“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တောင်ပိုင်း ၁၇၁ စစ်ဒေသအတွင်း ဖမ်းဆီးမိသည့် မူးယစ်ဆေးပြား ၃ ဒသမ ၅သန်းနှင့် သယ်ဆောင်သူ များကို UWSAက အစိုးရထံသို့ ယမန်နေ့က လွှဲအပ်လိုက်သည်။
UWSA ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်း က “လွှဲပြောင်းတဲ့ နေရာကတော့ ဝ ပြည်နယ် တောင်ပိုင်း ကျနော်တို့ရဲ့ ထိန်းချုပ် နယ်မြေ “ဟွေအော”မှာပေါ့။ ဒီလိုမျိုးပဲ အရင်ကတည်းက ဖမ်းဆီးရမိမှုတွေက ကျနော်တို့ အစိုးရ သက်ဆိုင်ရာကို လွှဲပြောင်းပေးနေကြပါ” ဟု ပြောသည်။
UWSA ၏ တပ်မဟာ (၇၇၂) လက်အောက်ခံ တပ်ရင်း တရင်းသည် မူးယစ်မှောင်ခို တဖွဲ့ နယ်စပ်ကို ဖြတ်ရန် ကြိုးပမ်း နေကြောင်း သတင်းအရ မြန်မာ- ထိုင်းနယ်စပ်နှင့် ၃ မိုင် အကွာရှိ လွယ်ထွေး တောင်ကြောတွင် မေလ ဒုတိယပတ် အတွင်း ကင်းလှည့် ရှာဖွေမှုများ ဆောင်ရွက်နေခဲ့သည်။
မေလ ၁၄ ရက် ည ၉ နာရီတွင် မှောင်ခိုသမား ဟု ယူဆရသူ အယောက် ၄၀ ကိုတွေ့ရှိပြီး ထို သူများကို မေးမြန်းရာ ၎င်းတို့ က တုံ့ပြန် ပစ်ခတ်လာသဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း မှောင်ခိုသမား ဟု ယူဆရသူများဘက်မှ ၁ ဦး သေဆုံးပြီး၊ ၁ ဦး အရှင် ဖမ်းမိခဲ့ကြောင်း UWSA ထံက သိရသည်။
ထို့ပြင် WY 999 စာတမ်းပါ အထုတ်ကြီး ၃၅ ထုပ်နှင့် အသေး ၁ ထုပ် စုစုပေါင်း ဆေးပြား အလုံးရေ သုံးသန်း ငါးသိန်း တ သောင်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း UWSA က ဆိုသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့် မူးယစ်ဆေး သယ်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ထံ လွှဲပြောင်းပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း (UWSA) ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ထွက်ပြေးတဲ့သူတွေလည်း ရှိနေတော့ ဒီကိစ္စ လည်း မပြီးသေးတဲ့ အခါ တချို့ကိစ္စတွေ ပြောလို့ မသင့်တော်သေးပါဘူး။ သေချာတာ တခုက အဲဒီလူတွေ တော်တော် များများက ကျနော်တို့ မြန်မာပြည်ဘက် အခြမ်းက လူတွေပါပဲ” ဟု ပြောဆိုသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ မူးယစ်ဆေးဝါး လွှဲပြောင်းမှု တွင် တပ်မတော်ဘက်က ကိုယ်စားလှယ်များ ပါဝင်ရခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အထောက်အကူ ပေးရန်ဖြစ်ကြောင်း ရှင်းပြသည်။
“အဲဒီဘက်မှာက EAO တွေနဲ့ ဆက်ဆံရတဲ့ ဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့က သွားရောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို အထောက်အကူပြုတဲ့ အနေနဲ့ လိုက်သွားပေးတာပေါ့။ ကျနော်တို့ကတော့ ဒီဟာနဲ့ ပတ်သက်ရင် လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ။ အမှုဖွင့်တာတို့ ဘာတို့ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်မှာပေါ့” ဟု ၎င်းက ပြောဆို သည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် မူးယစ်ဆေးဝါးများ ဖမ်းမိပါ က ဖမ်းမိသည့် မူးယစ်ဆေးဝါးများသည် UWSA ၏ ၁၇၁ စစ်ဒေသက လာသည်၊ UWSA က မူးယစ်ဆေး ထုတ်နေသည် ဟု ထိုင်းအာဏာပိုင်များက စွပ်စွဲလေ့ ရှိကြောင်း ဆိုသည်။
