သတင်း

မြန်မာငှက်ပျော ဆာဗီးယားမှ ဝယ်ရန် ကမ်းလှမ်း

Want create site? Find Free WordPress Themes and plugins.

ဥရောပ နိုင်ငံဖြစ်သော ဆားဗီးယား ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (Chamber of Commerce and Industry of Republic of Serbia) က မြန်မာနိုင်ငံမှ ထွက်ရှိသော ငှက်ပျောသီးများ ဝယ်ယူ တင်သွင်းရန် အစိုးရသို့ ကမ်းလှမ်း လာကြောင်း သိရသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(MITC) ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက “ကျနော်တို့ ဆီက အခြေအနေ လာကြည့်ပြီးတော့ အဆင်ပြေရင် တောက်လျှောက် ဝယ်မှာ ဖြစ်တယ်။ မြန်မာပြည်ဘက်က လေကြောင်းလိုင်းတွေ စဖွင့်တာနဲ့ သူတို့ အမြန်ဆုံးလာမယ်။ ကွန်တိန်နာနဲ့ တရက်ကို အစီး ၄၀ လောက်အထိ လိုချင်တာ ဖြစ်တယ်။ လိုချင်တာက သီးမွှေး ငှက်ပျောမျိုး (Cavendish Green) အမျိုးအစား ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆားဗီးယားနိုင်ငံသည် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို အနည်းဆုံး ၃ နှစ်မှ ၅ နှစ်အထိ နှစ်ရှည် ဝယ်ယူ တင်သွင်း လို ကြောင်း၊ ဈေးနှုန်းနှင့် အရည်အသွေး စိတ်ချရမှု အပေါ် မူတည်၍ ၁ လလျှင် ပေ ၄၀ အရှည်ရှိသော ကွန်တိန်နာ အလုံး ၁၂၀ မှ အလုံး ၅၀၀၀ အထိ ဝယ်ယူလိုကြောင်း ဆားဗီးယားနိုင်ငံ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တင်သွင်းရာတွင် ဥရောပ သမဂ္ဂ၏ ငှက်ပျောတင်သွင်းမှု ဥပဒေသည် အလွန် တင်းကျပ်သောကြောင့် အရည်အသွေးနှင့် ထုပ်ပိုးမှု အတွက် မြန်မာဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူများက ညိုနှိုင်း အကြံပေးရန် အစီစဉ်များ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(Myanmar International Trade Center- MITC) ဝက်ဘ်ဆိုဒ်တွင် တရားဝင်ရေးသားထားသည်။

“သူက ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံထဲမှာ ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အရည်အသွေး သတ်မှတ်ချက် ပြည့်မီအောင်တော့ တင်ပို့မယ်ဆိုရင် လုပ်ပေးရမယ်။ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံထဲမှာ ပါတဲ့အတွက် မြန်မာကို ပေးထားတဲ့ တရားဝင် အခွန် သက်သာခွင့်ရမယ်။ မြန်မာအစိုးရကို ဘာပေးထားလဲ ဆိုတော့ EPM ဆိုတဲ့ အခွန်နဲ့ ပတ်သက်ပြီး သက်သာခွင့် အမြင့်ဆုံး ပဲ။ တင်ပို့ခွင့်က အကန့်အသတ်လည်း မရှိဘူး” (MITC) ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက ဧရာဝတီသို့ ပြောသည်။

ဥရောပ သမဂ္ဂ (EU)တွင် အဖွဲ့ဝင် ၂၈ နိုင်ငံရှိသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ဗြိတိန်နိုင်ငံက တရားဝင် နှုတ်ထွက် သည့် အတွက် ၂၇ နိုင်ငံသာ ကျန်တော့သည်။ ဆာဗီးယားသည် ယူဂိုဆလားဗီးယား နိုင်ငံ ပြိုကွဲပြီးနောက် ထွက်ပေါ်လာသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး EU အဖွ့ဲဝင်ဖြစ်ကြောင်း EU၏ ဝက်ဘ်ဆိုဒ် (europa.eu)တွင် တရားဝင် ကြေညာထားခြင်း မရှိသေးပေ။

လက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ငှက်ပျောမျိုးမှာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသ ဘက်တွင် စိုက်ပျိုးနေသော ဘရာဇီးတစ်ရူး ငှက်ပျောအမျိုးအစားဖြစ်ပြီး၊ ယခု ဆာဗီးယားမှ ကမ်းလှမ်းသည်ဆိုသော ငှက်ပျောမျိုးမှာ မလေးရှားနှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့နေသည့် Cavendish Green အမျိုးအစားဖြစ်သည်။

အဆိုပါ ငှက်ပျော (Cavendish Green) အမျိုးအစားသည် ဧရာဝတီတိုင်းတွင် အများဆုံး စိုက်ပျိုးသဖြင့် ယခုထက်ပို၍ တိုးချဲ့စိုက်ပျိုးနိုင်လျှင် တင်ပို့နိုင်မည်ဟု ဒေါက်တာ သက်လွင်ဦးက ပြောသည်။

