အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)အစိုးရသည် ယခုနှစ် နွေရာသီတွင် လျှပ်စစ်မီး ပုံမှန်ရရှိရန် တရုတ်နိုင်ငံ ကုမ္ပဏီများ ၏ အားကိုးဖြင့် နိုင်ငံခြားမှ တင်သွင်းလာသော သဘာဝဓါတ်ငွေ့ ရည်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲနိုင်သည့် (LNG to Power) ပရောဂျက်များကို ဖော်ဆောင်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အချိန်မီ မပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း အလုံ၊ သန်လျင်၊ သာကေတ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မကွေးတိုင်း ကွန်းချောင်းတို့ကို တရုတ် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး မီဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်လုပ်၍ ယခုနှစ်၊ နွေရာသီ ကာလတွင် လိုအပ်ချက် အချိန်မီ ဖြည့်ဆည်း နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယင်း LNG to Power စီမံကိန်းများသည် ကမ္ဘာ့ ကပ်ရောဂါ COVID – 19 ကြောင့် စက်ပစ္စည်းများ အနည်း ငယ်သာ ရောက်ရှိခြင်း၊ ကျွမ်းကျင်ပညာရှင်များ လာရောက်ရန် ကန့်သတ်မှုများကြောင့် နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ရ သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဝန်ခံခဲ့သည်။
“သို့သော်လည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လိုအပ်တဲ့ ညှိနှိုင်းပေါင်းစပ်မှုတွေနဲ့ ဆောလျင်စွာ လုပ်ငန်း ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
တရုတ်ကုမ္ပဏီများ ဦးဆောင်သည့် ဓာတ်အားရရှိရေး စီမံကိန်းများ၏ အပြီးသတ် သတ်မှတ်ရက်သည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ဖြစ်သော်လည်း ကိုဗစ် ရောဂါပိုး အကြောင်းပြချက်ဖြင့် အစိုးရသို့ လုပ်ငန်း အပ်နှံနိုင်ခြင်း မရှိသလို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် တင်ဒါခေါ်စဉ်ကလည်း ၅ နှစ်အတွင်း အမြတ်ရအောင် ဆောင်ရွက်ခိုင်းခြင်း၊ တည်ဆောက်မှုကာလကို ၇ လ သာ ခွင့်ပြုခြင်းနှင့် လျှပ်စစ် ဓာတ်အားကို မြန်မာကျပ်ငွေဖြင့်သာ ဝယ်ယူမည်ဟု ဆိုသဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။
နိုင်ငံခြား ကုမ္ပဏီများနှင့် စာချုပ်များအရ ဧပြီလဆန်းတွင် မဂ္ဂါဝပ် ၁၁၀၀ ကျော် ရရှိရမည် ဖြစ်သော်လည်း ယခုမေလအထိ မဂ္ဂါဝပ် ၅၀၀ ကျော် ရရှိကြောင်း ဒုဝန်ကြီး၏ ဖြေကြားချက်အရ သိရှိရကြောင်း၊ ထို့ကြောင့် ကျန်မဂ္ဂါဝပ် ၅၀၀ ကျော်မှာ လာ မည့် ၂ လအတွင်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေမျိုးထက်က ဧရာဝတီသို့ ပြောသည်။
၎င်းသည် မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် နွေရာသီ လျှပ်စစ်မီးလုံလောက်ရေးအတွက် လျှပ်စစ်ဝန်ကြီး ဌာန၏ တင်ဒါခေါ်ခဲ့သော LNG to Power ပရောဂျက်များ၏ ပြီးစီးမှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ထွက်ရှိမှု၊ သုံးစွဲမှု အခြေအနေတို့ကို မေးခွန်းမေးမြန်းခဲ့သူ ဖြစ်သည်။
ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးနေမျိုးထက်က “အတိအကျဆိုရင် မေလ လောက် ထွက်ရမှာ။ မေလည်း ထွက်တဲ့ဥစ္စာတွေ ထွက်နေပါပြီ။ မထွက်တဲ့ သန်လျင်ဆိုရင် နည်းနည်းတော့ နောက် ကျတယ်။ သူရှင်းပြပုံအရဆိုရင် ရင်းနှီးမြုတ်နှံသူရဲ့ အပြစ်မဟုတ်ဘူး။ ကျနော်တို့ဘက်က ဆိပ်ကမ်း Port နဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ကျနော်တို့ဘက်က ရုံးပိုင်းဆိုင်ရာတွေမှာ အာဏာပိုင်တွေက ကြာနေလို့”ဟု ပြောသည်။
၎င်းက ဆက်၍ “တခြားဟာတွေက အကွာကြီး မဟုတ်ဘူး။ အလုံဆိုရင်လည်း တဝက်လောက် ထုတ်ပေးနိုင်တယ်ပေါ့နော်။ တဝက်လောက်ကတော့ နည်းနည်းနောက်ကျတယ်။ တချို့ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေကတော့ အတိုး အလျော့လေးတွေကတော့ လုပ်ပေးရပါတယ်။ နည်းပညာနဲ့ ပတ်သက်ရင် စမ်းသပ်ရတာတွေ ရှိတယ်”ဟု ရှင်းပြသည်။
ထို့ပြင် ယခုနှစ် နွေရာသီတွင် လျှပ်စစ်မီး ပြတ်တောက်မှု မရှိဘဲ ယခင်နှစ်ကလို အလှည့်ကျ လျှပ်စစ်မီးလင်းသည့် စနစ် မပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် ဒုဝန်ကြီး၏ ဖြေကြားချက်ကို တစုံတခုသော အတိုင်းအတာထိ လက်ခံသဖြင့် မေးခွန်း ထပ်မထုတ်ခဲ့ကြောင်း ဦးနေမျိုးထက်က ပြောသည်။
“ထုတ်လုပ်မှုက ဒီနှစ် လောက်နေတယ်။ အခု မီးပျက်တာကလည်း ထုတ်လုပ်မှုကြောင့် ပြတ်တာ မဟုတ်ဘူး။ ဖြန့်ဖြူးရေး စနစ်မှာ ပြဿနာရှိလို့ မီးပျက်နေတာ။ လေတိုက်လို့ မိုးရွာလို့ ပျက်နေတာ။ ဖြန့်ဖြူးရေးပိုင်းမှာပဲ ပြဿနာ ရှိတော့တယ်။ အဲဒါလည်း ပြင်ရမယ်။ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် အချိန်ကာလလေးတွေက အတိမ်းအစောင်းလေး ဖြစ်နိုင်တယ်။ သူတင်ပြတဲ့ အတိမ်းအစောင်းလေးတွေက လက်ခံနိုင်တယ်”ဟု ဦးနေမျိုးထက်က ပြောသည်။
အစိုးရက ယခုနှစ် နွေရာသီတွင် နိုင်ငံတော် ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းရန် စုစုပေါင်း စက်ရုံ ၇ ရုံ စီမံကိန်းအဖြစ် စက်စွမ်းရည်နိမ့်သော နိုင်ငံပိုင်စက်ရုံ ၃ ရုံကို အဆင့်မြှင့်တင်ခြင်း၊ ဓာတ်ငွေ့နှင့် ဓာတ်အားလိုင်း ကန့် သတ်ချက်ဖြစ်သော စက်ရုံတရုံကို လွတ်ကင်းသော နေရာသို့ ပြောင်းရွှေ့ခြင်း၊ ပြည်ပမှ ဓာတ်ငွေ့အရည် (Liquefied Natural Gas, LNG) ကို တင်သွင်းပြီး ဓာတ်အားထုတ်ပေးမည့် စက်ရုံ (၃)ရုံ တည်ဆောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

စက်စွမ်းရည်အဆင့်မြှင့်တင်သော စက်ရုံများမှာ ကျွန်းချောင်းမှ ၂၀ မဂ္ဂါဝပ်၊ အလုံမှ ၁၅၁.၅၄ မဂ္ဂါဝပ်၊ ရွှေတောင်မှ ၂၈ မဂ္ဂါဝပ်၊ နေရာပြောင်းစက်ရုံမှာ မြင်းခြံမှ မကွေးသို့ စက်ရုံတဝက် ပြောင်းရွေ့ လာသည့် ၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် အတွက် ရည်ရွယ်ထားသည့် စက်ရုံတခုတို့ ဖြစ်သည်။
LNG to Power စက်ရုံများမှာ သန်လျင်မှ ၃၅၀ မဂ္ဂါဝပ်၊ သာကေတမှ ၄၀၀ မဂ္ဂါဝပ်၊ ကျောက်ဖြူမှ ၁၅၀ မဂ္ဂါဝပ် ရည်မှန်း ထားသဖြင့် စုစုပေါင်း ၁၁၆၅.၅၄ မဂ္ဂါဝပ် ဖြစ်သည်။
လျှပ်စစ်မီး ၃၅၀ မီဂ္ဂါဝပ် ရရှိမည့် သန်လျင် ဓာတ်အားပေး စက်ရုံမှာ စက်တပ်ဆင်မှု ၅၅ ရာခိုင်နှုန်း၊ ဆိပ်ကမ်းဆောက်လုပ်မှု ၆၆ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမည့် ဇူလိုင် ဒုတိယအပတ်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ စီမံကိန်း တခုလုံး ပြီးစီးမှု ၆၄ ရာခိုင်နှုန်း ရှိပြီ ရေနံဓါတ်ငွေ့ သယ်ဆောင်သည့် သဘောမှာလည်း စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက ပြောသည်။
