သတင်း

နိုင်ငံခြား ကုမ္ပဏီများအား အရက်ချက်လိုင်စင် ခွင့်ပြုပေးခြင်းကို ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း၌ ဝယ်လိုအားထက် ထုတ်လုပ်မှု ပိုများနေ၍ နိုင်ငံခြား ကုမ္ပဏီများအား အရက်ချက်လုပ်ခွင့်နှင့် အရက်ချက် စက်ရုံ ပိုင်ဆိုင်ခွင့် (DI) လိုင်စင်များ ထပ်မံ ချထားပေးခြင်းကို ဆိုင်းငံ့ပေးရန် မြန်မာနိုင်ငံ ယမကာ ထုတ် လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းက သက်ဆိုင်ရာ အစိုးရ ဌာနများသို့ တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က “ဒီလိုင်စင်က အစဉ်အဆက် ပြည်တွင်း လုပ်ငန်းရှင်တွေကို အသစ် ထပ်ပေးတာလည်း မရှိဘူး။ ကျနော်တို့ အသစ်ထပ်တိုးတာ ခွင့်မပြုထားဘူး။ အခုက နိုင်ငံခြား ကုမ္ပဏီတွေကို ပေးလိုက်တာ သတင်း သဲ့သဲ့ကြားလို့ ထပြီးတော့ ကန့်ကွက်တာ ဖြစ်တယ်။ ပြည်တွင်းမှာလည်း ထုတ်လုပ် မှုက လုံလောက်နေပြီ။ ပိုတောင် ပိုလျှံနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဈေးကွက် အတွင်း၌ ယမကာ ထုတ်လုပ်မှုသည် ဝယ်လိုအားထက် အဆမတန် များပြားနေကြောင်း အကြံပြုစာများ ရှိနေခြင်း၊ ယင်းအခြေအနေကြောင့် စီးပွားရေးအရ လိုင်စင် ထပ်ထုတ်ပေးရန် မလိုအပ်ကြောင်း စသည့် အချက်များကြောင့် ကန့် ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ယခု ဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့် အညီ စစ်ဆေးနေသဖြင့် ပိတ်ထားရခြင်း၊ စားသောက်ဆိုင်၊ ကာရာအိုကေ၊ ဘား၊ နိုက်ကလပ် စသည့် အရက်၊ ဘီယာ ရောင်းချသည့် နေရာများ ပိတ်ရခြင်းတို့ကြောင့် လတ်တလောတွင် ယခင်ထက် ရောင်းအား ထက်ဝက်ခန့် လျှော့ကျမှုလည်း ရှိနေသည်ဟု ဦးစိုးလွင်က ပြောပြသည်။

ထိုသို့သော အခြေအနေကြောင့် နိုင်ငံခြား ကုမ္ပဏီများအား အရက်ချက်လုပ်ခွင့်နှင့် အရက်ချက် စက်ရုံ ပိုင်ဆိုင်ခွင့် (DI) လိုင်စင်ချထားပေးခြင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း မေလ ၁၆ ရက်က တင်ပြသော အသင်း၏ နိုင်ငံတော် အစိုးရသို့ ပန်ကြားလွှာတွင် ဖော်ပြထားသည်။

လက်ရှိ အရက်ချက်လုပ်ခွင့်နှင့် အရက်စက်ရုံ ပိုင်ဆိုင်ခွင့် (DI) လိုင်စင်ပေါင်း ၇၀ ခု ချပေးထားပြီး၊ လုပ်ငန်းလိုင်စင် ၁၀ ခု သာ စက်ရုံလည်ပတ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက် ရှိပြီး တရက်လျှင် စက်ရုံအပြည့် လည်ပတ်နိုင်ပါက အရက် ဂါလံ သုံးသောင်းအထိ ထုတ်လုပ်နိုင်ကြောင်း အသင်းမှ သိရသည်။

ရန်ကုန်မြို့မှ စားသောက်ဆိုင် ပိုင်ရှင် ဦးသက်ခိုင်က “ကျနော်တို့အနေနဲ့ကတော့ နိုင်ငံခြားအရက် စက်ရုံတွေ လာမယ်ဆို ကြိုဆိုတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ အရက်တမျိုးနဲ့ တမျိုးက အရည်အသွေးလည်း မတူဘူး။ ဈေးနှုန်းလည်း မတူ ဘူး။ သူ့အတန်းအစားနဲ့ သူပေါ့။ သောက်တဲ့ သူကလည်း ကျနော်တို့ နိုင်ငံမှာ အမျိုးမျိုးရှိတယ်။ အရက်က တပုလင်းကို ကျပ် ၅၀၀၊ ၆၀၀ တန်တဲ့ ဇေ အရက်တို့ ဘာတို့ရှိသလို Grand Royal အထိ အစားစား ရှိတယ်”ဟု ဧရာဝတီသို့ ပြော သည်။

ဆက်လက်၍ ၎င်းက “စက်ရုံတွေ လာရင် နိုင်ငံတော်အတွက်လည်း အခွန်အခ ရမယ်၊ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ရမယ်။ ဈေးနှုန်းလည်း အသင့်အတင့် ဖြစ်သွားမယ်။ အခုလည်း နိုင်ငံခြား အရက်တွေက တရားဝင်လည်း ဝင်သလို တချို့ နယ်စပ်တွေက မှောင်ခိုဝင် နေတာလည်း အကုန်လုံးသိပါတယ်။ ဘယ်နိုင်ငံမဆို ရှိတယ်။ ဒါကြောင့် နိုင်ငံခြား အရက်ချက် စက်ရုံတွေလည်း ရှိသင့်တယ်”ဟု ပြောသည်။