UWSA ကလည်း ယင်းစွပ်စွဲမှုများ မဟုတ်မမှန်ကြောင်း ခြေဖျက်နိုင်ရန် မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများ ဆောင် ရွက်ခြင်း မူးယစ် တရားခံများကို မြန်မာ အစိုးရဘက်သို့ လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လေ့ ရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
“ထိုင်းနယ်စပ်မှာ “ဝ” ရဲ့ ၁၇၁ စစ်ဒေသနဲ့ ပတ်သက်လို့ မူးယစ်ဆေးဝါး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ များပြားနေတဲ့ အချိန်မှာ “ဝ”အဖွဲ့အနေနဲ့ သူတို့ မလုပ်ဘူူး။ သူတို့က မူးယစ်ဆေးဝါးကို နှိမ်နင်းရေး လုပ်နေတာကို ဖော်ပြချင်လို့ ဆောင် ရွက်တာလို့ပဲ ပြောချင်ပါတယ်” ဟု ဦးမောင်မောင်စိုးက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် UWSA ကဲ့သို့ပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဆောင်ရွက်နေသည် ဟုဆိုကြပြီး လက်တွေ့လည်း မူူးယစ်ဆေးဝါး နှိမ်နင်းရေးကို ဆောင်ရွက် လုပ်ကိုင်လျက်ရှိသည်။
သို့သော် အခြားတဖက်တွင် နိုင်ငံတကာရှိ မူးယစ်ဆေးဝါး ကျွမ်းကျင်သူများကမူ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များသည် မူးယစ်းဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် မကင်းကြကြောင်း သုံးသပ်ထားသည်များလည်း ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်က ထုတ်သည့် ဗြိတိန် အခြေစိုက် Jane’s Defense Weekly က ထုတ်သည့် New Strategy to Address Escalating Insurgency in Western Myanmar leaves Military Locked in to Conflict’ ဆိုသည့် စာတမ်း တွင် တပ်မတော်က လက်နက်ဖြုတ်သိမ်းလိုက်သည့် ကောင်းခါးပြည်သူ့စစ်သည် သန့်စင်မှု မြင့်မားသည့် မက်သာဖက် တမင်း အခဲ များကို ထုတ်လုပ်နေပြီး ရက္ခိုင် စစ်တပ် (AA) က ကောင်းခါးထုတ် မူးယစ်ဆေးများကို ရခိုင်ပြည်နယ်မှ တဆင့် နိုင်ငံခြားသို့ တင်ပို့နေသည်ဟု ရေးသားထားသည်။
AA အဖွဲ့ကမူ Jane’s Defense Weekly ကထုတ်သည့် စာတမ်းသည် တပ်မတော် ထောက်လှမ်းရေး၏ မဟုတ်မမှန် ပြော ဆိုမှုများကို ကိုးကား ရေးသားထားခြင်း ဖြစ်ပြီး ကောင်းခါးပြည်သူ့စစ်နှင့်လည်း ပတ်သက်မှု မရှိကြောင်း ကြေညာချက် တစောင် ထုတ်၍ ပြန်လည် ရှင်းလင်းခဲ့သည်။
Jane’s Defense Weekly ၏ စာတမ်းတွင် ကောင်းခါး ပြည်သူ့စစ်က နှစ်ပေါင်းများစွာ မူးယစ်ဆေး ထုတ်နေမှုကို တပ် မတော်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းအချို့က သိရှိသော်လည်း မသိကျိုးကျွံ ပြုနေခဲ့ပြီး ကောင်းခါး ပြည်သူ့စစ်သည် AA နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သိရသည့် အခါမှသာ AA ၏ မူးယစ်ဆေးမှ ရနေသည့် ဝင်ငွေများကို ဖြတ်တောက်ပစ်ရန် ကောင်းခါးအဖွဲ့ကို လက်နက်ဖြုတ်လိုက်ခြင်း ဖြစ်ကြောင်း ပါရှိသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်သည် မူးယစ် ဆေးဝါး နှိမ်နင်းရေးကို ၁၉၇၅ ခုနှစ်ကတည်းက စစ်ဆင်ရေးကြီးများ ဆင်နွှဲ၍ တိုက်ဖျက်နေခဲ့ပြီး ယင်းစစ်ဆင်ရေးများ အတွင်း တပ်မတော် စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အသက်ပေါင်းများစွာ ပေးလှူခဲ့ရသည် ရှိကြောင်း ဧရာဝတီသို့ ပြော သည်။
