COVID-19 ရောဂါကို ဖြစ်စေသည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး အန္တရာယ်မှ ကာကွယ်ရန် ဟုဆိုကာ ကလိုရင်း ပါဝင်သော ဆေးရည်များ လူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ဆေးဖျန်းခြင်း လုံးဝ မပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) က သတိပေးချက် ထုတ်ပြန်လိုက်သည်။
မေလ ၁၉ ရက်က ထုတ်ပြန်လိုက်သည့် သတိပေးချက်တွင် အရက်ပြန် (သို့) ကလိုရင်း ပါဝင်သော ပိုးသတ်ဆေး ရည်များ ခန္ဓာကိုယ်ပေါ် ပက်ဖျန်းခြင်းက လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီးသော ကိုရိုနာဗိုင်းရပ်စ်ပိုးကို မသေစေ နိုင်ဘဲ လူကိုသာ အန္တရာယ်ဖြစ်စေနိုင်သည်ဟု သတိပေးထားသည်။
ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေါက်တာ ကျော်စွာဦးက “စေတနာလို့ ဆိုပေမယ့် အသိဉာဏ်နဲ့ယှဉ်တဲ့ စေတနာပဲ ဖြစ်သင့်တယ်။ တချို့က စေတနာနဲ့ ဖျန်းတာ လုပ်တာပဲ ဆိုသော်လည်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာ နိုင်တယ်။ တချို့က သင်္ကြန်ရေပတ်သလိုပဲ လိုအပ်လည်းဖျန်း၊ မလိုအပ်လည်းဖျန်း။ တချို့နေပူထဲမှာ ဖျန်း။ ဒါတွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိသလို အကျိုးသက်ရောက်မှုကလည်း အာနိသင်တချို့က ပျက်ပြယ်သွားတာ ရှိပါတယ်” ဟု ထောက်ပြပြောဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခင်ကတည်းက လူ့ခန္ဓာကိုယ်ပေါ် ဖျန်းရန် လမ်းညွှန်ချက်များ မရှိသော်လည်း တချို့က အစိုးရိမ်လွန်ကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖျန်းကြခြင်း ဖြစ်ကြောင်း၊ အများပြည်သူသုံး ယာဉ်များ၊ ကိုဗစ် လူနာနေသွားသည့် နေရာများကို ဖျန်းသင့်သည်ဆိုသော်လည်း မလိုအပ်သည့် နေရာများကို လိုက်ဖျန်းခြင်းက ပိုက်ဆံ လည်း ကုန်သလို ဘေးထွက်ဆိုးကျိုးများကိုလည်း ရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
“လက်ဆေးဖို့က အဓိကပဲ။ ပြီးရင် လက်နဲ့ နှာခေါင်း၊ ပါးစပ်တွေ မကိုင်မိဖို့။ အပြင်ထွက်တိုင်း mask (နှာခေါင်းစည်း) တပ်ဖို့။ တဦးနဲ့တဦး ခပ်ခွာခွာနေဖို့။ လူစုလူဝေးရှောင်ဖို့ အဲဒါက အခြေခံ အကျဆုံးပဲ။ ပိုးက ခန္ဓာကိုယ်ထဲ ဝင်သွားပြီး ရင် ဘာနဲ့မှ ဖျန်းလို့မရပါဘူး။ အဲဒီ concept (အယူအဆ)ကို ရစေချင်တာပါ” ဟု ဒေါက်တာ ကျော်စွာဦးက ဆိုသည်။
ပိုးသန့်စင်ဆေးရည်ကြောင့် အရေပြားနှင့် မျက်စိကို ထိခိုက်စေခြင်း၊ ပါးစပ်အတွင်းဝင်ပါက Mucous Membrane (နှာ ခေါင်း၊ ပါးစပ်၊ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ချွဲမြှေး)များ ထိခိုက်ပျက်စီးခြင်းနှင့် အငွေ့ကို ရှူရိုက်မိပါက အသက်ရှူလမ်း ကြောင်း ထိခိုက်စေခြင်းတို့ ဖြစ်စေနိုင်ကြောင်း WHO က သတိပေးထားသည်။
