သတင်း

ထိုင်းရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး အခက်တွေ့နေဆဲ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး မြန်မာ-ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် မေလ ၂၂ ရက်တွင် စတင်ပြန်ခွင့်ပေးမည့် အစီအစဉ် ချမှတ်ခဲ့သော်လည်း အများစုမှာ အခက်အခဲ တွေ့နေဆဲဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောသည်။

ယင်းအစီအစဉ်အရ လူဦးရေကန့်သတ်ချက်နှင့် ထိုင်းအစိုးရဘက်က တောင်းခံထားသည့် အချက် ၁၂ ချက် ပါဝင်သော ကိုယ်ရေး အချက်အလက်ဖောင်တို့ ဖြည့်သွင်းရမည်ဖြစ်သည်။ ထို့နောက် ဘန်ကောက်မြို့ရှိ မော်ချစ်ကားဂိတ်မှ မဲဆောက်မြို့သို့ လုံခြုံရေး အစောင့်အရှောက်ဖြင့် ပြေးဆွဲမည့်ဘတ်စ်ကားလိုင်းတွင် နေ့စဉ် လူ ၂၁၀ ဦး(တစီးလျှင် ၂၁ ဦးနှုန်း)သာ လိုက်ပါခွင့်ရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများအတွက်မူ ထိုင်းအစိုးရဘက်က အချက်များ ပြည့်စုံရန်နှင့် ဘတ်စ်ကားခ သတ်မှတ်နှုန်း ထားမှာလည်း ပုံမှန်ထက် ၂ ဆခန့် များပြားနေသည့်အတွက် အများစုမှာ နေရပ်ပြန်လိုကြသော်လည်း အခက် အခဲများရှိနေကြောင်း ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသည့်် မြန်မာလုပ်သား ၁ ဦးက ပြောသည်။

ဘန်ကောက်မြို့ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က  “ပုံမှန် လူ ၁ ဦး ကားခ ၅၀၀ ဝန်းကျင်ကနေ လက်ရှိဆုံးဖြတ်ချက်အရ ၁၀၄၈ ဘတ်(မြန်မာငွေ ၄၆၀၀၀ ကျပ်ခန့််) မြင့် တက်နေတာက မဖြစ်သင့်တဲ့အနေအထားလို့ မြင်တယ်၊ ဒါက ဘာတွေအားနည်းခဲ့လဲဆိုတော့ စက်ရုံပိတ်တာ၊ အလုပ် လျော့တာ ဖြစ်တဲ့အချိန်မှာ အလုပ်သမားတွေအတွက် ကြပ်ကြပ်မတ်မတ်နဲ့ လုပ်ငန်းရှင်တွေက ထိုက်သင့်တဲ့ အခကြေး ငွေကို ပေးဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဝမ်းနည်းစရာကောင်းတာက သူတို့ ရသင့် ရထိုက်တဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်ခွင့်တွေမရဘဲနဲ့ အားလုံးပစ်ပယ်ပြီးမှ အိမ်ကိုပြန်ရမယ် ဆိုတဲ့ကိစ္စက မဖြစ် သင့်ဘူးလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

လိုက်ပါလိုသူအနေဖြင့် ကိုယ်ရေးအချက် အလက်ဖောင်အား ဖြည့်သွင်းကာ ကြိုတင်လျှောက်ထားရမည့်အပြင် မော်ချစ် ကားဂိတ်မှ မဲဆောက်သို့ ကားခအနေဖြင့် ထိုင်းဘတ် ၁၀၄၈ ဘတ်အား သတ်မှတ်ဘဏ်အကောင့်သို့ ကြိုတင် ပေးသွင်းပြီးမှသာ လိုက်ပါ ခွင့်ရမည်ဖြစ်သည်။

တရားဝင် နယ်စပ်ဂိတ်များဖြစ်သည့် မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြဝတီ၊ ရနောင်-ကော့သောင်းဂိတ်များ ထဲမှ နီးစပ်ဂိတ်မှ တဆင့် မိမိအစီအစဉ်ဖြင့် ပြန်လိုသူများအနေဖြင့်လည်း ကိုယ်ရေးအချက်အလက်ဖောင်အား အလုပ်သမား သံအရာရှိရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်သည်။

ဌာန၏ ခွင့်ပြုချက်ရမှသာ နယ်စပ်ဖြတ်ကျော် သွားလာခွင့်အတွက် ထောက်ခံချက် ရရှိမည်ဖြစ်ပြီး ယင်းထောက်ခံချက်ပါ နေ့ရက် အတိုင်းသာ နယ်ကျော်ဖြတ်သန်းသွားလာခွင့် ရှိမည်လည်းဖြစ်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိ တဦးဖြစ်သူ ဦးကျော်စိုးဝေ က “လောလောဆယ် ပိတ်မိနေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ ထွက်ဖို့ပေါ့၊ ထိုင်းဘက်က တောင်းထားတဲ့ အချက်တွေပေးရမယ်။ လောလောဆယ် အနေအထားက အထောက်အထား မရှိသူတွေက အဆင်မပြေနိုင်သေးဘူး။ သူတို့အတွက် ထပ်ပြီးတော့ ညှိနှိုင်းရဦးမှာပါ” ဟု ပြောသည်။

COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရက ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်သွားလာမှုများ အား ကန့်သတ်မှုကို မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ယခုအစီအစဉ်သည် မဖြစ်မနေ ပြန်ချင်ကြသူများ အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အခြေအနေပေါ်မူတည်၍ ကားလိုင်းများ ထပ်တိုးနိုင်သည့် အစီအစဉ်လည်း ရှိကြောင်း အလုပ်သမားသံအရာရှိရုံးက သိရသည်။

မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒါက ကြားဖြတ်အစီအစဉ်ပါပဲ၊ ပြန်လိုသူတွေက သံရုံးကို ပြောတာများလာတော့ ညှိနှိုင်းလုပ်ပေးရတာ၊ ပုံမှန် အစီ အစဉ်တော့ မဟုတ်ဘူး၊ ကားခကလည်း ၂ ဆလောက်များနေတယ်၊ တကယ့်အစီအစဉ်ကတော့ မေ ၃၁ နောက်ပိုင်းမှ စမှာပါ၊ အခုမဖြစ်မနေ ပြန်မယ့်သူတွေကလည်း စိတ်ရှည်သည်းခံပြီး လိုက်ပါကြဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း ကန့်သတ်မှုများကြောင့် စက်ရုံများပိတ်သိမ်းခြင်း၊ ယာယီဆိုင်းငံ့ခြင်းနှင့် အလုပ်သမားဦးရေလျော့ချခြင်းများကြောင့် မြန်မာအလုပ်သမားများ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်းလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများ က ပြောသည်။

မြန်မာအစိုးရအနေဖြင့် တရားဝင်နယ်စပ်ဂိတ်များမှ ပြန်လည်လက်ခံရန် ကြေညာခဲ့သည့် မေလဆန်းပိုင်းတွင် စာ ရင်းပေးခဲ့သူ ဦးရေ ၂၈၀၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိအစီအစဉ်အရ စာရင်းပေးသူမှာ နည်းပါးနေသေး ကြောင်း သိရသည်။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ဦးထွန်း (မယ်ဆိုင်) က “ဒီကြေညာချက်အရဆိုရင်တော့ တရားမဝင်သမားတွေ မပြောနဲ့ တရားဝင်အထောက်အထားနဲ့လူတွေတောင် ပြန်နိုင်ဖို့ ခက်ခဲကြန့်ကြာနိုင်ပါတယ်၊ ဒီထက်အဆင်ပြေအောင် နှစ်နိုင်ငံသက်ဆိုင်ရာ တာဝန်ရှိသူများက ထပ်မံ နည်းလမ်းရှာ ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ပြောသည်။

မြန်မာအလုပ်သမားများ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရဘက်က ကမ်းလှမ်းထားသည့် နေ့စဉ် ဦးရေ ၂၅၀၀ ပြန်လည်လွှဲပြောင်းရန် ကမ်းလှမ်းချက်မှာ ထိုင်းအစိုးရ၏ ဖြည်လျော့မှုများအပေါ် မူတည်နေသည့်အတွက် မေလ ၃၁ ရက်နေ့ နောက်ပိုင်းမှသာ ဖြစ်လာနိုင်ဖွယ်ရှိကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

မြန်မာအလုပ်သမားသံအရာရှိရုံး၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သ မား များအနေဖြင့် MOU ဖြင့် တရားဝင်သွားရောက် လုပ်ကိုင်သူ ၈ သိန်းကျော်ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း အ ထောက် အထား(CI) ထုတ်ပေးထားသူ အရေအတွက်မှာ ၁ သန်းကျော်ရှိကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်သော်လည်း ဘန်ကောက်မှ လေယာဉ်ဖြင့် မဲဆောက်သို့ ရောက်လာသူများနှင့် ပုံစံအမျိုးမျိုးဖြင့် ရောက်လာသူများအား နှစ်ဖက်ညှိနှိုင်းမှုဖြင့် မဲဆောက်-မြဝတီ နယ်စပ်ဂိတ်မှ ပြန်လည်လက်ခံလျှက်ရှိရာတွင် မေလ ၁ ရက်နေ့မှ ယနေ့မေ ၁၉ ရက် မနက်ပိုင်းအထိ ၈၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ တဦးဖြစ်သူ ဦးဝေလင်းမောင်က ပြောသည်။

ယင်းအပြင် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ချရပြီး ပြန်လည်လွတ်မြောက်လာသူများကိုလည်း တရားဝင်နယ်စပ်ဂိတ်များမှ လွှဲပြောင်းလက်ခံလျှက်ရှိရာတွင် ယနေ့အထိ ဦးရေ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက သိရသည်။

ဦးဝေလင်းမောင် က “ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ခံစားချက်တွေကို ထပ်တူနားလည်ခံစားရပါတယ်၊ လက်ရှိမှာ ရောဂါမပြန့်ပွားရေး၊ လမ်းခရီး Safe ဖြစ်ရေးနဲ့ ပြန်ချင်တဲ့သူတိုင်း ပြန်ခွင့်ရအောင် နှစ်နိုင်ငံငံညှိနှိုင်းပြီး အဆင့်ဆင့် စီမံချက်ရေးဆွဲ ဆောင်ရွက်ရတာဖြစ်လို့ မြန်မာသံရုံးရဲ့ ကြေညာချက်တွေကို ပူးပေါင်းပေးကြပါလို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံ မြန်မာအလုပ်သမားများ ပထမအသုတ် ပြန်လည်လက်ခံရေးအား မေလအတွင်းက ဆောင်ရွက်ခဲ့ရာတွင် တရားဝင် နယ်စပ်ဂိတ်များနှင့် အခြားဂိတ်များမှ လူဦးရေ ၁ သိန်းခန့် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်လင့်-

ထိုင်းတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများ နယ်ကျော်ပြန်ခွင့်ရရှိ

ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း

ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရနှင့် ညှိနှိုင်းနေ

Did you find apk for android? You can find new Free Android Games and apps.
Loading