တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲဆိုထားသည့် အမှု ၄ မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ အမိန့်ချလိုက်သည်။
အမှု ၄ မှုအတွက် ၁ မှုလျှင် ထောင်ဒဏ် ၁၀ နှစ်စီကျခံရန် ဖြစ်သော်လည်း တတိယနှင့် စတုတ္ထအမှုတို့ကို တပေါင်း တည်းကျခံရန် အမိန့်ချမှတ်လိုက်သဖြင့် အမှု ၄ ခုပေါင်းအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ကျခံရမည် ဖြစ်ကြောင်း ဒေသတွင်းမီဒီယာ တခုဖြစ်သည့် Dawei Watch သတင်းဌာနတွင် ဖော်ပြထားသည်။
ပထမအမှုမှာ လမ်းဦးစီးသို့ ဘဏ္ဍာငွေ တလုံးတခဲတည်း ချပေးမှုနှင့် ဒေါက်တာလဲ့လဲ့မော် ခင်ပွန်းနာမည်နှင့် ဝယ်ထား သည့် မြေကွက်အား ခြံစည်းရုံးကာရံမှု၊ ဒုတိယအမှုမှာ ထားဝယ်လေယာဉ်ကွင်းခြုံရှင်းမှု၊ တတိယအမှုမှာ GGS ကုမ္ပဏီ က ပေးရမည့် သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန်မှုနှင့် စတုတ္ထအမှုမှာ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နှင့်မြေကို GGS ကုမ္ပဏီအားရောင်းခဲ့မှုနှင့် ယင်းကုမ္ပဏီအား ဆောက်လုပ်ရေးလုပ်ငန်းများချပေးသည်ဟု စွပ်စွဲခံရမှုတို့ ဖြစ်သည်။
တတိယနှင့် စတုတ္ထအမှုအတွက် GGS ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေးနှင့် ဒါရိုက်တာ ဦးအောင်မြတ်ကို ၁၀ နှစ်စီ တပေါင်းတည်း ကျခံရန်နှင့် စတုတ္ထအမှုတွင် ပါဝင်သည့် GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံကိုမူ ထောင်ဒဏ် ၅ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု မရှိခြင်း၊ တံစိုးလက်ဆောင်အဖြစ် ရယူကာ GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်များစွာ ချပေးခဲ့ခြင်းတို့ ပြုလုပ်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ပြီးခဲ့သည့် ၂၀၁၉ မတ်လအတွင်းက တရားစွဲဆိုခံရခြင်း ဖြစ်သည်။
ဒေါက်တာလဲ့လဲ့မော်အား အဆိုပါ ပုဒ်မဖြင့် အမှု ၄ မှုခွဲကာ တရားစွဲဆိုခဲ့ပြီး ယင်းအမှု ၄ မှုအနက် ၂ မှုတွင် Global Grand Services Co.Ltd (GGS) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက် တာ ဦးအောင်မြတ်နှင့် မန်နေဂျာ ဦးသူရအုံတို့ ၃ ဦးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ တို့ဖြင့် တရားစွဲဆိုခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က အဆိုပါအမှုများကို ရုံးချိန်းပေါင်း ၆၀ ကျော်ဖြင့် ၁ နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် အပြီးသတ်အမိန့် ချလိုက်ခြင်းလည်း ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ (သို့) နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ယင်းဥပဒေပါ ပုဒ်မ ၆၃ အရ မည်သူမဆို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြစ်မှုတရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း (သို့) စီမံခန့်ခွဲခြင်းပြုလျှင် ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေး ကူညီလျှင် ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည် ဖြစ်သည်။
ဒေါက်တာလဲ့လဲ့မော်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသူများအနက် ရာထူးအ မြင့်ဆုံးလည်း ဖြစ်သည်။
၎င်းသည် NLD ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့ နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အနိုင်ရရှိခဲ့သူ ဖြစ်သည်။