ဧရာဝတီတိုင်း ဒေသကြီးတွင် မိုးစပါးစိုက်ပျိုးရန် ငွေကျပ်၂၉၅ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၂၉၅၀၀၀) ကို ဧရာဝတီ တိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ယခုနှစ် မိုးစပါးရာသီမှ စတင်၍ ထုတ်ချေးပေးနေကြောင်း သတင်း ရရှိသည်။
မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ယခင်က မိုးစပါးနှင့် နွေစပါးချေးငွေ၂ မျိုးစလုံး ကျေမှသာ နောင်နှစ်
မိုးစပါးရာသီ စိုက်ပျိုးစရိတ်ကို ထုတ်ချေးပေးလေ့ ရှိသော်လည်း ယခုနှစ်တွင် ၂၀၁၉ ခုနှစ် မိုးစပါးအကြွေးကျေအောင် ပေးဆပ်လျှင် ၂၀၂၀ မိုးစပါးအတွက် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသိန်းထိုက်က “ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီ အတွက် ချေးငွေ ထုတ်ပေးရာမှာ ထူးခြားချက် အနေနဲ့ကတော့ တကြွေးကျေ၊ တကြွေးချေး စနစ်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ ဒီစနစ်က မိုးကျေရင် မိုးစပါး ချေးပါမယ်။ ဆောင်းကျေရင် ဆောင်း ချေးပါမယ်။ အရင်တုန်းကတော့ မိုးနဲ့ဆောင်း ၂ မျိုးစလုံးကျေမှ ထပ်ချေးပါတယ်။ ဒါကြောင့် ကျနော်တို့ တောင်သူလယ်သမားတွေ အနေနဲ့ ဒီအခွင့်အရေးကို အမိအရယူဖို့ တိုက်တွန်းလိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လယ်ဧကပေါင်း ၁ သိန်း ၉ သောင်းကျော်ကို ငွေကျပ် ၂၉၅ ဒသမ ၅၈၁ ဘီလီယံ ထုတ်ချေးသွားရန် လျာထားကြောင်း သိရသည်။
လက်ရှိ အချိန်အထိ ၂၀၁၉ မိုးစပါးစိုက်ရန် ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များမှ ဧရာဝတီ တိုင်း တခုလုံးရှိ လယ်သမားများကို ထုတ်ချေးထားသော ချေးငွေများကို ပြန်လည် ပေးဆပ်မှုမှာ ၃၉ ဒသမ ၃၉ ရာခိုင်နှုန်း သာ ရှိသည့်အတွက် မိုးစပါးအကြွေး ပြန်ဆပ်သည့် လယ်သမား ၈ သောင်း နီးပါးကို ချေးငွေ ထုတ်ချေးသွားမည် ဖြစ် ကြောင်း ဧရာဝတီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရသည်။
ထိုသို့ စိုက်ပျိုး စရိတ်ထုတ်ချေးရာတွင် ဘဏ်အတိုးနှုန်းကို ယခင်က တနှစ်လုံးအတွက် အတိုးနှုန်း ၈ ရာခိုင်နှုန်း သတ်မှတ် ခဲ့သော်လည်း ယခုနှစ်မှ စတင်၍ ဘဏ်တိုးနှုန်းကို ၇ ရာခိုင်နှုန်းသို့ လျှော့ချ၍ ငွေထုတ်ချေးပေးနေကြောင်း သိရသည်။
ထို့ပြင် စိုက်ဘဏ်ချေးငွေကို သတ်မှတ်ချိန်ထက် ကျော်လွန်၍ ပေးဆောင်ပါက ဒဏ်ကြေးအဖြစ် ငွေ ၁၀၀ လျှင် ၁ ကျပ်နှုန်း (၁ လစာဒဏ်ကြေး) ဖြင့် ယခင်က သတ်မှတ် ကောက်ခံခဲ့သော်လည်း မေလ ၁ ရက်မှ စတင်၍ ပြည်ထောင်စု အစိုးရမှ ဒဏ်တိုးကို ထက်ဝက် လျော့ချခဲ့သည့်အတွက် ငွေ ၁၀၀ လျှင် ၅၀ ပြားနှုန်းသာ သတ်မှတ်ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