ရေနံဓါတ်ငွေ တင်ဆောင်လာသည့် သင်္ဘောသည် ဆိပ်ကမ်းတွင် တိုက်ရိုက် မဆိုက်ကပ်နိုင်မီ သင်္ဘောအသေး တစီးဖြင့် ယာယီ ဆိုက်ကပ်ပြီ ဓါတ်ငွေ့ ထုတ်ပေးမည်ဟု သိရသည်။
“ဆိုက်ကပ်ဖို့အတွက် ဘယ်လဂျီယံ နိုင်ငံသား ပညာရှင်တွေက မေလ ၁၂ ရက် ကတည်းက ရန်ကုန်မှာ COVID – 19 ပိုး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ရက်အနည်းငယ် စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ LNG သင်္ဘော ဆိုက် ကပ်ဖို့ အတွက် ဒီနိုင်ငံခြား ပညာရှင်ကနေပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီးက ပြောသည်။
သန်လျင် ဓာတ်အားပေး စက်ရုံသည် တရုတ်နိုင်ငံ အခြေစိုက် Consortium China National Import and Export Corporation နှင့် ဟောင်ကောင် အခြေစိုက် V Power Group Holding Ltd and V Power Holding Ltd တို့က အမေရိကန်ဒေါ်လာ ၂၉၇ သန်း ရင်းနှီးမြုတ်နှံထားသည့် စက်ရုံတခု ဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တပ်ဆင်မည့် ၁၅၀ မဂ္ဂါဝပ် LNG to Power စက်ရုံမှာ MTU ဂျာမဏီ နိုင်ငံထုတ် စက်အမျိုးအစား ဖြစ်ပြီး တပ်ဆင်ပြီစီးမှုက ၈၂ ရာခိုင်နှုန်း၊ Switch Yard တပ်ဆင်မှု ၉၄ ရာခိုင်နှုန်း၊ စီမံကိန်းတခုလုံး ပြီးစီးမှုက ၆၈.၆ ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
စက်ရုံတွင် အသုံးပြုမည့် ဓာတ်ငွေ့ လောင်စာသည် မူလက ISO Tank များကို အသုံးပြုပြီး ဓာတ်ငွေ့ရည် ပို့လွှတ်ရန် စီစဉ် ထားသော်လည်း COVID – 19 ကြောင့် IOS ထုတ်လုပ်သည့် စက်ရုံများ ရပ်ဆိုင်းကုန်သဖြင့် စီမံကိန်း နောက်ကျနေရ ကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။
ယင်း ကျောက်ဖြူမြို့နယ်ရှိ မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်သည့် စက်ရုံကို တရုတ် ကုမ္ပဏီ Consortium China National Import and Export Corpor ation နှင့် ဟောင်ကောင် အခြေစိုက် V Power Group Holding Ltd and V Power Holding Ltd တို့က အမေရိကန် ဒေါ်လာသန်း ၁၄၀ ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်။
မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတ စက်ရုံသည် ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ အင်ဂျင်စက်များဖြင့် တပ်ဆင်နေခြင်း ဖြစ် ပြီး စီမံကိန်း ပြီးစီးမှုမှာ ၈၂.၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မေလ ၃၀ ရက်နေ့တွင် အပြီးသတ်မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။
သာကေတ ဓာတ်အားပေး စက်ရုံကိုလည်း တရုတ် ကုမ္ပဏီ Consortium China National Import and Export Corpor ation နှင့် ဟောင်ကောင် အခြေစိုက် V Power Group Holding Ltd and V Power Holding Ltd တို့က အမေရိကန် ဒေါ်လာ ၃၆၃ သန်းဖြင့် ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်။
ယခင် အစိုးရလက်ထက်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သူ ဦးမော်သာထွေး က ယခုလို သုံးသပ်သည်။
“ဒီလုပ်ငန်း အားလုံးကို ချိတ်ဆက်နိုင်ဖို့က ကျနော်တို့ရဲ့ စီမံခန့်ခွဲမှုတွေက အားကောင်းဖို့ လိုတယ်။ ကိုယ့်နိုင်ငံက ထွက်တဲ့ Gas ကို ကိုယ့်စက်ရုံထဲ ထည့်ပြီး လည်တာက ပိုက်ပေါက်သွားလည်း ပိတ်ချလိုက်လို့ ရတယ်။ လျှပ်စစ်မီး ဖြတ်ပစ်လိုက်လို့ ရတယ်။ အခုက အဲလို လုပ်လို့ မရတော့ဘူး။ အဲဒီစက်ရုံတွေ ရပ်သွားရင် Gas တွေကို ဘယ်လို လုပ်မှာလဲဆိုတာ တခါ တည်း ဖြေရှင်းမှ ရမယ်”ဟု ဆိုသည်။
ထို့ပြင် ယခုလို ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင်လည်း ပထဝီနိုင်ငံရေးကိုပါ ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ယခုလို စွမ်းအင်မှ လျှပ်စစ်ထုတ်သည့် နည်းလမ်းတခုတည်းကို အာရုံစိုက်မည် ဆိုပါက ပြဿနာ တချို့ ကြုံတွေ့ ရနိုင်ကြောင်း ဒုတိယ ဝန်ကြီးက သုံးသပ်သည်။
“စွမ်းအင်ကို အမာခံထားပြီး မောင်းမှာမိုလို့။ အမှန်က သူ့ကိုလည်း ရာခိုင်နှုန်းတခု ထားမောင်း၊ ကျောက်မီးသွေးကိုလည်း သုံး၊ ဆိုလာတို့ Wind တို့ကိုလည်း အနည်းကျဉ်းလေးတွေ မောင်းထားရင် တခုခုက ဖောက်ပြန်လိုက်ရင် ကျန်တာနဲ့ ရှင်းလို့ ရတယ်။ အခုက ထိန်းစရာ မရှိဘဲနဲ့ ဘာမှ ထိန်းစရာ ရှိအောင်လည်း လုပ်မနေဘဲနဲ့ သဘာဝ ဓာတ်ငွေ့ကို သွားပြီးတော့ Energy ပြောင်းတဲ့ အစီအစဉ်ကို လုပ်နေတာ။ အဲဒီတော့ ဆက်စောင့်ကြည့်ရမှာပေါ့”ဟု ဦးမော်သာထွေးက ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ စွမ်းအင် ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၃၈ ရာခိုင်နှုန်း၊ ဓါတ်ငွေ့သုံးလျှပ်စစ်မှ ၂၀ ရာခိုင်နှုန်း၊ ကျန်သည့် ၉ ရာခိုင်နှုန်းမှာ နေရောင်ခြည်နှင့် ကျောက်မီးသွေးမှ ၁ ရာခိုင်နှုန်း ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
NLD အစိုးရ တက်လာခါစတွင် လာမည့် အနှစ် ၃၀ အတွင်း တနိုင်ငံလုံး လျှပ်စစ် ထုပ်လုပ်မှု ၃၃ ရာခိုင်နှုန်းကို ကျောက် မီးသွေး လောင်စာမှ ထုတ်လုပ်မည်ဟု တာဝန်ရှိသူများက မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ၂၀၁၇ ခု နှစ် နောက်ပိုင်းတွင် ကျောက်မီးသွေးဖြင့် ထုတ်လုပ်မည်ဟု မပြောတော့ဘဲ စွမ်းအင်ဖြင့် ထုတ်မည်ဟု လေသံပြောင်း သွားခဲ့သည်။
အာဏာရ NLD ပါတီမှ ကိုယ်စားလှယ် ဦးနေမျိုးထက်က“Energy က ထုတ်တာက အချိန်အတိုဆုံး မိုလို့လေ။ အချိန်တို တိုနဲ့ ရနိုင်တဲ့ နည်းပညာပေါ့။ ရေအား လျှပ်စစ်က အချိန် အများကြီး ပေးရတယ်။ အချိန်နည်းနည်းနဲ့ ရအောင် လုပ်ရ တာပေါ့။ ကိုယ့်နိုင်ငံက သုံးစွဲအားတွေ များလာတော့ ရေတို အတွင်း သုံးစွဲလို့ရအောင် လုပ်တဲ့နည်းပေါ့”ဟု ပြောပြခဲ့သည်။
ယခင်နှစ်က မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ် ၃၉၀၀ ခန့် အထိ ရှိခဲ့ပြီး ယခုနှစ် အများဆုံး သုံးစွဲ ထားသည့် ယူနစ်မှာ မဂ္ဂါဝပ် ၃၇၆၄ ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဓာတ်အား ပုံမှန်ပေးနိုင်သည်မှာ မီးသုံးစွဲမှု အများဆုံး ဖြစ် သည့် ဧပြီနှင့် မေလတို့တွင် ကိုဗစ်ကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားခြင်းကြောင့်ဟု နေပြည်တော်မှ လျှပ်စစ် အရာရှိတဦးက ပြောဆိုခဲ့သည်။
You may also like these stories:
ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်
မီတာခကျသင့်ငွေ အပေါ် သံသယရှိက တိုင်ကြားနိုင်