မန္တလေးမှ ပြန်ဖွင့်ရန် စာရင်းပေးထားသော ဟိုတယ်များ၌ ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ထားမှု အပေါ် ယခုတပတ် အတွင်း ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (မန္တလေး ဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က ဧရာဝတီကို ပြောသည်။
“ဒီနေ့အစည်းအဝေးမှာ ဝန်ကြီးက ကွင်းဆင်းစစ်ဆေးမယ့် အဖွဲ့တွေ ဖွ့ဲပေးမယ်လို့ ကြားပါတယ်။ ဒီတပတ် ထဲလောက် ကွင်းဆင်းစစ်တာတွေ စနိုင်မယ်လို့ ယူဆပါတယ်။” ဟု ဦးမင်းနိုင်က ဧရာဝတီသို့ မနေ့က ပြောသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရန် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ် ၁ ဦးဆီ ပါဝင်ကာ အဖွဲ့ ၁ ဖွဲ့ကို တိုင်းအစိုးရက ဖွဲ့စည်း ပေးမည်ဖြစ်သည်။
မန္တလေး၌ ဟိုတယ် ၂၉၅ လုံးရှိသည့်အနက် လုပ်ငန်းပြန်လည်ဖွင့်လှစ်ရေး ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထား ရှိ မှုများ စစ်ဆေးခံရန် တင်ပြသော ဟိုတယ် ၇၀ ခန့်ရှိကြောင်း၊ ယင်းတို့ကို ဦးစွာ ကွင်းဆင်း စစ်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
“တချို့ကလည်း မသိသေးတော့ စာရင်းမပေးသေးတာ ရှိတယ်ပေါ့။ အခုကတော့ တိုင်းအစိုးရက စစ်ဆေးဖို့ အဖွဲ့ဖွဲ့ ပေးပြီး စာရင်းပေးထားတဲ့ ဟိုတယ်တွေကို အရင်ကွင်းဆင်းစစ်မယ်။ ပြီးရင် တိုင်းကို တင်ပြပြီး ခွင့်ပြုရင် ပြန်ဖွင့်ခွင့်ရ မှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း လုပ်ငန်းများ အား အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့ ပြန်လည်ဖွင့်လှစ်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့သို့ တင်ပြ၍ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုခံယူ ဆောင်ရွက်ထားရှိရမည်ဟု ယခုလ ၃ ရက်နေ့က ထုတ်ပြန်ထား သည်။
ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ရှိဌာနက အဆိုပါ လုပ်ငန်းများ၌ ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် ညွှန်ကြားချက် ၅၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းအချက်များ ပြည့်စုံစွာ ဆောင်ရွက်ထားရှိပြီးပါက စစ်ဆေးမှုခံယူရမည်ဟု သိရသည်။
သတ်မှတ်ထားသည့်အချက်များ အတိုင်း ပြည့်စုံမှုရှိပါက တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ပြန်လည် ဖွင့်လှစ် လုပ်ကိုင်ခွင့်ရရှိ မည်ဖြစ်သည်။
အောင်မြင့်မိုရ်ဟိုတယ်ပိုင်ရှင် ဦးမြင့်အောင်က “ဖွင့်ဖို့ပြင်ဆင်ခိုင်းထားတဲ့ အချက်တွေ အားလုံး နီးပါးလုပ် ပြီးသွားပြီ။ လာစစ်ဆေးဖို့ စာရင်းပေးထားတယ်။ ဘယ်နေ့လာစစ်မယ် ဆိုတာတော့ မသိရ သေးဘူး။ သူတို့သတ်မှတ် တဲ့ အချက်တွေကလည်း အရမ်းအခက်အခဲ မရှိတာမို့ အကုန်အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မူလက ဟိုတယ်များ လိုက်နာဆောင်ရွက်ရန် ၅၉ ချက်ကို ထုတ်ပြန်ရာ လုပ်ငန်းရှင်များဘက်မှ အချက်၂ ချက် ဖြေ လျှော့ပေးရန် တောင်းဆိုသဖြင့် သက်ဆိုင်ရာဌာနက ဖြေလျှော့ပေးခဲ့ပြီး ယင်း ၂ ချက်မှာ ဟိုတယ်ရှိဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး၊ ရောဂါပိုး စစ်ဆေးမှုမှာ ကုန်ကျစရိတ်ကြီးခြင်း၊ အလွယ် တကူစစ်ဆေး၍ မရနိုင်ခြင်း၊ အချိန်စောင့်ဆိုင်းရန် လိုအပ်ခြင်း စသည့် အခက်အခဲများကြောင့် လုပ်ငန်းရှင်များဘက်က တင်ပြခဲ့သည့်အတွက် ပြန်လည်ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။
“အခုက လေကြောင်းလိုင်းတွေလည်း ပြန်မဖွင့်သေးဘူး၊ နိုင်ငံခြားသားဧည့်ကလည်း မျှော်မရသေးတဲ့ အနေအထား ရယ်၊ ဘတ်ဂျက် အခက်အခဲတချို့ ရှိတာတွေရော ဆိုတော့ ဟိုတယ်တချို့လည်း အလောတကြီး ပြန်ဖွင့် ဖို့မလုပ်သေး ဘဲ အခြေအနေစောင့်ကြည့်နေတုန်းပါပဲ။ အန်ကယ်တို့ကျတော့ သူများဖွင့်တော့ ကိုယ့်လုပ်ငန်းကို ပြန်ဖွင့်ထားတဲ့ သဘောပဲရှိပါတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်ဦးမြင့်အောင်က ပြောသည်။
လက်ရှိတွင် ကိုဗစ်၁၉ ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပိတ်ထားဆဲဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများကို မျှော်မှန်းမရသည့် အခြေအနေဖြစ်သလို ပြန်လည်ဖွင့်လှစ်ရန် စာရင်းပေးထားသည့် ဟိုတယ် အများစုသည်လည်း မူလရှိသော ဝန်ထမ်းအရေအတွက်၏ ထက်ဝက်ခန့်ဖြင့်သာ လုပ်ငန်းလည်ပတ်မှုကို စတင်ရန် စီစဉ်နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ဆက်စပ်လင့်
နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲခွင့် ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်
နေပြည်တော် ဒုမြို့တော်ဝန် ဦးဆောင်သည့် စီးပွားရေး ကုစားရေး ကော်မတီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်