သတင်း

ကချင်ဒေသတွင် မြေဧက ၃ သိန်းအထိ သတ္တုရှာဖွေမည့်အပေါ် ဒေသခံများစိုးရိမ်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧက ၃ သိန်းခန့်အပေါ်တွင် ရွှေ၊ ကြေးနီနှင့် ဆက်စပ် သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ရန် နိုင်ငံခြားကုမ္ပဏီ တခုကို ခွင့်ပြုထားမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများပေါ် ထိခိုက်မည့်အရေး စိုးရိမ်ကြောင်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောသည်။

ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးဂျေယောဝူက အဆိုပါ ဧက ၃ သိန်းပေါ်တွင် သြစတေးလျကုမ္ပဏီဖြစ်သော Fortuna Metals Co,Ltd အား ဓာတ်သတ္တု ရှာဖွေတိုင်းတာခွင့် (Feasibility Study –FS) ပေးခဲ့ခြင်းနှင့် ပတ်သက်၍ မည်သည့်အခြေအနေအထိ ရောက်ရှိကြောင်း သိလိုရှိခြင်းနှင့် ပတ်သက်၍ မေးခွန်းမေးခဲ့ခြင်းလည်း ဖြစ်သည်။

ဦးဂျေယောဝူက “တကယ်လို့များ  FS (Feasibility Study) ပေးတယ်ဆိုတာ နောက်တဆင့်ဆို လုပ်ကွက် ချထားပေးတော့မယ်လေ။ ချပေးပြီဆိုရင်တော့ သူတို့ကတော့ မြေလျှိုးမိုးပျံပြီးမှ လုပ်တော့မယ်လေ။  ကျနော်တို့က တအားစိုးရိမ်ပါတယ်။ ကျနော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း၊ စားဝတ်နေရေး၊ ဘုံပျောက်သွားမှာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေသခံပြည်သူများက ဘိုးဘွားများ လက်ထက်ကတည်းက ယင်းဒေသကိုမှီခို၍ နေထိုင်စားသောက်လာရာတွင် ယခုလုပ်ငန်းများကြောင့် မြေပြိုခြင်း၊ ရေကြီးရေလျံခြင်း၊ ရာသီဥတုဖောက်ပြန်၍ စိုက်ပျိုးသီးနှံများ ပျက်ဆီးခြင်း၊ စိုက်ပျိုးမြေများ ပျက်ဆီးခြင်းများ ဖြစ်လာနိုင်ကာ ဒေသခံများ၏ စားဝတ်နေရေး ခက်ခဲမှုများကြုံတွေလာရနိုင်သည်ဟု ၎င်းက ဝေဖန်ထောက်ပြသည်။

ယခုလုပ်ငန်းလျှောက်ထားသည့်  ကုမ္ပဏီမှာ မြန်မာနှင့်သြစတေးလျ နိုင်ငံသားတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု ငွေကြေးခိုင်မာသည့် ကုမ္ပဏီဖြစ်ကာ  မြန်မာသတ္တုတွင်း ဥပဒေ၊ နည်းပဒေများနှင့် အညီ လျှောက်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း စမ်းသပ်တိုင်းတာမှုလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက် ပြန်ထားပေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေကပြောသည်။

ဦးရဲမြင့်ဆွေက “လုပ်ငန်းသဘောတူစာချုပ်အတွက် ပြင်ဆင်ဆောင်ရွက်ဆဲ အဆင့်သာဖြစ်ပြီးတော့ ဌာနနဲ့ ကုမ္ပဏီတို့ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးတွက် ဥပဒေ နည်းပဒေများ၊ လုပ်ထုံး လုပ်နည်းများနဲ့အညီ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချထားပေးခြင်း မရှိသေးပါဘူး”ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ကချင်ပြည်နယ် ခေါင်လန်ဖူး ဒေသ (ဓာတ်ပုံ -ဝေနှင်းထွဋ်၊ ဧရာဝတီ)

ကုမ္ပဏီမှ ယခုလုပ်ဆောင်ရမည့် စမ်းသပ်တိုင်းတာရေးနှင် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းအဆင့်တွင် သတ္ထုသိုက်၏ ပမာဏ၊ အရည်အသွေး၊ ပုံသဏ္ဍန်တို့ကို ဖော်ထုတ်ခြင်း၊ သတ္တု ထုတ်လုပ်ရေး ဆောင်ရွက်ရမည့် အခါတွင်လည်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် (Environmental Impact Assessment- EIA)၊  ဒေသခံများအတွက် လူမှုရေးဆိုင်ရာ တာဝန်ယူမှု (Corporate Social Responsibility – CSR) စသည့်အစီအမံများကိုလည်း ရေးဆွဲတင်ပြရမည်ဟုဆိုသည်။