စစ်ကိုင်းတိုင်း ကွန်ပျူတာ ပညာရှင်များအသင်း ဥက္ကဋ္ဌ ကိုဇော်သူရိန်ထွန်းက “ကြိုဆိုပါတယ်။ ဒါက ထုတ်ပြန်သင့်တာ ကြာလှပြီ။ နည်းနည်းတောင် နောက်ကျနေတယ်လို့ ပြောလို့ရတယ်” ဟု မှတ်ချက်ပြုသည်။
လေထဲကတဆင့်၊ အသက်ရှူလမ်းကြောင်းမှ ဝင်ရောက် ကူးစက်တတ်သည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရန် လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်းက မည်သို့မျှ အကျိုးသက်ရောက်မှု မရှိဟု ၎င်းက ယူဆသည်။
ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် အောက်ခြေ ပြည်သူများအထိ သတိပြုလိုက်နာနိုင်ရန် ခရိုင်/မြို့နယ် ထွေအုပ်များ နှင့် ညှိနှိုင်းပြီး ညွှန်ကြားစာများ ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ ထိုမှတဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများက ရပ်ကွက်အတွင်း လိုက်လံကြေညာပေးမှုများ ပြုလုပ်သင့်ကြောင်း ကိုဇော်သူရိန်ထွန်းက အကြံပြုသည်။
MOHS ၏ ထုတ်ပြန်ချက်အရ COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်း နေရာတချို့၌ အလုံခန်းငယ်များ အသုံးပြုကာ လူခန္ဓာကိုယ်ပေါ်သို့ ကလိုရင်း(သို့) ကလိုရင်း ကွန်ပေါင်း ပါဝင်သော ပိုးသန့်စင်ဆေးရည်၊ တခြား ဓာတုဆေးရည် အပျော့စားများဖြင့် စက္ကန့် ၂၀ မှ ၃၀ အထိ အလိုအလျှောက် ဖျန်းပေးခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ လူ့ခန္ဓာကိုယ်ပေါ်သို့ ပက်ဖျန်းခြင်းဖြင့် ပိုးသန့်စင်ပေး၍ မရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ ကြေညာ ချက်ကို ကိုကားပြီး ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် လူခန္ဓာကိုယ်နှင့် အဝတ်အစားများ ပိုးသတ်သန့်စင်ရန်အတွက် အဝတ်အထည်များကို ဆပ်ပြာနှင့် မိနစ် ၃၀ စိမ်၍ ချက်ချင်း လျှော်ဖွပ်ပြီး အခြောက်ခံခြင်း၊ လူ့ အရေပြားနှင့် ခန္ဓာကိုယ်ကို ရေနှင့်ဆပ်ပြာ အသုံးပြု၍ ရေချိုးသန့်စင် ခြင်းတို့ကသာ အထိရောက်ဆုံးနှင့် ဘေးအကင်းဆုံး နည်းလမ်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထား သည်။
COVID-19 ကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် ကြေးနီပေါ်တွင် ၄ နာရီခန့်၊ ကတ်ထူပြားပေါ်တွင် ၂၄ နာရီခန့်၊ ပလပ်စတစ်နှင့် စတီးလ်များပေါ်တွင် ၇၂ နာရီအထိ အသက်ရှင် တင်ကျန်နိုင်ကြောင်း WHO က ထုတ်ပြန်ထားရာ ၎င်း တို့အသင်းမှ လူနာတင်ယာဉ်များကို ကလိုရင်း ပါဝင်သည့် ပိုးသတ်ဆေးဖျန်းကာ ပိုးသတ်လေ့ ရှိကြောင်း မြင့်မြတ် စေ တနာ ပရဟိတအသင်း(မှော်ဘီမြို့)မှ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဖြိုးပြည့်စုံက ပြောပြသည်။