“ဒါတွေ (မူးယစ်ဆေး) တော်တော်များများက ရှမ်းအရှေ့ဘက်မှာ ရှိနေတဲ့ လက်နက်ကိုင်တွေ တော်တော်များများနဲ့ မကင်းကြဘူး။ သူတို့ရဲ့ ကာကွယ်မှုအောက်မှာပဲ ဒါတွေက ထုတ်လို့ရနေတာလေ” ဟု ပြောဆိုသည်။
ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ကမူ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း မြန်မာ့ သမိုင်း၌ အကြီးဆုံးနှင့် အအောင်မြင်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးကို ပြုလုပ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က အတည်ပြုကြောင်း မေလ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မက်သာဖက်တမင်း ၁၈ တန်နီးပါး အပါအဝင် မီသိုင်းဖန်တလိုင်းနှင့် အခြား မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရာတွင်အသုံးပြုသည့် ဓာတု ပစ္စည်းများ၊ ဓာတ်ခွဲခန်း စသည့် ဆက်စပ်ပစ္စည်းနှင့် အဆောက်အအုံများကိုလည်း တခါမျှ မမိ ဖူးသေးသည့် ပမာဏဖြင့် သိမ်းဆည်းရမိသည်ဟု ထိုကြေညာချက်တွင် ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်း ကျေးရွာနှင့် အနီးတဝိုက်တွင် တပ်မတော်၏ အကူအညီဖြင့် ဖေဖော် ဝါရီလ၂၀ ရက်မှ ဧပြီလ ၉ ရက်အထိ ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးအတွင်း ဤမျှများပြားသည့် မူးယစ်ဆေးဝါးလုပ်ငန်း စုကြီးကို ဖော်ထုတ်ရရှိခဲ့ခြင်း ဖြစ်သည်ဟု UNODC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မက်သာဖက်တမင်း ၁၇ ဒသမ ၄ တန်နှင့် ညီသော ရာဘ မူးယစ်ဆေးပြား ၁၉၃ ဒသမ ၅၅ သန်း၊ ခရစ္စတယ် မက်သမ်ဖက် တမင်း ၅၀၀ ကီလိုဂရမ်ကျော်၊ အက်ဖက်ဒရင်း ၆၃၀ ကီလိုဂရမ်၊ မီသိုင်း ဖန်တယ်လင်း ၃,၇၄၈ လီတာ၊ ဘိန်းဖြူ ၂၉၂ ကီလိုဂရမ်၊ ဘိန်းမည်း ၅၈၈ ကီလိုဂရမ်နှင့် မော်ဖင်း ၄၉ ကီလိုဂရမ်၊ ကက်တမင်း ၆ ဒသမ ၈ ကီလိုဂရမ်နှင့် အခြားဓာတု ဆေးပစ္စည်းများ ၃၅ တန်ခွဲ၊ အရည် ၁၆၃ လီတာ သိမ်းဆည်းရမိသည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုသို့ များပြားသည့် ပမာဏဖြင့် ဖမ်းဆီးရမိမှုများရှိနေသော်လည်း COVID –19 ဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်မှာပင် မြန်မာနိုင်ငံ တွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်မှု နှုန်းသည် ကျမသွားဘဲ ပုံမှန် တိုးနေကြောင်း UNODC ၏ ထုတ်ပြန်ချက်အရ သိရ သည်။
ဆက်စပ်ဖတ်ရှုရန်
ကောင်းခါးပြည်သူ့စစ်နှင့် AA မူးယစ်ကုန်သွယ်မှုတွင် ဆက်စပ်မှုရှိနေဟုဆို
အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး
ရှမ်း/မြောက် မူးယစ်ဆေးအမှု ပြည်သူ့စစ်ခေါင်းဆောင်များနှင့် လက်နက်တထောင်ကျော် ထိန်းသိမ်း