COVID-19 ကြောင့်၂ လနီးပါး ပိတ်ထားရသော မန္တလေးဈေးချို အပါအဝင် ဈေးကြီး ၇ ဈေးမှာ မေလ ၂၂ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နှင့် အထက်မြန်မာပြည် အတွက် အရေးပါသော လက်ကားဈေးကြီး ၇ ခု ဖြစ်သော ဈေးချို၊ တောင်မြောက် တိုက်တန်းကြီး၊ မန်းမြန်မာ ပလာဇာ၊ ရွှေကံ့ကော်ရုံ၊ ဈေးချို ပလာဇာ၊ ရတနာပုံဈေးနှင့် ဈေးချိုညဈေး တို့တွင် COVID-19 ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများအား စစ်ဆေးပြီး ပြည့်စုံသဖြင့် ပြန်လည် ဖွင့်ခွင့်ပေးခြင်း ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
မန္တလေး ဈေးချို ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက “မြို့ရဲ့ သုံးပုံတပုံလောက်က ဒီဈေးကြီး တွေကို မှီခို လုပ်ကိုင်နေတာဖြစ်တော့ ဈေးတွေ ပြန်ခွင့်ရတော့ မြို့စီးပွားရေး အတွက်ကော၊ အလုပ်အကိုင် အခွင့် အလမ်းအတွက်ပါ ပြန်အဆင်ပြေသွားတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဈေးကြီးများကို အပတ်စဉ် ဥပုသ်နေ့မှ လွဲ၍ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်သွားမည် ဖြစ် ကြောင်း သိရသည်။
ဈေးကြီးများ ပြန်လည် ဖွင့်ခွင့်ရပြီဖြစ်သော်လည်း ဈေး၏ အဓိက ဝင်ပေါက်များ၌ ဈေးဝယ်၊ ဈေးသည်များအား ကိုယ် အပူချိန် တိုင်းတာခြင်း၊ လက်ဆေးနိုင်ရန် စီစဉ်ထားရန်၊ ဆိုင်တိုင်းတွင် လက်ဆေး ဆပ်ပြာများ ထားရန်၊ အချိန် ပြည့် စနစ်တကျ Mask တပ်ရန်၊ Social Distancing အတွက် ၈ ပေ ပတ်လည် ဆိုင်ခန်း တခန်းလျှင် ပိုင်ရှင်နှင့် အရောင်း ဝန်ထမ်းတဦးစီသာ ထားရန် စသော ညွှန်ကြားချက်များအား လိုက်နာရန်နှင့် မလိုက်နာပါက ဆိုင်ဖွင့်ခွင့် ၃ ရက် ပိတ် သည်အထိ စည်းကမ်း တင်းကြပ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်၏ Facebook စာမျက် နှာမှ တဆင့် ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။
ဈေးချိုတွင် ဖွင့်လှစ်ထားသော ပရဆေးဆိုင် ပိုင်ရှင် ကိုအောင်ခန့်က “ဈေး ပြန်ဖွင့်ခွင့်ပေးတာ ကောင်းပါတယ်။ မဟုတ် ရင် အရောင်းအဝယ်က ရပ်ထားရတာက ကြာပြီလေ။ ကျနော်တို့ဘက်မှာကျတော့လည်း ဝန်ထမ်းလစာတွေလည်း ရှိ တော့ ရေရှည်ကျရင် အဆင်မပြေဘူး။ ဒါကြောင့် မနက်ဖြန် ဆိုင်စဖွင့်မယ်။ နယ်ပြန်သွားတဲ့ ဝန်ထမ်းတွေကိုလည်းပြန် ခေါ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဈေးများ အတွင်း ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား စည်ပင် ကော်မတီက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သလို လက်ရှိ ဈေး ဖွင့်ဖွင့်ချင်း ကာလအတွင်း ဈေးပတ်ဝန်းကျင်ရှိ အစားအသောက်နှင့် အဝတ် အထည်များ ရောင်းချသော ပျံကျဈေးသည်များအား ဈေးရောင်းချခွင့်ကို ယာယီ ကန့်သတ်ထားမည်ဟု ဈေး အကျိုး တော်ဆောင် အဖွဲ့က သိရသည်။
မန္တလေး စည်ပင်နယ်နိမိတ်ရှိ ဈေးပေါင်း ၄၁ ဈေးအား မတ်လ ၁၆ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်ပေးပြီးနောက် ဒုတိယ ဦးစားပေးတွင် ပါဝင်သော အထက်ပါ ဈေးကြီး ၇ ခုအား မေ ၂၂ ရက်တွင် ပြန်ခွင့်ပြုခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတိုင်းရှိ တားမြစ်ချက်များ ဦးစားပေး အဆင့် ၃ ဆင့်ဖြင့် ဖြေလျှော့မည်
မန္တလေးဟိုတယ်များ ကျန်းမာရေးလုပ်ဆောင်ချက် ကွင်းဆင်းစစ်ရန် စီစဉ်နေ