ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းအများစုတွင် မုန်တိုင်းနှင့် မိုးဒဏ်လေဒဏ် ခံနိုင်ရန် ကြို တင် ပြင်ဆင်ထားခြင်းများ မရှိသေးပါဟု ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) က ပြောသည်။
REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျနော်တို့မှာ မုန်တိုင်းနဲ့ ပတ်သက်လို့ ပြင်ထားနိုင်တာ ဘာမှမရှိဘူး။ နောက် အသိပညာ ပေးတာတွေလည်း လုပ်ပေးနိုင်တာ မရှိဘူး။ ပြင်ဆင်မှုပိုင်းမှာလည်း မလုပ်နိုင်ဘူး။ တချို့ဒုက္ခ သည် စခန်းတွေကလည်း ဆောက်လုပ်ဆဲဆိုတော့ တော်တော်လေးတော့ အခက်အခဲ တွေ့နေတယ်လို့ ကျနော်တို့ ကြားရပါတယ်” ဟု ပြောသည်။
ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အလွန့် အလွန်အားကောင်းသော အမ်ဖန်ဆိုင်ကလုန်း မုန်တိုင်း ကြောင့် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအဝှမ်း မိုးထစ်ချုန်းရွာသွန်းမှုများနှင့် လေတိုက်ခြင်းများ ဖြစ်ပေါ်နေသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ရခိုင်ကမ်းရိုးတမ်း ဒေသတလျှောက်တွင်လည်း မေ ၁၉ ရက်မှ စ၍ မိုးရွာသွန်းမှုများ ဖြစ် နေသည်။
မုန်တိုင်း အဖျားခတ်သည့်ဒဏ်နှင့် မိုးဒဏ်၊ လေဒဏ် ကာကွယ်ရန်အတွက် စစ်ဘေးရှောင် စခန်းများတွင် ပြင်ဆင် နိုင်ခြင်း မရှိသေးကြောင်း ဦးဇော်ဇော်ထွန်းက ပြောဆိုခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များအနက် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးဒဏ်လေဒဏ်ခံနိုင်သည့် အဆောက်အအုံများ အဓိက လိုအပ်နေသည်ဟု ဦးဇော်ဇော် ထွန်းက ဆိုသည်။
၎င်းက “အဲဒီ မြို့နယ်တွေမှာမှ အကုန်လုံးတော့ မဟုတ်ပေမယ့် တချို့က ဘုန်းကြီး ကျောင်းလိုမျိုးမှာ နေတာဆို အဆင်ပြေတယ်။ ကျေးရွာတွေမှာ အခြေပြုတဲ့ စခန်းတွေကတော့ အဆင်မပြေပါဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့၏ ၁ နှစ်ကျော်ကြာ တိုက်ပွဲများကြား အိုးအိမ် စွန့်ခွာပြီး ထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၆၀၀၀၀ ကျော် ရှိနေသည်။
ထို ၁၆၀၀၀၀ ကျော် အနက် ၆၀၀၀၀ ခန့်မှာ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ မြို့ပေါ်ရှိ အဆောက်အအုံများတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် စခန်းများ၌ နေထိုင်နေကြပြီး ကျန် ၁၀၀၀၀၀ ကျော်မှာ နီးစပ်ရာ ကျေးရွာများ၊ ဆွေမျိုးများ၏ အိမ်များနှင့် ယာယီ အမိုးအကာများတွင် ခိုလှုံနေကြရကြောင်း REC ၏ စစ်ဘေး ရှောင် ဒုက္ခသည် စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
မြို့ပေါ် အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသူများမှာ မိုးဒဏ် လေ ဒဏ်ခံနိုင်သည့် အဆောက်အအုံများ အောက်တွင် ရှိသော်လည်း နီးစပ်ရာတွင် ခိုလှုံနေကြသူများ၊ ယာယီ အမိုးအကာ များတွင် နေထိုင်နေကြရသူများမှာ မိုးဒဏ်လေဒဏ်ခံနိုင်သည့် အနေအထား မရှိပါဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။
ဆက်လက်ပြီး ဦးဇော်ဇော်ထွန်းက “တချို့စခန်းတွေကျတော့ အသစ်ဝင်လာတဲ့ လူတွေအတွက် ဆောက်နေတာ၊ စာ သင်ကျောင်းတွေ ပြန်အပ်ရမယ်ဆိုတော့ အသစ် ဆောက်နေတာရှိတယ်။ တချို့ စခန်းကျ ပြိုပျက်လို့ ပြန်ပြင်နေတာ တွေက အခု မပြီးမစီး ကာလမှာ မုန်တိုင်းက ရှိနေတော့ တော်တော်လေး အခက်ကြုံနေကြတာ” ဟုလည်း ပြောဆို သည်။
ယာယီစခန်း အဖြစ် တည်ဆောက်ထားသည့် စစ်ဘေးရှောင် စခန်း အများစုမှာ အုန်းလက်အမိုး၊ တာလပတ် အမိုးအ ကာ၊ ဝါးထရံ တို့ဖြင့် ဆောက်ထားသည့် အဆောက်အအုံများ ဖြစ်သည်။
ဘင်္ဂလား ပင်လယ်အော်တွင်း မုန်တိုင်းကြောင့် လေတိုက်ပြီး မိုးရွာသွန်းမှုများ ရှိနေသည့် အခြေအနေနှင့် မုန်တိုင်း ရှိနေသည့် အခြေအနေများကို သက်ဆိုင်ရာ စစ်ဘေးရှောင်စခန်း တာဝန်ခံများ ထံသို့ ဖုန်းဖြင့် အဆင့်ဆင့် ဆက်သွယ် ပြောဆိုထားသည် ဟုလည်း သိရသည်။
လေဒဏ်မိုးဒဏ် ပြင်းလာပြီး အခက်အခဲ ရှိလာပါက နီးစပ်ရာ ကျေးရွာများတွင် သွားရောက်ခိုလှုံကြရန် ပြောဆိုထား သည်ဟုလည်း သိရသည်။
ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင် ကလည်း ၎င်း၏ မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀ ကျော်မှာ မြေပြင်ပေါ်တွင် အခင်းမရှိဘဲ တာလပတ် အမိုးအကာများဖြင့် နေထိုင်နေရသည်ဟု ပြော သည်။
ဦးဦးသန်းနိုင်က “မနေ့က မိုးနည်းနည်းရွာတော့ ယာယီ ဆောက်ထားတဲ့ တဲတွေ မြေပြင်မှာ နေနေရတဲ့ လူတွေကို ဒီ နေ့ ရွှေ့ပေးနေပါတယ်။ လောလောဆယ် အိမ်ထောင်စု၂၀ လောက်ပဲ ရွှေ့နိုင်ပါသေးတယ်။ တနေကုန် ကားတွေနဲ့ ရွှေ့မှ အိမ်ထောင်စုက ၅၀၊ ၆၀ လောက် ရွှေ့နိုင်မှာပါ။ မိုးကလည်း နည်းနည်း ရွာနေတော့လေ” ဟု ပြောသည်။
မြေပြင်ပေါ်တွင် အခင်းမရှိ၊ မိုးဒဏ်လေဒဏ်ခံနိုင်သည့် အမိုးအကာ မရှိဘဲ နေထိုင်နေရသည့် စစ်ဘေးရှောင် ဒုက္ခ သည် ဦးရေ ၆၀၀ ကျော်မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကတည်းက စစ်ဘေးရှောင်နေသူများ ဖြစ်သည်ဟု ဦးဦးသန်းနိုင် က ဆိုသည်။
၎င်းတို့ကို ရွှေ့ပြောင်းပေးနေသည်မှာ မုန်တိုင်းကြောင့် မဟုတ်ဘဲ မိုးရာသီတခုလုံးအတွက် ကြိုတင် ရွှေ့ပြောင်းပေး နေခြင်း ဖြစ်သည်ဟု သိရသည်။
ရွှေ့ပြောင်းပေးရေး အစီအစဉ်မှာလည်း အစိုးရဘက်မှ ကူညီခြင်း မရှိဘဲ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရခိုင် အရပ်ဘက် အဖွဲ့အစည်း ပူးပေါင်း၍ ရွှေ့ပေးနေခြင်း ဖြစ်သည်ဟု ဦးဦးသန်းနိုင် က ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဒီနေ့ အားလုံးကို ရွှေ့လို့ မမီနိုင်ပါဘူး။ ရွှေ့တဲ့လူတွေကလည်း ဘုန်းကြီး ကျောင်းတွေထဲ ကျပ် သိပ်ပြီး နေနေရတာပါ။ လူအားလုံး ရွှေ့တာကတော့ တပတ်လောက်တော့ ကြာမယ်လို့ မှန်းထားပါတယ် ”ဟု ဆို သည်။
ရွှေ့ပြောင်းရမည့် စစ်ဘေးရှောင် ဒုက္ခသည်များ နေထိုင်ရန်အတွက် မိုးဒဏ်လေဒဏ် ခံနိုင်သည့် စခန်းအသစ်များ ဆောက်လုပ်ရန် အတွက်လည်း ငွေကြေးပိုင်းတွင် လိုအပ်မှုများ ရှိနေသည်ဟု ဦးဦးသန်းနိုင်က ပြောသည်။
မေ ၁၉ ရက်ကလည်း မိုးရွာသွန်းနေချိန် မြေပုံမြို့နယ် စညှင်း စစ်ဘေးရှောင်စခန်း၏ အခြေအနေကို ရုပ်သံ ရိုက်ကူး ထားသည့် မှတ်တမ်းတခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
အဆိုပါ ရုပ်သံမှတ်တမ်းတွင် စညှင်း စစ်ဘေးရှောင်စခန်းမှ ယာယီအိမ်များမှာ မြေစိုက်၊ တာလပတ် အမိုးအကာများ ဖြင့် နေထိုင်နေရသည်ကို တွေ့ရသည်။
ဘင်္ဂလားပင်လယ်အော်တွင် အလွန့် အလွန်အင်အားကောင်းသော အမ်ဖန် ဆိုင်ကလုန်း မုန်တိုင်း (Extremely Severe Cyclonic Storm) တခု ဖြစ်ပေါ်နေသဖြင့် ရခိုင်ပြည်နယ် အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် မိုးကွက်ကြားရွာခြင်း၊ လေတိုက်ခြင်းများ ဖြစ်ပေါ်နေသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မနက်ပိုင်း ၇ နာရီ ၃၀ မိနစ်ခန့်တွင် တိုင်းထွာချက်အရ အမ် ဖန် ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ရွှေ့လျားနေပြီး အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် ၁၅၅မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်ပူပါရာမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၄၅ မိုင်ခန့်တို့တွင် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့် အကွာတွင် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုလည်း သတင်း ထုတ်ပြန်ထားသည်။
မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်ရွှေ့လျားခြင်း မရှိသေးသဖြင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း ကိုလည်း ကြေညာထားသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ မုန်တိုင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်များတွင် အဝါရောင်အဆင့်သည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အပူပိုင်း မုန်တိုင်း စတင်ဖြစ်ပေါ်သည့် အခြေအနေနှင့် မြန်မာ နိုင်ငံဘက်သို့ ဦးတည်ခြင်း မရှိပါက အဝါရောင် အခြေအနေဟု သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အမ်ဖန် ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာစံတော်ချိန် မနက် ၇နာရီ ၃၀ မိနစ်တွင် အမြင့်ဆုံး လေတိုက်နှုန်း တနာရီ လျှင် ၁၁၅ မိုင်နှုန်း ရှိနေသည်ဟု သိရသည်။
မနက် ၇ နာရီ ၃၀ မိနစ်အတွင်း တိုင်းတာချက်၏ ခန့်မှန်းချက်အရ လာမည့် ၁၈ နာရီအတွင်း မုန်တိုင်းသည် အိန္ဒိယ နိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့် မှန်းပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တနာရီလျှင်၂၅ မိုင်မှ မိုင် ၃၀ အထိ လေတိုက်ခတ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ သတင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မုန်တိုင်းအဆင့် ထုတ်ပြန်ချက်များ အရ တနာရီလျှင် ၃၂ မိုင်အောက် လေတိုက်နှုန်းမှာ မုန်တိုင်းဟု မသတ်မှတ်ဘဲ လေဖိအားနည်း ရပ်ဝန်း ဟုသာ သတ်မှတ်သည်။
ထို့ပြင် မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၆ ပေခန့် ရှိနိုင်သည် ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ပြန်လာတဲ့သူတွေအတွက် အစိုးရက ထောက်ပံ့တာ ဘာမှ မရှိဘူး
အမ်ဖန် မုန်တိုင်း အရှိန်ကြောင့် နိုင်ငံအဝှမ်း မိုးထစ်ချုန်းရွာနိုင်