ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသူ ၂ ဦး သက်ဆိုင်ရာ မြို့နယ် ဆေးရုံများ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ ၂ ဦးမှာ သံတွဲမြို့နယ်အတွင်းက အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် တောင်ကုတ်မြို့ နယ်အတွင်းက အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဖြစ်ပြီး ၎င်းတို့ ၂ ဦးမှာ မလေးရှား နိုင်ငံမှ ပြန်လာသူများ ဖြစ် ကြောင်းလည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံမှနေ ရခိုင်ပြည်နယ်အတွင်းသို့ လူပေါင်း ၉၇ ဦး ပြန်လည် ဝင်ရောက်လာသည် ဆိုသည့် သတင်းများ ကြောင့် မေလ ၁၆ ရက်က စုံစမ်းရှာဖွေပြီး မေလ ၁၇ ရက်တွင် ၁၈ ဦး၏ ဆေးစစ်ချက်နမူနာများကို ရန်ကုန်ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခဲ့ရာတွင် ထိုသို့ ပိုးတွေ့ လူနာ ၂ ဦးထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။
ဒေါက်တာ စိုးဝင်းပိုင် က “သံတွဲ တ ယောက်၊ တောင်ကုတ်က ၁ ယောက် ထွက်တာပေါ့နော်။ သူတို့ကို မလေးရှားပြန် ၉၇ ယောက်ထဲက တွေ့တာပေါ့။ ကျနော်တို့ ၁၆ ရက်မှာ ရခိုင်ပြည်နယ်ထဲမှာ မလေးရှားက ပြန်ရောက်တယ်ဆိုတဲ့ သတင်းရတဲ့အတွက် လိုက်ရှာတယ်။ Quarantine မှာ ရှိနေစေဖို့ သေချာအောင် ကျနော်တို့ လုပ်တယ်ပေါ့။ Quarantine centre မှာ ရောက်ပြီးတဲ့အချိန်မှာ နမူနာ ရယူတယ်။ ၁၇ ရက်မှာ လူ ၁၈ ယောက် နမူနာ ပို့ပြီးတော့ ဓာတ်ခွဲ စစ်ဆေးတဲ့အခါ ၂ ဦး ပိုးတွေ့တာ” ဟု ဧရာဝတီ သို့ ပြောဆိုသည်။
အဆိုပါ မလေးရှားပြန် ၉၇ ဦးထဲမှ ပိုးတွေ့သူ ၂ ဦးထွက်ပေါ်လာသည့်အတွက် ကျန်ခဲ့နေသူများအားလည်း သက်ဆိုင်ရာ ရပ်ကွက် ဆေးရုံများ၌ ဖွင့်လှစ်ထားသည့် Quarantine Centre အသီးသီးတွင် ထားရှိကာ အသွားအလာများကို ကန့် သတ်ပြီး ဆေးစစ်ချက်နမူနာများ ရယူလျက် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
သံတွဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက “ကျနော်မြို့အခြေအနေတော့ ပိုးတွေ့တာနဲ့ ပတ်သက်ပြီး တအားကြီးတော့ ရိုက်ခတ်မှု မရှိဘူး။ ဘာကြောင့်လဲဆိုရင် Quarantine Centre ထဲကလူ တွေ့သွားတာ ဖြစ်တဲ့အတွက် စိုးရိမ်မှုတွေတော့ သိပ်မရှိကြဘူး။ မလေးရှား ပြန်လည်း ကျနော်တို့ မြို့မှာ သူတယောက်တည်းပဲ။ သူပြန် လာကတည်းက ကျနော်တို့က PPE ဝတ်စုံနဲ့ ကြိုပြီးတော့ Quarantine Centre ပဲ ထည့်ထားလိုက်တာ။ ဘယ်သူနဲ့မှလည်း တွေ့သွားတာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် သံတွဲမြို့နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ လာရောက်သူများကို စောင့်ကြပ်ထားရှိရန် အတွက် သီတဂူ ဆေးရုံနှင့် မြို့ပေါ် မိုးလုံလေလုံ အားကစား ခန်းမတို့တွင် Quarantine Centre များ ထားရှိကာ ကိုဗစ်- ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်နေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်ပြီး လူ ၂၅၇ ဦး၏ ဆေးစစ်ချက် နမူနာများကို ရယူပြီး ဓာတ်ခွဲခန်း သို့ ပို့ဆောင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲ စစ်ဆေးခဲ့ရာတွင် ချောင်းဆိုး၊ ဖျားနာသူ ၅၈ ဦး၊ ဆေးရုံ Quarantine Centre တွင် စောင့်ကြပ်ထားရှိသူ ၃၆ ဦး၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူများကို စောင့်ကြပ်ထားရှိသည့် မြို့နယ် အသီးသီးရှိ Quarantine Centre များတွင် ထားရှိသူ ၁၈၁ ဦး ပါဝင်ကြောင်းလည်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၉၃ ဦးရှိပြီး ထိုအထဲမှ သေဆုံးသူ ၆ ဦးရှိကြောင်း နှင့် ရောဂါပိုး ကင်းစင်လာသူလည်း ၁၀၄ ဦးပြီ ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့၏ နှစ်ဖက် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ၂ သိန်း နီး ပါး စစ်ဘေးရှောင်စခန်းများသို့ ဝင်ရောက် ခိုလှုံနေရသည်။
အဆိုပါ စစ်ဘေးရှာင်ပြည်သူများသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံများတွင် ဖြစ်သလို နေထိုင်ကြရသည့် အတွက် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးရေး အတွက် ကျန်းမာရေး အသိပညာများ ရ ရှိရန် အခက်အခဲများ ရှိနေပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အစိုးရမှ ကာလရှည်စွာ ပိတ်ထားသည့် အင်တာနက်လိုင်းအား ပြန်လည် ဖွင့်ပေးရန် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများက တောင်းဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူ
ထိုင်းတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများ နယ်ကျော်ပြန်ခွင့်ရရှိ