“အခုက လူနာနဲ့ လူနာရှင်တွေကလည်း လူနာတင်ယာဉ် အခမဲ့ ပို့ပေးတာတောင် သူတို့ စီးရမှာ စိတ်ထဲမှာ ကြောက် တယ်ပေါ့။ ကိုဗစ်လူနာ တင်ထားတဲ့ ကားလားဆိုပြီး။ အဲဒီတော့ သူတို့ စိတ်ရှင်းအောင် မော်တော်ယာဉ်ထဲမှာ အလို အလျှောက် ဆေးဖျန်းတဲ့ စနစ်နဲ့ ဆောင်ရွက်ထားတယ်” ဟု ၎င်းက ပြောသည်။
အသင်းတွင် လူနာတင်ယာဉ် ၅ စီးရှိပြီး ယာဉ်အားလုံးသည် မှော်ဘီ-ရန်ကုန် တောက်လျှောက် သွားနေရသဖြင့် အချိန် ကြာကြာ နေပူလှမ်းရန် အခက်အခဲရှိသည့်အတွက် ပိုးသတ်ဆေး ဖျန်းရခြင်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ အဝတ်အစားများကို Dettol ဖြင့် ဖျန်းခြင်း ပြုလုပ်လေ့ရှိကြောင်း ကိုဖြိုးပြည့်စုံက ရှင်းပြ သည်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိသောသူ၏ လူ့ခန္ဓာကိုယ်ပေါ်သို့ ပိုးသတ်ဆေးဖျန်းထားစေကာမူ အဆိုပါ ပိုးရှိသူ နှာချေ၊ ချောင်း ဆိုး၊ စကားပြောခြင်းတို့မှ ထွက်လာသည့် ရောဂါပိုးပါရှိသော အစက်အမှုန်များသည် အခြားသူထံသို့ အသက်ရှူလမ်း ကြောင်းမှ တဆင့်ဖြစ်စေ၊ ၎င်းအစက်အမှုန်များကို ကိုင်တွယ်မိသည့်လက်နှင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ် မိခြင်းမှတဆင့်ဖြစ်စေ ကူးစက်နိုင်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရန် ခန္ဓာကိုယ်ပေါ် ကလိုရင်း (သို့) တခြား ဓာတုဆေးရည်များဖြင့် ပက်ဖျန်း၍ ပိုး သန့်စင်ခြင်း လုံးဝမပြုဘဲ ဆပ်ပြာနှင့်ရေကို အသုံးပြု၍ မကြာခဏ စနစ်တကျ လက်ဆေးခြင်း၊ တတ်နိုင်သမျှ မိမိအိမ် ၌သာ နေထိုင်ခြင်း၊ တဦးနှင့်တဦး အနည်းဆုံး ၆ ပေအကွာ နေခြင်း၊ လုပ်ငန်းခွင်အတွင်း အကာအရံများဖြင့် ခြားထား ခြင်း၊ နှာခေါင်းစည်း/မျက်နှာအကာ စနစ်တကျ တပ်ဆင်ခြင်း၊ အများသုံး ပစ္စည်းများ၊ မျက်နှာပြင်များကို မကြာခဏ ပိုး သတ် သန့်စင်စေခြင်း စသည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် MOHS က လမ်းညွှန် တိုက်တွန်းထားသည်။
မေလ ၂၁ ရက် နံနက် ၇ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၉၉ ဦး၊ ရောဂါပိုး ကင်းစင် လာသူ ၁၀၈ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိ ရသည်။
ဆက်စပ်ဖတ်ရှုရန်
မြန်မာနိုင်ငံမှာ ၄ ရက်အတွင်း မလေးရှားပြန် ၉ ယောက်ထံ ကိုဗစ်ပိုးတွေ့
ပိုးတွေ့မှုအများဆုံး အင်းစိန်မှာ COVID-19 ကာကွယ်ရေး ဘယ်လိုလုပ်နေလဲ