ဒုတိယဝန်ကြီး က “ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနဲ့ မြေအောက်သယံဇာတနဲ့ သက်ဆိုင်တဲ့ အချက်အလက်များ ရရှိနိုင်ခြင်းဆိုတဲ့ အကျိုးအချက်အလက်များကို ရရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စမ်းသပ်ရှာဖွေသည့် လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရကသာ လုပ်သင့်ပြီး ပြည်ပကုမ္ပဏီများကို ခွင့်ပြုမပေးသင့်ကြောင်း အကယ်၍ သတ္တုသိုက်များ ရှာဖွေတွေ့ရှိခဲ့ပါကလည်း နိုင်ငံခြားကုမ္ပဏီများထက် ပြည်တွင်း ကုမ္ပဏီများ၊ ဒေသခံ လုပ်ငန်းရှင်များကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပြုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောသည်။

“ကောင်းကျိုးကျတော့ ပြည်ပနိုင်ငံသားတွေပဲ ရသွားပြီးမှ ဆိုးကျိုးကျတော့ ငါတို့ပဲ ခံနေရတာပဲ ဆိုတဲ့ဥစ္စာပေါ့။ ကျနော်တို့မြို့ရွာတွေ ပိုင်ဆိုင်မှုတွေ၊ လယ်တောတွေ ယာမြေတွေ ၊ အများကြီးပါသွားတယ်။ သူတို့က အဲဒါတွေကို ကွက်ပြီးမှလုပ်ပါမယ်ပြောတယ်။ တကယ်တမ်း အမိန့်ရသွားရင် အဲလိုမဟုတ်တော့ဘူး၊ အချိုးပြောင်းသွားမှာ အဲဒါကို စိုးရိမ်နေတာပေါ့”ဟု ၎င်းကပြောသည်။

ယခုဆောင်ရွက်မည့် ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းစဉ်များတွင် ဘူမိဗေဒမြေပုံရေးဆွဲခြင်း၊ မြေသား၊ ကျောက်သား၊ ချောင်းသဲ တို့၏ နမူနာများရယူခြင်း၊ ဘူမိဗေဒ တိုင်းတာခြင်းနှင့် အစမ်းကျင်း၊ အစမ်းမြောင်းနှင့် စိန်လွန်တွင်း တူဖော်ခြင်း (Diamond Drilling) စသည့်လုပ်ငန်းများကို ဆောင်ရွက်မည် ဟုသိရသည်။

ထိုလုပ်ငန်းများဆောင်ရွက်ခြင်းမှာ ဓာတ်သတ္တုတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း မဟုတ်သေးသည့် အတွက် မြေယာပိုင်ဆိုင်မှုနှင့် သက်ဆိုင်မှု မရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးပြီး ထိုကာလတွင် ဒေသခံပြည်သူများကို ထိခိုက်မှု၊ ဧရာဝတီမြစ်၏ ရေဝေရေလဲ၊ ဂေဟစနစ်တို့ကို ထိခိုက်မှု မရှိနိုင်ကြောင်း ဝန်ကြီးက ပြောသည်။

ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက “လုပ်ကွက်လျှောက် ဧရိယာက ဧက ၃ သိန်းဝန်းကျင် ရှိပေမယ့်၊ အဆင့်အလိုက် လုပ်ငန်း ဆောင်ရွက်စဉ်မှာ နှစ်စဉ် ဓာတ်သတ္တုဖြစ်ထွန်းဖို့ အလားအလာ နည်းပါးတဲ့ ဧရိယာတွေကို လျော့ချ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နောက်ဆုံး သတ္တုသိုက်တွေ့ရှိတဲ့ ဧရိယာ၊ ဥပမာ-ဧက၂၀၀၊ ၄၀၀ အစရှိသဖြင့် သတ္တုသိုက် အရွယ်အစားကို လိုက်ပြီး ထုတ်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်တဲ့အဆင့်ကို ကူးပြောင်းသွားရမှာဖြစ်တယ်”ဟု ပြောသည်။

ဒေသခံပြည်သူများနှင့် ညှိုနှိုင်းဆောင်ရွက်ချင်းမရှိဘဲ လုပ်ငန်းများမလုပ်သင့်ကြောင်း ယခုကဲ့သို့ COVID-19 ရောဂါဖြစ်ပွားနေချိန်၊ အထွေထွေရွေးကောက်ပွဲနှင့် နီးလာချိန်တွင် ပြည်သူများနှင့် ကတောက်ကဆ ဖြစ်မည် လုပ်ရပ်များ ရှောင်ရှားသင့်ပြီး အခြေအနေများ တည်ငြိမ်မှသာ ဒေသခံများကို ညှိနှိုင်းလုပ်ဆောင်သင့်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက အကြံပြုသည်။

ကချင်ပြည်နယ် ခေါင်လန်ဖူး ဒေသ (ဓာတ်ပုံ -ဝေနှင်းထွဋ်၊ ဧရာဝတီ)

ဒေါက်တာတူးဂျာက “အခုချိန်ခါမှာတော့ ပြည်သူလူထုရဲ့ အသဲနှလုံးနဲ့တူတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို အပေါ်စီးကနေပြီးတော့မှ စီမံခန့်ခွဲတယ်၊ လုပ်ဆောင်တယ်ဆိုတဲ့ ဥစ္စာကျတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ဒါကဘယ်လိုပဲဖြစ်ဖြစ် ဒေသခံပြည်သူတွေ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့မြင်တယ်”ဟုပြောသည်။

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ဧက  ၃ သိန်းကျော်တွင် ရွှေနှင့်သတ္တု ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် Fortuna Metals Co,Ltd ကုမ္ပဏီက ၂၀၁၈ ခုနှစ် သြဂုတ်လက အစိုးရသို့ စတင်လျှောက်ထားခဲ့သည်။

အဆိုပါ  ဧက  ၃ သိန်းကျော်တွင်  လုပ်ကွက် ၂ ပိုင်းပါဝင်ပြီး လုပ်ကွက်(၁)မှာ  ဧက ၁ သိန်းခွဲကျော် (၁၅၂၀၇၀.၂၃၉ ဧက) ကျယ်ဝန်းပြီး၊ လုပ်ကွက် (၂)မှာ ဧက ၁ သိန်းခွဲကျော်စီ (၁၅၂၄၇၇.၁၉၁ ဧက) ကျယ်ဝန်းသည်။

ထိုလုပ်ကွက်များနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရသို့ သဘောထားမှတ်ချက်တောင်းခဲ့ရာ ၂၀၁၉ နိုဝင်ဘာတွင် စမ်းသပ်တိုင်းတာရန်အတွက် ကန့်ကွက်ရန်မရှိကြောင်း သဘောထားပြန်ကြားခဲ့ကြောင်း သိရသည်။

ထိုလုပ်ကွက်များထဲမှ ဘူဒဲပြင်ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ကျရောက်နေသည့် ဧကပေါင်း ၂ သောင်း ၇ ထောင် ကျော်ကို သစ်တောဦးစီးဌာန ခွင့်မပြုကြောင်း ပြန်ကြားသဖြင့် ကျန်ရှိသည့် ဧကပေါင်း ၂ သိန်း ၈ သောင်းခန့် ဧရိယာပေါ်တွင် စမ်းသပ်တိုင်းတာရေး လုပ်ငန်းများလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်းသိရသည်။

ထိုသို့ရှာဖွေတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး ပတ်ဝန်းကျင် စီမံခန့်ခွဲ့မှုအစီအစဉ် (EMP) ရေးဆွဲကာ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ အတည်ပြုချက် ရယူရန် ဆောင်ရွက်နေသည့် အဆင့်တွင်သာရှိသေးကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးက လွှတ်တော်တွင်ရှင်းလင်းသည်။

ယင်းလုပ်ငန်းအတွက် စာချုပ်ချုပ်ရတော့မည်ဆိုပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဘက်သဘောတူစာချုပ်ကို ပြင်ဆင်ပြီး စီမံကိန်း၊ ဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စသည့် သက်ဆိုင်ရာဌာနများမှ ဦးစွာသဘောထား မှတ်ချက်တောင်းခံရမည်ဖြစ်သည်။

ထိုဝန်ကြီးဌာနများ သဘောထားမှတ်ချက် ပြန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပြီး လုပ်ငန်းစဉ်များအလိုက် အချက်အလက်ပြည့်စုံပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးသဘောတူညီချက်ဖြင့် စီပွားရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့များထံ သဘေတူ ခွင့်ပြုချက် ရယူပြီးမှသာ နှစ်ဘက်သဘောတူ စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးဌာနက ဆိုသည်။

You may also like these stories:

မီတာခကျသင့်ငွေ အပေါ် သံသယရှိက တိုင်ကြားနိုင်

ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်

Did you find apk for android? You can find new Free Android Games and apps.
Loading