အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အာသံပြည်နယ် ဂိုဟာတီမြို့တို့ရှိ ခရစ်ယာန် ကျမ်းစာကျောင်းများ၌ တက် ရောက်သင်ကြားရင်း COVID – 19 ကြောင့် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား ၃၂ဦးအနက် ၁၅ဦးကို ပထမ အသုတ် ယနေ့ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်မည်ဟု သတင်းရသည်။
ယင်းကျောင်းသားမျာတွင် ချင်း၊ ကချင်၊ ရှမ်း၊ နာဂနှင့် ဗမာလူမျိုးများပါဝင်ပြီး ၎င်းတို့သည် COVID – 19 ကာလအတွင်း ကျောင်းများ၊ အလုပ်များ ပိတ်လိုက်သည့်အတွက် အဆောင်ခ၊ စားသောက်မှု ခက်ခဲလာသည့် အတွက် ပြန်လာခြင်းဖြစ် သည်။
မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမှုရေးအသင်း ဥက္ကဋ္ဌ Vnc Vanteက“အခုက အိုင်ဇောလ်က ကျောင်းသားတွေကို အရင်ပို့မှာပါ။ ဒီနေ့ ညနေပိုင်းရောက်ရင် ချင်းပြည်နယ်အစိုးရလက်ခံကြိုဆိုမယ်။ ဂိုဟာတီက လူတွေက ရောက် မလာသေးလို့။ နောက်ပြန်လာချင်တဲ့သူတွေ ၁၀၀ လောက်ရှိသေးတယ်။ အိန္ဒိယအစိုးရ စီစဉ်မပေးတာကြောင့် မပြန်နိုင်သေးတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါကျောင်းသားများကို မီဇိုရမ်နှင့် ချင်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ခေါ်ယူခြင်းဖြစ်ပြီး ၎င်းတို့ကို မီဇိုရမ်အစိုးရက ကျန်းမားရေး စစ်ဆေးကာ အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ကုန်သွယ် ရေးစခန်း ရိဒ်ခေါ်ရ်ဂိတ်အထိ ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့က ရိဒ်ခေါ်ရ်ဂိတ်မှ ကြိုဆိုကာ Quarantine ၂၁ရက်ပြီးမှ သက်ဆိုင်ရာ ပြည်နယ်များရှိ တာဝန်ရှိသူများထံ အပ်နှံပေးသွားမည်ဟု သိရသည်။
ချင်းပြည် နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ကျနော်တို့ဘက်က အဆင်သင့်ဖြစ်ပြီ။ ကြိုဆိုဖို့နဲ့ သူတို့ပြန်လာရင် နယ်စပ်မှာ Quarantine ထားမယ့် နေရာလည်း အဆင်သင့်ဘဲ။ ပြန်လာချင်တဲ့သူတွေက အများကြီး။ ကျနော်တို့ကလည်း ပြန်လာချင် တယ်ပြောရင် ဆောင်ရွက် ပေးမှာပါ။ လောလောဆယ်တော့ စာရင်းပေးထားတာ မရှိသေးဘူး”ဟု ပြောသည်။
ထိုသို့ ပိတ်မိနေသည့် ကျမ်းစာသင်ကျောင်းသား ၃၂ဦးကို မေ လ ၁၆ရက်က မြန်မာနိုင်ငံသို့ ပြန်ရန် ကနဦး စီစဉ်ထား သော်လည်း အိန္ဒိယဗဟိုအစိုးရ၏ ခွင့်ပြုအမိန့် မရရှိသည့် အတွက် နောက်ကျသွားရခြင်းဖြစ်ကြောင်း သိရသည်။
တချို့ကျောင်းသားများက ကျောင်းပြီးသွားပြီဖြစ်၍ ပြန်လာခြင်းဖြစ်ပြီး တချို့မှာ မည်သည့်ကာလမှ ကျောင်းပြန်ဖွင့် မည်ကို မသိသဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ပတ်သက်၍ ချင်းပြည်နယ် မြောက်ပိုင်းသည် အိန္ဒိယနှင့် နီးကပ်စွာ တည်ရှိသဖြင့် တရားဝင် သွားရောက်အလုပ်လုပ်သူ နည်းပါး၍ အတိအကျ ပြောနိုင်ရန် ခဲယဉ်းကျောင်း ချင်းလူမှုရေးဝန် ကြီးကဆိုသည်။
သို့သော် တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် ချင်းလူမျိုး ၆၉၃ဦးနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူ ၁၉၅ဦးတို့ လည်း မြန်မာနိုင်ငံသို့ ပြန်လာရန်ရှိကြောင်း ချင်းလူမူရေးဝန်ကြီးက ထည့်သွင်းပြောကြားသည်။
ထိုပြင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည် ၃၀၀၀နီးပါးသည် COVID-19 ရောဂါကာကွယ်ရေးကာလ အတွင်း Lockdown ချထားမှုကြောင့် အလုပ်မရှိသဖြင့် နေထိုင်စားသောက်မှု ခက်ခဲပြီး ဒုက္ခရောက်နေရသည် ဟု နယူးဒေလီ အခြေစိုက် ချင်းဒုက္ခသည် အသိုင်းအဝန်းမှ သိရသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို
တရုတ်နယ်စပ် တင်းကျပ်မှုကြောင့် မြန်မာကုန်ကား ၂၀၀၀ ခန့် ပိတ်မိနေ
COVID-19 ကြောင့် အိန္ဒိယတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၂၀၀ နီးပါးရှိနေ