ပုသိမ်မြို့နယ် တာကိုင်းကျေးရွာမှ လယ်သမားဦးစိုးရီက“အခုလို နိုင်ငံတော်က တကြွေးကျေ၊ တကြွေးချေးစနစ်နဲ့ထုတ်ချေး ပေးတာ အရမ်းကောင်းပါတယ်။ မဟုတ်ရင် ၂၀၁၉ မိုးစပါးနဲ့ ဆောင်းစပါးချေးငွေ နှစ်ခုစလုံးကို တကြိမ်တည်း အပြီးဆပ်ဖို့ ဆိုတာ မလွယ်ဘူးလေ။ အပြင်ကနေ ချေးဆပ်ရင်လည်း အတိုးနှုန်းကြီးတယ်။ အခုတော့ ၂၀၁၉ ဆောင်းစပါး ချေးငွေ ပြန် ဆပ်ရမယ့်အချိန် နောက်ဆုတ်ပေးလိုက်သလိုဖြစ်သွားတော့ လယ်သမားတွေ အသက်ရှူနည်းနည်းတော့ ချောင် သွားတာ ပေါ့” ဟု ပြောသည်။
နိုင်ငံတော် အစိုးရအနေဖြင့် COVID-19 ဖြစ်ပွားနေသည့် လက်ရှိကာလတွင် လယ်သမားများကို စိုက်ဘဏ် ချေးငွေနှင့် ပတ်သက်၍ ဖြေလျှော့မှုများ ဆောင်ရွက်ခဲ့သည့်အပေါ် ကြိုဆိုသော်လည်း လယ်သမားများဘ၀ တိုးတက်မြင့်မားရေး အတွက် ဖြေလျှော့မှုပံ့ပိုးမှုများကို ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပုသိမ်မြို့အခြေစိုက် တောင်သူ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (GPI) က ပြောသည်။
GPI ဒါရိုက်တာ ဦးတင်လင်းအောင်က“ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ အစိုးရက အရေးပေါ် အနေအထားနဲ့ အခုလို လယ်သမား တွေကို ဖြေလျော့ပေးတာ ကောင်းပါတယ်။ သို့သော် ဒီလိုဖြေလျှော့မှုနဲ့ ပံ့ပိုးမှုတွေကို ရေတိုမဟုတ်ဘဲ Master Plan (မဟာဗျူဟာစီမံကိန်း) နဲ့ ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့ လယ်သမားတွေ လက်ရှိ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို အစိုးရက စစ်တမ်းကောက်၊ သေသေချာချာ သုတေသနလုပ်ပြီး ထွက်လာတဲ့စာတမ်းတွေအပေါ် အခြေခံပြီးတော့ အစိုးရဘက်က လုပ်ပေးနိုင်တဲ့ဘောင်အတွင်းကနေ မူဝါဒတွေကို ပြင်ဆွဲဖို့ လိုပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၂ သန်းကျော် မှီတင်း နေထိုင်ကြပြီး ယင်းအနက် လူဦးရေ ၄ သန်းကျော် မှာ လယ်ယာစိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြသူများ ဖြစ်သည်။
ဧရာဝတီ တတိုင်းလုံးတွင် မိုးစပါးစိုက်ဧက ၃ ဒသမ ၇ သန်းကျော် ရှိပြီး နွေစပါးစိုက်ဧက ၁ ဒသမ ၄ သန်းခန့် ရှိကြောင်း
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
ဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း
တိုင်းပြည်အတွက် ဖြည့်စွက် ဘတ်ဂျက် ဘီလီယံ ကျပ် ၂၆၀၀ ကျော် ထပ်မံ တောင်းခံ