးပေါင်းကာ ၂၀၀၂ ခုနှစ်တွင် စက်ရုံ စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။
စက်ရုံ၏ နည်းပညာနိမ့်ခြင်း၊ စက်ချို့ယွင်းခြင်း၊ ဒေသခံပြည်သူများက စက်ရုံရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းတို့ကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ ဝူရှိဟွာကွမ်း ကုမ္ပဏီ (Wuxi Hua Guang Electric Power Engineering Co.,Ltd) နှင့် ၂၂ နှစ်ကြာ နှစ်ရှည်စာချုပ် ပြန်လည် ချုပ်ဆို ခဲ့သည်။
“စစ်အစိုးရလက်ထက်က စတင်ဆောင်ရွက်ထားတဲ့ စီမံကိန်း ဖြစ်တယ်။ ခေတ်ဟောင်းနည်းပညာတွေ အသုံးပြုထား တယ်။ ကျောက်မီးသွေးတွေ မီးရှို့ ပြီးမှ လျှစ်စစ်ထုတ်တယ်ဆိုတော့ အခုခေတ်ကာလမျိုးနဲ့ ကိုက်ညီမှု ရှိမှာလား။ နိုင် ငံတော်က မျှော်မှန်းထားတဲ့ ရေရှည်တည်တန့်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရော အထောက် အကူပြုနိုင်မ လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်”ဟု ဦးစိုင်းထွန်းအေးက သတင်းထောက်များကို ပြောသည်။
၎င်း၏ မေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးခင်မောင်ဝင်းက ပြန်လည်ဖြေကြားရာတွင် နိုင်ငံ အတွက် လိုအပ်သည့် လျှပ်စစ်ဓါတ်အားကိုထုတ်ပေးနေသည့်အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကုမ္ပဏီက ပူးပေါင်းလုပ်ဆောင်နေပြီး ဒေသခံများ၊ အရပ်ဖက် အဖွဲ့များနှင့် ကုမ္ပဏီတို့အကြား အငြင်းပွားမှုကိစ္စများ လျော့နည်းပပျောက်စေရန် ကြပ်မတ်နေကြောင်း လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။
ယင်းစက်ရုံကို ကုမ္ပဏီထံ မလွှဲပြောင်းစဉ်က လျှပ်စစ် မဂ္ဂါဝပ် ၅၀ သာထုတ်နိုင်ခဲ့ပြီး ကုမ္ပဏီက ပြင်ဆင်ဆောင်ရွက်ခဲ့ ရာတွင် လျှပ်စစ် မဂ္ဂါဝပ် ၁၀၀ အထိ တိုးမြှင်ထုတ်နိုင်ခဲ့သည့်အတွက် နိုင်ငံအတွက် အကျိုးရှိသည်ဟု ဝန်ကြီးကပြောသည်။
ဒုဝန်ကြီး ဦးခင်မောင်ဝင်းက“၁၀၀ မဂ္ဂါဝပ်သည် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ်မှာ လုံလုံလောက်လောက် မဟုတ် ပေမယ့်လည်း အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အနေနဲ့ အကျိုး ဖြစ်ထွန်းပါ တယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနေတဲ့အတွက်ကြောင့်မိုလို့ တီကျစ်စက်ရုံကနေ ဓာတ်အားထုတ်လုပ်မှုဟာ အကျိုးကျေးဇူးရှိပါတယ်”ဟု ပြောသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံကို ပြန်လည် ပြုပြင်မောင်းနှင့်ခဲ့သည်အချိန်တွင် နိုင်ငံတကာရှိ ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံများကဲ့သို့ ပတ်ဝန်ကျင်းထိခိုက်မှု အနည်းဆုံးဖြစ်စေရေး နည်းပညာများအသုံးပြုခြင်း၊ လေထုညစ်ညမ်းမှုနှင့် စက်ရုံမှထွက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ စုပ်ယူရန်အတွက် သစ်ပင်များစိုက်ပျိုးခြင်းနှင့် အခိုးအငွေ့ နှင့် ဖုန်မှုန့်များ ထုတ်လွှတ်မှုကို စောင့်ကြည့်သည့် ကိရိယာများကို အများပြည်သူ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေး တပ်ဆင် အသုံးပြုနေကြောင်း ဝန်ကြီးဌာနက အကြောင်းပြသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးကမူ စက်ရုံနှင့် ၅ မိုင်ပတ်လည် အတွင်းရှိ ရေအရင်းအမြစ်နှင့် သဘာ၀ဂေဟစနစ်များ ယိုယွင်းပျက်ဆီးခြင်း၊ စက်ရုံ၏ အညစ်အကြေးများကြောင့် ဒေသခံ များ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ပေါင်ချိန်မပြည့်သည့် ကလေးမွေးဖွားခြင်း စသည့်ပြဿနာများကို ကြုံတွေ့နေရသည်ဟု ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ (ရှမ်းပြည်နယ်) အဖွဲ့ဝင် ဦးအောင်ကျော်မိုးက “ဒီနေ့ဝန်ကြီးဖြေသွားတဲ့အဖြေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ အဖြေတွေက မြေပြင်မှာ ရှိတဲ့အခြေအနေတွေနဲ့ ကွဲလွဲနေတယ်။ အကျိုးရှိတယ်ဆိုပြီး ဖြေသွားတာ ကျနော်တို့ တော်တော် အံ့သြမိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တီကျစ်ကျောက်မီးသွေးစက်ရုံ၏ ပတ်ဝန်ကျင်ထိခိုက်မှု ဆန်းစစ်ချက်လုပ်ငန်းစဉ်မှာ ယနေ့ချိန်အထိ မပြီးသေးသလို အတည်လည်း မပြုရသေးကြောင်း၊ ထွက်ရှိလာသည့် စက်ရုံမှ လျှစ်စစ်ဓာတ်အားကို အစိုးရက ပြန်လည်ဝယ်ယူသုံးစွဲနေရ သည့်အတွက် ယခုကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်မှာ ပြည်သူ့ အကျိုး အတွက်မဟုတ်ဘဲ ကုမ္ပဏီအကျိုးအတွက် ကာကွယ်ဖြေဆိုခြင်းဟု ဦးအောင်ကျော်မိုးက ဝေဖန်သည်။
၂၀၁၉ ဧပြီလအတွင်းကလည်း ရာနှင့်ချီသော ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသော ကျောက်မီးသွေးစက်ရုံအလိုမရှိကြောင်း တောင်းဆိုချက်များဖြင့် ချီတက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ် ခဲ့သေးသည်။
လက်ရှိတွင် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အမြဲတမ်းနှင့်နေစားဝန်ထမ်း ၃၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယနေ့ လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း ရရှိသည့် အကျိုးအမြတ်ကို အစိုးရနှင့် တရုတ်ကုမ္ပဏီတို့အကြား မည်မျှ ခွဲဝေ ရရှိသည်ကို ပြောဆိုသွားခြင်း မရှိပါ။