“သူတို့ သတ်မှတ်တဲ့ အရည်အသွေးတော့ မီအောင် လုပ်ရမယ်။ ဒါကြောင့် ကျနော်တို့က အသင်း အဖွဲ့တွေရော၊ အစိုးရပိုင်း ဆိုင်ရာရော တခါတည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးမယ်။ အရည်အသွေးကို မထိန်းနိုင်ရင် တခါတည်းနဲ့ ဈေးကွက်က ပျက်သွားမှာ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ဘက်က ထိန်းပေးရမှာ”ဟု ၎င်းက ဆိုသည်။

ကမ်းလှမ်းလာသော ငှက်ပျိုးမျိုးသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက် ရှိသောမျိုးရင်း ဖြစ်ပြီး အရည်အသွေးလည်း ပြည့်မီ ကြောင်း ယခုကဲ့သို့ ဥရောပက ကမ်းလှမ်းလာခြင်းသည်လည်း ပထမဆုံးအကြိမ် ဖြစ်သည်ဟုဒေါက်တာ သက်လွင်ဦးက ပြောသည်။

ဆားဗီးယားနိုင်ငံသို့ မြန်မာ့ ငှက်ပျောသီးတင်ပို့ ရာတွင် မြန်မာနှင့် အပြိုင် တင်ပို့မည့် ဥရောပမှ နိုင်ငံ တနိုင်ငံနှင့် အာရှမှ နိုင်ငံ တခုရှိသဖြင့် မြန်မာနိုင်ငံအနေနှင့် Coadation ကို အမြန်ဆုံးပေးပို့ စေချင်ကြောင်း ဆန္ဒရှိသည်ဟု ဆားဗီးယား နိုင်ငံ က မေလ ၂၁ ရက်က ပြုလုပ်သော နှစ်ဖက် ငှက်ပျော ဝယ်ယူရေး ဆွေးနွေးသည့် အစည်းဝေး၌ ပြောသည်။

ထို့ကြောင့် ဥရောပ ဈေးကွက်ရရှိရန်အတွက် မြန်မာနိုင်ငံအနေနှင့် အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင် တောင်သူ ပူးပေါင်း၍ အခြားနိုင်ငံများနှင့် အပြိုင် ဈေးကွက် ရရှိရေး ကြိုးစားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ငှက်ပျောအစု အဖွဲ့ အသင်း ဥက္ကဋ္ဌ ဦးမန်းအောင်သောင်းက “ကျနော်တို့က နိုင်ငံတကာနဲ့ တခါမှ မလုပ်ဖူးတော့ သိပ်တော့ မပြောတတ်ဘူး။ ကျနော်တို့ ဒေသမှာ ကိုရီးယားကို တင်ပို့တာတော့ ရှိတယ်။ ပန်းတနော်ဘက်မှာ ဧက ၅၀၀ လောက်ကနေ အခုတော့ လုပ်ရင်းနဲ့ ဧက ၄၀ လောက်ပဲ ကျန်တော့တာ ရှိတယ်။ ဒါကို ဒီက လူကြီးတွေနဲ့ တချက် သွားပြီး လေ့လာမယ်။ အကြောင်း ညီညွတ်လို့ ဆက်လုပ်လို့ ရရင် ကျနော်တို့က လုပ်ပြီးတော့ အခု ဥရောပကို တင်ပို့မယ်ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့မှာ နည်းပညာလည်း လိုတယ်။ ငွေကြေးအရင်းအနှီးလည်း လိုတယ်။ တကယ် တင်ပို့ မယ်ဆိုရင် အစိုးရရဲ့ ကူညီပံ့ပိုးမှု အများကြီးလိုတယ်။ ဈေးကွက် ခိုင်မာရင် ကျနော်တို့က လုပ်ချင်တယ်။ သူတို့ လိုချင်တဲ့ ငှက်ပျောမျိုးကလည်း စိုက်ပျိုးရတာ လွယ်တယ်”ဟု ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရောင်းအဝယ်ပိုင်းကို ချိတ်ဆက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်မည့် အပိုင်းတွင် အသင်းဘက်မှ တောင်သူများနှင့် ပူးပေါင်းပြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်း အစည်းအဝေး တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည့် ဦးမန်းအောင်သောင်း က ပြောသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုယ့်ဆီကထွက်တဲ့ သီးနှံကို သီးနှံ မထွက်တဲ့ နိုင်ငံတွေကို ရောင်းနိုင်ဖို့ ကြိုးစားရမယ်

ကိုရိုနာဗိုင်းရပ်စ် အရိပ်မိုးနေတဲ့ တရုတ်-မြန်မာနယ်စပ် သစ်သီးဝလံဈေးကွက်

တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျော တရားဝင် တင်ပို့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading