လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် နာဂဒေသတွင် ဆရာဝန်များ တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှု ရှိနေသည့်အတွက် ဆရာဝန်များစွာ လိုအပ်နေသေးကြောင်း လေရှီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးက ဧရာ ဝတီသို့ ပြောသည်။
လူဦးရေ ၁ သိန်း ၃ သောင်းကျော် ရှိသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျန်း မာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများစွာ ရှိသော်လည်း လေရှီး၊ နန်းယွန်းနှင့် လဟယ်မြို့နယ် ၃ ခုတွင် ဆေးကုသနိုင် သည့် ဆရာဝန် ၇ ဦး လိုအပ်နေသော်လည်း၂ ဦးသာ ခန့်အပ်နိုင်သေးကြောင်း သိရသည်။
ဦးကျော်ဌေးက“ကျနော်တို့ ဒေသဆိုရင် ဆရာဝန်တွေက မလုပ်ချင်ကြဘူး။ ဒီကိုလာပြီးရင်လည်း ရွှေ့ပြောင်းတင်တာနဲ့ အလုပ်ထွက်တာနဲ့ အဲဒါတွေကြောင့် ဆရာဝန်နေရာတွေ လစ်လပ်ကုန်တာ။ ဘာကြောင့်ဆို ဒီနေရာက လမ်းခရီးဝေး တယ်။ နောက် ငွေကြေး အခြေအနေကြောင့်လည်း ပါမှာပေါ့” ဟု ပြောသည်။
မေလ ၁၈ ရက်က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆရာဝန်များ ခက်ခဲဒေသသို့ မသွားရောက်ရခြင်းက ခက်ခဲဒေသ လစာဖြစ်သည့် ပုံမှန် လစာထက်၂ ဆ မရရှိခြင်းကြောင့် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသွားသည်။
ဒေါက်တာ မြင့်ထွေးက “ခက်ခဲဒေသ လစာက ၄ လ သွားလုပ်လို့ ရှိရင် ရပါတယ်။ ၁ လ သွားလုပ်ရင် မပေးပါဘူး။ ဆရာဝန်တဦးကို ၃ လ သွားလုပ်ခိုင်းရင် သူတို့က မူရင်းလစာပဲ ရတယ်။ ဒါကို ကျနော် သဘောမတူတဲ့အတွက် အထက် ကို စာတင်ပြပါတယ်။ ၁ လ သွားလုပ်ရင်လည်း ခက်ခဲဒေသ လစာ ၁ လစာ ပေးရမှာဖြစ်ပါတယ်။ မပေးရင် ဆရာဝန်တွေ က မသွားဘူး။ မသွားတဲ့အပြင် အလုပ် ထွက်သွားပါတယ် လို့ တိုင်းဦးစီးက ပြောပါတယ်။ အနည်းဆုံးတော့ လစာ ၂ ဆ ရရင် သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
လဟယ်မြို့နယ် ဆေးရုံ ကုသရေး ဌာနမှူး ဒေါက်တာ သက်ဇင်အောင် ကလည်း ယခင်က ခက်ခဲဒေသ လစာ ၂ ဆ ရ သော်လည်း နောက်ပိုင်းတွင် ပြင်ဆင် ပြောင်းလဲလိုက်ခြင်းကြောင့် ပုံမှန် လစာဖြစ်သည့် တလလျှင် ၈၈၀၀၀ ကျပ် (ရှစ် သောင်းရှစ်ထောင်) သာ ရရှိသည်ဟု ဆိုသည်။
နန်းယွန်း လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက နာဂဒေသရှိမြို့နယ်နှင့် တိုက်နယ် ဆေးရုံများတွင် ဆရာဝန်များ မရှိ သည့်အတွက် ပြည်သူများ၏ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရမှု ဖြစ်စဉ်များစွာရှိခဲ့သည်ဟု ပြောဆိုသည်။
ကျန်းမာရေး ဝန်ထမ်းများ သင်တန်းသွားတက်သည့်အခါ လစ်လပ်နေရာများတွင် ဆရာဝန် အစားထိုး ပေးနိုင်ခြင်း မရှိခြင်း ကြောင့် ဆရာဝန် အများအပြား လိုအပ်နေခြင်း ဖြစ်ပြီး ယခုအတိုင်း ဆက်သွားမည် ဆိုပါက အခက်အခဲ များစွာရှိနိုင်သည် ဟု ၎င်းက ထောက်ပြသည်။
နာဂဒေသအပြင် အခြား ဝေးလံခေါင်ဖျားသည့် ဒေသများသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက် တာဝန်ထမ်းဆောင် ရန် ငြင်းဆန်သည့် ဆရာဝန်များလည်း ရှိနေကြောင်း သိရသည်။
ယခုနှစ်အတွက် ပြည်နယ်များရှိ တိုက်နယ် ဆေးရုံများတွင် ဆရာဝန် ၆၀၀ ကျော် ခေါ်ယူရာတွင်၂၉ ဦးသာ လာရောက် လျှောက်ထားခဲ့ပြီး ကယားပြည်နယ်တွင် လျှောက်ထားသူ တဦးမျှ မရှိပါဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောဆိုထားသည်။
အဆိုပါ ခေါ်ဆိုထားသော ဆရာဝန်များမှာ ကချင်ပြည်နယ်တွင် ဆရာဝန် ၆၅ ဦး ခေါ်ယူရာတွင် ၃ ဦးသာ လျှောက်ထားပြီး၊ ကယားတွင် ၇၇ ဦးခေါ်ရာ လျှောက်ထားသူ မရှိခဲ့ပေ။
ထို့ပြင် ကရင်ပြည်နယ်တွင် ၄၂ ခေါ်ရာ ၁ ဦး၊ ချင်းတွင် ၇၄ ဦး ခေါ်ယူရာ၂ ဦး၊ မွန်တွင်၂၀ ဦးခေါ်ရာ ၁၃ ဦး၊ ရခိုင်တွင် ၁၀၅ ဦး ခေါ်ယူရာ ၃ ဦး၊ ရှမ်းပြည်နယ်တွင် ၂၄၁ ဦး ခေါ်ယူရာ ၇ ဦးသာ လျှောက်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ် တော်၌ ပြောကြားသွားသည်။
ဆက်စပ်ဖတ်ရှုရန်
လေရှီးတွင် စောင့်ကြည့်လူနာများ အတွက် ကျန်းမာရေး ဝန်ထမ်း မလုံလောက်၍ စိုးရိမ်နေ