ရခိုင်ပြည်နယ်အတွင်း မိုးရာသီတွင် အချိန်နှင့် တပြေးညီ စပါးစိုက်ပျိုးနိုင်ရေး အစိုးရ အနေဖြင့် ကြိုတင် အစီအမံ များကို ထိရောက်စွာ ဆောင်ရွက်ပေးရန် မေလ ၂၁ ရက် နေ့က ကျင်းပသော ရခိုင်ပြည် နယ်လွှတ်တော် အစည်းအဝေးတွင် အဆိုတရပ် တင်သွင်းခဲ့သည်။
အဆိုအား မြေပုံမဲဆန္ဒနယ်အမှတ်( ၁ )မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုရှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က “လက်ရှိဖြစ် ပွားနေတဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဆန်စပါး စိုက်ပျိုးနိုင် ခြေနည်းတဲ့ အခြေအနေကို မြင်တွေ့နေရပါတယ်။ ဒေသခံ လယ်သမားတွေဟာ ကြောက်လန့်ပြီး စိုးရိမ် ပူပန်နေကြရပါတယ်။ မျိုးစပါး၊ ခိုင်းကျွဲ၊ ခိုင်းနွားတွေဟာလည်း ဆုံးရှုံး သွားပြီး။ ဒီအခြေအနေကို ကျေးလက် နေတောင်သူများအနေနဲ့ ကျော်လွားဖို့ မလွယ်တော့ပါဘူး။ အုပ်ချုပ်သူ အစိုးရများ၏ စီမံဆောင်ရွက်ပေးမှသာ ကျော်လွားနိုင်တော့မယ် ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆန်စပါး အဓိက စိုက်ပျိုးသည့် မြို့နယ် များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ စသည့်မြို့ နယ်များမှ ဒေသခံ ပြည်သူများမှာ လက်ရှိအချိန်တွင် အိုးအိမ် နှင့် လယ်ယာကိုင်းကျွန်းများကို စွန့်ခွာပြီး အသက်လုထွက်ပြေးနေရကာ စစ်ရှောင် စခန်းများတွင် ခိုလူံနေကြသည်။
ရခိုင်ပြည်လုံးဆိုင်ရာတောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံကတော့ လက်ရှိဖြစ်ပေါ်နေသည့် အနေအထားအရ လာမည့် စိုက်ပျိုးရာသီတွင် ကျေးလက်နေ တောင်သူများ အနေဖြင့် ဆိုးဝါးသည့် အခက်အခဲနှင့် ကြုံတွေ့ လာနိုင်သည်ဟု ဆိုသည်။
ဦးကျော်ဇံ က “ကျနော်တို့ လယ်သမားတွေကတော့ နဂိုကတည်းကလည်း ချွတ်ခြုံကျ လာတယ်။ တဆက်တည်းမှာ စစ်ဘေးဒဏ်ကြောင့် ပိုလို့ဆိုးဝါးလာတယ်။ ရာသီဥ တုလည်း ဖောက်ပြန်တာရှိတယ်။ ဒီနှစ်မှာဆို အင်မတန် ဆိုးဝါးတဲ့ အခြေအနေအောက်မှာ ရှိနေတယ်။ တောင်သူတွေဘဝ ရှေ့ဆက်လျှောက် ဖို့ဆိုတာ ဒီအခြေအနေမျိုးမှာ မလွယ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် စပါးစိုက် ရာသီအတွင်းက ရခိုင်ပြည်နယ်တွင် စစ်ဘေးဒဏ်ခံရမှု အပါအဝင်၊ လယ်ယာလုပ်သားရှားပါးခြင်း၊ အကျိုးအမြတ် မရှိခြင်းတို့ ကြောင့် လယ်မြေဧက ၂ သိန်းနီးပါး စိုက်ပျိုး နိုင်ခြင်း မရှိသည့်အတွက် စပါးအထွက်နူန်း ကျဆင်းခဲ့ကြောင်းလည်း ရခိုင်ပြည်နယ်လုံဆိုင်ရာ တောင် သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက က ထောက်ပြသည်။
၎င်းက “ဘာပဲ ပြောပြော လယ်သမား တွေအနေနဲ့တော့ ဒီနှစ်ဖို့သာ အခက်အခဲကြုံရမှာတော့ သေချာ ပေါက်ရှိနေတယ်။ သက်ဆိုင် ရာဝန်ကြီးဌာနများသို့ မကြာခဏတွေ့ ဆုံပြီးတော့ တင်ပြဆွေးနွေးခဲ့တယ်။ တလျှောက်လုံး ကျနော်တို့ကို ပြောဆို တင်ပြမှုတွေကို တစုံတရာ အလေးထားတုန့်ပြန်တာ မတွေ့ရဘူး” ဟု ဆိုသည်။
မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာသား ဦးထွန်းယိုင် က “မနှစ်ကတည်းက ကျနော်တို့ လယ်မထွန်ရတော့ ဒီနှစ် စပါးစိုက်ဖို့ မျိုးစပါးလည်း မရှိတော့ဘူး။ လယ်ထွန်မယ်ဆိုလည်း ကိုယ့်အသက် အာမခံချက်မရှိဘူး။ စစ်ကြောင်းလာရင် ပြေးရတယ်။ စက်နဲ့ ထွန်ရင်လည်း လှမ်းပစ်ခံရတာရှိတယ်။ အစိုးရကို တောင်းဆိုချင်တာကတော့ ကျနော်တို့ လယ်သမားတွေ လုံခြုံဖို့ လိုတယ်။ အဲဒါမှလည်း ဒီနှစ်လယ်ထွန်ဖို့ စဉ်းစားနိုင်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မြောက်ဦးမြို့နယ်အတွင်းက အောက်သားကန် ကျေးရွာတွင် ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွား ခဲ့သည့် အတွက် အသက် ၆၀ ကျော်အမျိုးသား ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးတို့ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက်ပိုင်း အောက်သားကန်ကျေးရွာသားများမှာ ရွာမှာ မနေရဲကြတော့ဘဲ ၎င်းမြို့နယ်အတွင်းက တိမ်ညို စစ်ဘေး ရှောင်စခန်းတွင် ဝင်ရောက်ခိုလှုံ နေထိုင်ကြရသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးအောင်ဝင်း၏ လာမည့် မိုးရာသီတွင် လယ်သမားများ စပါးစိုက်ပျိုးရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရန် သင့်၊ မသင့် သဘောထားရယူခဲ့ရာ ကန့်ကွက်သူ မရှိသည့်အတွက် လာမည့် ပြည်နယ်လွတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေး နွေးမည် ဖြစ်သည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက တိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွားခဲ့ပြီး စစ်ဘေးရှောင် အရေအတွက်မှာ ၂ သိန်းနီးပါးရှိသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှုှုံ့ခံရမှုများလည်း များပြား လာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
You may also like these stories:
မူးယစ်ဆေးပြား ၃ သန်းကျော်နှင့်အတူ ဖမ်းမိသူများ အစိုးရသို့ UWSA လွှဲအပ်
စစ်ရှောင်များအနေဖြင့် ဆောက်ပေးထားသည့် စခန်းများ၌သာ နေကြရန် ပြည်နယ်အစိုးရပြော