နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ အေးမောင်အား လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကာ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က မေလ ၁၈ ရက်စွဲဖြင့် ကြေညာလိုက်သည်။
ဒေါက်တာ အေးမောင်အား စစ်တွေခရိုင် တရားရုံးက ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အ ယူခံ အဆင့်ဆင့် တက်ခဲ့ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ၎င်း၏ နောက်ဆုံးအဆင့် အယူခံအား ပယ်ချ ကြောင်း ယခုနှစ် ဇန်နဝါရီ ၂၄ ရက်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဌေးက “ ထောင်ကျတယ် ဆိုတာနဲ့ မပြီးသေးဘူး၊ သူ အယူခံခွင့် ရှိသေးတယ်။ အယူခံကာလ ပြီးအောင် စောင့်ရတာပေါ့။ အခုလည်း ဥပဒေမှာ ပါတဲ့အတိုင်းပဲ ဆောင်ရွက်တာ ပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင် အမျိုးသား ပါတီ(ANP) ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါက်တာ အေးမောင်သည် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သူ လည်း ဖြစ်သည်။
၎င်းသည် စာရေးဆရာ ဝေဟင်အောင်နှင့် အတူ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့နယ်တွင် ကျင်းပခဲ့ သည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ်နေ့၌ ပါဝင်ဟောပြောခဲ့ရာ ၎င်းတို့၏ ဟောပြောချက်များသည် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ်၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ်၂ နှစ်တို့ကို တပေါင်းတည်း ကျခံစေရန် အမိန်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။
ဒေါက်တာ အေးမောင်အား လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ခြင်းနှင့် ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင်ခြင်းများ သည် အာဏာရပါတီမှ စစ်အာဏာရှင်မျာ ဖိနှိပ်ကျင့်သုံးခဲ့သည့် နည်းလမ်းအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် မူလ ရည်မှန်းချက်များနှင့် သွေဖယ်သွားပြီ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီပြော ရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ဝေဖန်လိုက်သည်။
ဦးစိုင်းလိတ်က “စစ်အာဏာရှင်တွေ သူ့အပေါ် ဖိနှိပ်ခဲ့တဲ့၊ ကျင့်သုံးခဲ့တဲ့ နည်းစနစ်မျိုးကို ပြန်လည်ပြီး ကျင့်သုံးနေတာက ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ချွတ်ချော် တိမ်းစောင်းနေသလို နဂိုသူ့ရဲ့နိုင်ငံရေး ရည်ရွယ်ချက်နဲ့လည်း မကိုက်ညီဘူးလို့ ပြောလို တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ကြိုးပမ်း ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလို လုပ်ရပ်မျိုးက မဆင်မခြင် လုပ်တဲ့ လုပ်ရပ်မျိုးလို့ပဲ သုံးသပ်လိုတယ်” ဟု ပြောသည်။
လက်ရှိ အာဏာရပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များထဲမှလည်း စစ်အစိုးရ ခေတ်တွင် ဖမ်းဆီး ထောင်ချခံရသူများ ရှိ သော်လည်း ဦးသိန်းစိန် အစိုးရခေတ်တွင် ရွေးကောက်ပွဲ ဝင်ခွင့် ရရှိခဲ့ကြသည့်အတွက် ဒေါက်တာ အေးမောင်အပေါ် ရွေး ကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခြင်းမှာ မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ဆိုသည်။
၎င်းက “ဥပဒေ အရ လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးခဲ့မယ် ထင်ထားတာ။ ရွေးကောက်ပွဲ မတိုင်ခင် လွတ်စေချင် တာ။ အခုတော့ ရွေးကောက်ပွဲ ဝင်ခွင့်တောင် ပိတ်တယ်ဆိုတော့ တော်တော်လေး မေးခွန်း ထုတ်စရာပဲ။ မြန်မာ့နွေဦး အပြောင်း အလဲမှာ အခုလို ပြင်းပြင်းထန်ထန် လုပ်တာက တော်တော်လေး မသင့်တော်ပါဘူး။ ဒီမိုကရေစီခေတ်တခုမှာ မဖြစ်သင့်ပါ ဘူး” ဟု ပြောသည်။
ရခိုင်ဦးဆောင်ပါတီ(AFP)၏ ရသေ့တောင် မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း အား ဖခင်ဖြစ်သူ ဒေါက်တာအေးမောင်အား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ဧရာဝတီက သဘောထား မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁(ဃ)တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံ ရပြီးနောက် တည်ဆဲဥပဒေ တရပ်ရပ်အရ ထောင်ဒဏ် ကျခံရပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည် ပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၈၈(က) တွင် “ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် ဖြစ်စေ၊ သေဒဏ်(သို့) တသက်တကျွန်းထိုက် သော ပြစ်မှုဖြင့် ဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခြင်း ခံရသူသည် ကြေညာသည့် နေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေး ကောက်ပွဲများတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
ဒေါက်တာအေးမောင်အမှု၏နောက်ဆုံးအယူခံပယ်ချခံရ
ANP ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဦးသာထွန်းလှ ကို ရွေးချယ်တင်မြောက်