သို့သော် အစိုးရအနေနှင့် နိုင်ငံခြားအရက်ချက် လုပ်ခွင့်နှင့် အရက်ချက် စက်ရုံ (DI) လိုင်စင်များ ချထားပေးမည် ဆိုပါက အရက်ထုတ်လုပ်ရာတွင် အမှန်တကယ် အရည်အသွေး စံချိန် စံညွှန်းနှင့် ပြည့်မီသော အရက်များထုတ်လုပ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDI) မှ သေချာ စစ်ဆေး ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောဆို သည်။

ယင်းအပြင် ပြည်တွင်း၌ အရက်အတုများလည်း တွေ့ရှိနေရခြင်းကြောင့် ထိုအခြေအနေများကို စစ်ဆေး အရေးယူ သင့်ကြောင်း စားသောက်ဆိုင် လုပ်ကိုင်သူများက ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက “ဥပမာ အမျိုးအစား ၁ ကနေ ၁၀ ဆိုရင် အကုန်လုံး ရှိတာကတော့ သာမန်အားဖြင့် ကောင်းတာပေါ့။ ဒါပေမယ့် ၁ ရဲ့ ဈေးကွက်အရ ၅ ရာခိုင်နှုန်းပဲ ဖြစ်သင့်တယ် ဒါမျိုးပေါ့။ ဈေးကွက်မှာ တမျိုးက မရှိဘူးဆိုရင် လူတွေက မှောင်ခို သွင်းလာကြမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါတွေကို တရားဝင်ပေးသွင်း လိုက်မယ်ဆိုရင် တိုင်းပြည်လည်း အခွန်ရတယ်။ စားသုံးသူလည်း စစ်စစ်မှန်မှန် စားရတယ် ကျနော်ကတော့ အဲဒီလိုမြင်တယ်။ ထပ်ပြီးတော့ ထုတ်လုပ်မယ် ဆိုတဲ့ ဟာကလည်း ဘယ်လို အ မျိုးအစားတွေလည်း ဆိုတာ သိဖို့ လိုတယ်။ ရှိသင့် ရှိထိုက်တာတော့ တဖက်က ခွင့်ပြုရမယ်။ ဘယ်လောက်ပဲ ဘယ်လို မျိုး ကန့်သတ်မှုနဲ့ စည်းမျည်း စည်းကမ်းနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကိုလည်း မထိခိုက်အောင် လုပ်မလဲပေါ့။ အဲဒီလို ကန့်သတ်မှုမျိုး လုပ်ပေးရင် ကောင်းပါတယ်” ဟု သုံးသပ်ပြောကြားသည်။

မြန်မာပြည်၌ တချို့ အရက်၊ ဘီယာ အမျိုးအစားများမှာ မရနိုင်သည့် အတွက်ကြောင့် ပုံစံမျိုးစုံနှင့် မှောင်ခို တင်သွင်းနေ သည်များလည်း လက်ရှိအချိန်ထိ ရှိနေကြောင်း ယင်းတို့ပေါ်တွင် အခွန်မကောက်ခံနိုင်သည့် အတွက်ကြောင့်လည်း နိုင်ငံအတွက် နစ်နာမှုများ ရှိနေသည်ဟု ၎င်းက ထောက်ပြသည်။

ယခု အရက်၊ ဘီယာ ဈေးကွက်သည် တချို့ အမျိုးအစားများမှာ လိုအပ်မှုများ ရှိနေသဖြင့် ဖြေလျှော့မှုများ လုပ်သင့်နေပြီး တချို့မှာလည်း လုံလောက်မှုရှိနေ သည်ဟု ဈေးကွက်အတွင်းက သိရသည်။

ပြည်တွင်း အရက်၊ ဘီယာ သောက်သုံးသူ တဦးက “ကုမ္ပဏီအသစ်တွေ ဝင်လာတာ ကောင်းတယ်။ ဈေးကွက်မှာ အပြိုင် အဆိုင်ဖြစ်ပြီး အရည်အသွေး ကောင်းတာပိုပြီး ထုတ်လုပ်နိုင်မယ်။ ဈေးနှုန်းကိုလည်း သူတို့တင်ချင်တိုင်းတင် ချချင်တိုင်း ချလို့ မရတော့ဘူးပေါ့”ဟု ပြောသည်။

အဆိုပါ နိုင်ငံခြားအရက်ချက် လုပ်ခွင့်နှင့် အရက်ချက် စက်ရုံ (DI) လိုင်စင်များ ချထားပေးမည်ဆိုသည့် ကိစ္စနှင့် ပတ်သက် ၍ ရန်ကုန်တိုင်း အစိုးရထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားပေးခြင်း မရှိပေ။

ဆက်စပ်ဖတ်ရှုရန်

ဈေးကွက် ၃၀ ရာခိုင်နူန်းမှာ တရားမဝင် ဘီယာများဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading