တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အားလပ်ပြီး သင့်တော်သည့်အချိန်တွင် “ဝ” ဒေသသို့ လာရောက်လမ်းညွှန်မှုပြုရန် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ဖိတ်ကြားလိုက်သည်။
UWSP ၏ ကာကွယ်ရေးအဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကမူ “ဝ” အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လာရောက်လမ်းညွှန်ရန် ဖိတ်ကြားခြင်းသည် တဖက်နှင့် တဖက် ချစ်ကြည်၊ ရင်းနှီးမှု တိုးတက်စေရန် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးညီရန်း က “ဖိတ်တာက အခုမှ ဖိတ်တာ မဟုတ်ပါဘူး။ အရင်ကတည်းက ဖိတ်တာ။ ကျနော်တို့ မျှော်လင့်ပါတယ်ပေါ့။ လမ်းညွှန်မှုတွေ လာပေးဖို့။ ပိုမို ရင်းနှီးမှု၊ ချစ်ကြည်မှု၊ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုလိုအပ်တာပေါ့” ဟု ပြောသည်။
မေလ ၁၉ ရက်က ပန်ဆန်းမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို တပ်မတော်ဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး ဦးဆောင်သည့် အဖွဲ့မှ သွားရောက် လှူဒါန်းခဲ့ရာ UWSP ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သည့် အဖွဲ့က ကြိုဆိုလက်ခံခဲ့သည်။
ယင်းနောက်တွင် UWSP ဘက်က UWSP ဥက္ကဋ္ဌ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ရည်ညွှန်းသည့် ကျေးဇူး တင်လွှာကို တပ်မတော်ကိုယ်စားလှယ်များ ထံပေးအပ်ခဲ့ပြီး အဆိုပါ ကျေးဇူးတင်လွှာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဖိတ်ခေါ်ကြောင်း ရေးသားထားခြင်း ဖြစ်သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း UWSP က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို “ဝ” ဒေသသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
၎င်းက “ဟုတ်ပါတယ်။ ဦးပေါက်ယိုချန်းကိုယ်တိုင် ဒါနဲ့ ပတ်သက်ပြီးတော့ ကျေးဇူးတင်တဲ့ အကြောင်း စာနဲ့ ရေးပေးပါတယ်။ အဲဒီစာထဲမှာ ပါတာဖြစ်ပါတယ်” ဟု ရှင်းပြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “ဝ”ဒေသသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိ၊ မရှိနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မှတ်ချက်ပေးပြောကြားခြင်း မရှိပေ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လူမျိုး၊ လူတန်းစားမခွဲခြားဘဲ အားလုံးပူးပေါင်းကာ တိုက်ဖျက်ရန် ပြောဆိုထားကြောင်း၊ ထို့ကြောင့်ပင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
တပ်မတော်ဘက်က လှူဒါန်းသည့် ပစ္စည်းများမှာ Surgical Mask ၄၀၀၀၀ ခု၊ N 95 Mask ၂၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Personal Protective Equipment PPE ဝတ်စုံ ၁၀၀၀ စုံ၊Hand Gel ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူးနှင့် Hand Sanitizer ၁၅၀ ဘူးတို့ ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထံမှသိရသည်။
မေလ ၂၀ ရက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ တပ်မတော်က ဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး၊ လှူဒါန်းသည့် ပစ္စည်းများ စာရင်းကို သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ UWSP သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို “ဝ” ဒေသသို့လာရောက်လည်ပတ်ရန် ယခင်ကလည်း ဖိတ်ကြားဖူးကြောင်းဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလတွင် ပန်ဆန်း၌ ပြုလုပ်သည့် “ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် ၃၀ ပြည့် အခမ်းအနားမကျင်းပမီကလည်း အခမ်းအနားသို့ တက်ရောက်ပါရန် UWSP က ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားခဲ့သေးသည်။
ဦးမောင်မောင်စိုးက “သူတို့အနေနဲ့က သူတို့ဒေသကို မြန်မာပြည်ထဲက အဆင့်မြင့်ဆုံးခေါင်းဆောင်တွေ လာပြီးတော့ တွေ့ဆုံဆွေးနွေးပြီး တင်းမာမှု ဖြေလျှော့ချင်တာ၊ နိုင်ငံရေးအရ ဆက်ဆံရေးတည်ဆောက်ချင်တာ၊ သူတို့သဘောထားတွေကိုလည်း ပြောပြချင် တာကြောင့် ဖိတ်တာ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။
နိုင်ငံရေးလေ့လာသုံးသပ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးရဲထွန်းကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို “ဝ” ဒေသသို့လာလည်ရန် ဖိတ်ကြားခြင်းသည် “ဝ” အဖွဲ့က ၎င်းတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြသချင်၍ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “တပ်မတော်ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ လာကြည့်တဲ့အခါမှာ တစုံတရာ သူတို့ခေါင်းထဲမှာ ဖက်ဒရယ်တို့ ကွန်ဖက်ဒရေးရှင်းတို့နဲ့ ပတ်သက်ရင် အပြောင်းအလဲပေါ့။ ကိုယ့်ဒေသကိုယ် လွတ်လွတ်လပ်လပ် အုပ်ချုပ်ခွင့်ရှိဖို့ ခွင့်ပြုတဲ့ ဟာက နိုင်ငံရေးအရ အကျိုးရှိတယ်ဆိုတာကို သိစေချင်ပုံရတယ်။ အဲဒီသတင်းစကား ပါးချင်တာကြောင့် ဖြစ်မယ် ထင်တယ်” ဟု ဆိုသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) နှင့် တိုက်ပွဲဝင်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဗကပ ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (United Wa State Party -UWSP) ကို ထူထောင် ခဲ့ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
UWSP ၏ လက်နက်ကိုင် တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီး ဆုံး ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝေ၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် ဒေသ ခြောက်ခုကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖွဲ့စည်းထားပြီး ယင်းဒေသသည် ဧရိယာ စတုရန်း ကီ လိုမီတာ ၁၅၀၀၀ ခန့် ကျယ်ဝန်းကာ UWSA က ထိန်းချုပ်၍ ပန်ဆန်း (ပန်ခမ်း) တွင် ဌာနချုပ် ဖွင့်ထားသည်။